.
ဆန္ဒတခု ရည်ရွယ်ရာတခုအကောင်အထည်ဖော်ဖို့
အစပြုဖို့ပဲလိုတာပါတဲ့
အများစုက စတင်အကောင်အထည်ဖော်ဖို့တောင် မစွမ်းဆောင်နိုင်ဘဲ
ဖြစ်ပါ့မလား
ဖြစ်နိုင်ပါ့မလားဆိုတဲ့ မမြင်ရသေးတဲ့ကျရှုံးမှုကို အလွန်အမင်းချဲ့ကားတွေးလို့
ဝေဖန်ပြစ်တင်စကားတင်းဆိုကြမှာကိုစိုးထိတ်လို့
ကြိုးစားမျှမကြည့်တော့ဘဲ
ပေါ်ပေါက်လာကောင်းမှပေါ်လာနိုင်တဲ့အရှုံးကို
ရင်ဆိုင်ဖြေရှင်းကြည့်ဖို့ ကြောက်ရွံ့စွာဘဲ
မစမီမှာဘဲပျက်စီးကြရတယ်
ဒါ့ကြောင့် စဖို့ခက်တယ်လို့ ပြောတာပါ
-------
နာမည်ကျော် မန်ချက်စတာယူနိုက်တက်အသင်းရဲ့
နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် (Sir Alex Ferguson)ကတော့
စဖို့ တနည်း အောင်မြင်ဖို့က သိပ်မခက်လှဘူးလို့ဆိုပါတယ်
ဘာကြောင့်လည်းဆိုတော့ လူတယောက် အဖွဲ့အစည်းတခုက ကံအကြောင်းကြောင့်
အမှတ်တဲ့ အောင်မြင်သွားတတ်ပါတယ်တဲ့
အဆိုတော်တယောက်က သီချင်းလေးတပုဒ်တည်းနဲ့
တိုင်းပြည်တဝှမ်းဟိုးဟိုးကျော်အောင်ပေါက်သွားတာမျိုး
ဘောလုံးအသင်းငယ်လေးတသင်းက ကော်ကောင်ပေါက်လို့
တနှစ်တာကြားပေါက် ချန်ပီယံဖြစ်သွားနိုင်တာမျိုးပေါ့
ဒါပေမယ့် ဒါတွေက ကံအကြောင်းကြောင်းကြောင့်
အမှတ်မဲ့အောင်မြင်သွားတာမျိုးပါ
သူကိုယ်တိုင်က ဘာကြောင့်အောင်မြင်လဲ
ဘယ်လိုအရည်အသွေးကြောင့်အောင်မြင်ရလဲမသိဘူး
သို့မဟုတ် သိနိုင်တဲ့ပညာမရှိဘူးဆိုရင်
ထိုအောင်မြင်မှုမျိုးထပ်မံရရှိအောင်
စွမ်းနိုင်မှာမဟုတ်ဘူး
ကိုယ့်ရဲ့အရည်အချင်းအစစ်အမှန်ကိုသိမြင်လို့
အားနည်းချက်တွေကိုဖြည့်စည်းဖို့ပျက်ကွက်ရင်
သင်ယူဖို့အားမထုတ်ရင်
ကံအားလျှော်စွာဖြစ်ပေါ်လာတဲ့အောင်မြင်မှုအပေါ်
ယစ်မူးသာယာနေရင် ထိုအောင်မြင်မှုက ထိုသူအတွက် မအောင်မြင်ခင်ကအခြေအနေထက်တောင် ဆိုးရွားသွားစရာ ဆုတ်ယုတ်သွားစရာဖြစ်လာနိုင်ပါတယ်တဲ့
ဒါကိုသိမြင်လို့လည်း သူကထိပ်တန်းအဆင့်မှာ နှစ်ရည်လများရပ်တည်နိုင်ခဲ့တာနေမှာလို့လည်း တွေးမိတယ်
--------
ထားပါတော့
စ'ဖြစ်သွားပြီဆိုပါတော့
ရည်ရွယ်ရာကို ရနိုင်မရနိုင်
အမှန်တကယ်လိုလားတာဟုတ်ရဲ့လား
ထက်ထက်သန်သန် ပြင်းပြင်းပြပြရယူလိုတဲ့ စိတ်ဆန္ဒရှိရဲ့လားဆိုတာကို
၃' ဆိုတဲ့ ဆရာကြီးကစမ်းသပ်တယ်
ဟုတ်ပါတယ်အဖတ်မမှားပါဘူး
၃'ချက်မဟုတ်ပါဘူး ၃' ပါ
.
.
.
ကျွန်တော့်အဆိုပြုချက်အတွက် ဥပမာလေးတွေစီပြမယ်ဗျ
မဟုတ်လည်းငြင်းကြတာပေါ့
အနိမ့်ရည်ရွယ်ချက်လေးကစရအောင်
----
မနက်စောစောအိပ်ရာထလို့ လမ်းလျှောက်မယ်ဆိုပါစို့
စဖြစ်ဖို့နည်းနည်းအချိန်ယူရပါတယ်
နာရီသတိပေးသံထားပေမယ့်
ပထမတရက်နှစ်ရက် ပိတ်ပြီးပြန်အိပ်လိုက်တယ်
ဒီလိုနဲ့ နောက်အလန်းတောင်မပေးတော့ပဲ အများစုကအရှုံးပေးသွားကြတယ်
ဒီအဆင့်ကနေကျော်လွန်ပြီး အောင်မြင်လာခဲ့တယ်ဆိုပါစို့
စွဲမြဲစွာလုပ်ဆောင်ဖြစ်ဖို့ နောက်ထပ်စမ်းသပ်မှုတခုကထပ်လာပါတယ်
တရက် နှစ်ရက် တက်ကြွစွာလုပ်ဆောင်ပေမယ့်
သုံးရက်မြောက်မှာတော့ စမ်းသပ်မှုတခုကြုံရပါလိမ့်မယ်
ရှေ့ရက်တွေထနေကြဆိုတော့
ဒီနေ့မှာလည်းပုံမှန်ထနေကျအတိုင်းစောစောနိုးလာတယ်
ဒီအခါမှာ ဒီနေ့တော့ထမနေတော့ပါဘူး တရက်တလေပါပဲ
နောက်နေ့မှပဲ ပုံမှန်အတိုင်းထလျှောက်တော့မယ်လို့
ကိုယ့်ဝီရိယကိုကို သံပါတ်လျှော့လိုက်ရာက
နောက်နေ့မှာလည်း မထဖြစ်တော့ပဲ ကွေးရင်းကွေးရင်း
စောစောထလို့လမ်းလျှောက်မယ့်အစီအစဥ်ပျက်စီသွားပါတော့တယ်
နှစ်ချီကြာသွားတဲ့အထိပေါ့
.
.
.
ဒီထက်တဆင့်မြင့်လို့ ကျောင်းသားတွေဆိုပါစို့
စာသင်နှစ် နှစ်စမှာ ဒီနှစ် ၅ဘာသာဂုဏ်ထူးပါရမယ် အခိုင်အမာစိတ်ပိုင်းဖြတ်လို့ပေါ့
ပထမ တလနှစ်လ တရက်စာတရက်အပြတ်ဖြတ်လို့
သေသေချာချာကိုလေ့လာတယ်
ကျက်မှတ်တယ်
မှတ်စုထုတ်လို့ကို မှတ်သားတယ်
ဒီလိုနဲ့သုံးလမြောက်မှာ နည်းနည်းသံပါတ်လျှော့လာတယ်
အင်း..ဒီစာမနက်မှလုပ်တော့မယ်
နောက်နေ့မှလုပ်တော့မယ်
တညတလေ တရက်တလေနောက်ကျရုံနဲ့ ဘာမှမဖြစ်တန်ရာ
အနားပေးဖို့လိုတယ်လေလို့
ကိုယ့်ရဲ့ပျင်းရိမှုကို ဝီရိယလျှော့လာမှုကိုကာကွယ်ရင်း
ဒီလိုနဲ့တရက်ကတရက်စုလို့ တဖြည်းဖြည်း
တပတ်စာ တလစာ စာကြွေးတင်ရင်း
နောက်ဆုံးအောင်ရင်ကိုမဆိုးပါဘူးလို့
ကိုယ့်ကိုယ်ကိုသံပါတ်လုံးလုံးလျှော့လိုက်ရတဲ့အထိ
.
.
လုပ်ငန်းခွင်စဝင်သူတို့လည်း ထိုနည်း၄င်းပေါ့
ပထမ တလနှစ်လ တက်တက်ကြွကြွ
နောက်တော့ လုပ်ငန်းခွင်မှာမပျော်မွေ့တော့
အလုပ်ရှင်ကဘယ်လို
လုပ်ဖော်ကိုင်ဖက်တွေကဘယ်ညာ စသည်ဖြင့်
ကိုယ့်ရဲ့ဝီရိယလျှော့ပါးလာမှုကို အကာအကွယ်ပေးမယ့်အကြောင်းပြချက်များစွာထုတ်ပြရင်းပေါ့
.
.
.
ထိုထက်တဆင့်
ကိုယ်ပိုင်လုပ်ငန်းတခုစတင်လုပ်ကိုင်မယ်ဆိုပါစို့
ပထမ တနှစ် နှစ်နှစ်ကို
တက်တက်ကြွကြွ ကျော်လွန်လာနိုင်ပြီဆိုပါစို့
အသေအချာပလန်ချလို့ အားပေးတဲ့ဖောက်သည်တွေအပေါ်ရွှင်ရွှင်ပျပျ
မိတ်ဖက်တွေအပေါ်လေးလေးစားစားဆက်ဆံရင်း လုပ်ငန်းအလားအလာကကောင်း
သို့နှင့်သုံးနှစ်မြောက်မှာ အဆင်ပြေသည့်ကောင်းမွန်တဲ့အလားအလာအပေါ်သာယာလို့
လုပ်ငန်းအတွက် ဆန်းသစ်တဲ့နည်းပညာတွေစည်းပူးဖို့
ကိုယ့်ရဲ့အတတ်ပညာကိုခေတ်နဲ့အညီအမှီလိုက်လို အဆင့်မြှင့်ဖို့ ဝီရိယလျှော့လာ
အောင်မြင်မှုအပေါ်သာယာလို့ ဖောက်သည်တွေအပေါ်လည်း
ဘယ်လိုဘယ်ညာဂဂျီဂဂြောင်ကျတယ်
ကွန်ပလိန်းတက်လွန်းတယ်လို့မြင်လာရင်း
အရင်လိုမရွှင်ပြနိုင်တော့ပဲ ငြိုငြင်လာတယ် အပြစ်တင်ချင်လာတယ်
ထိုမှတဆင့် မျက်နှာကို အောက်သိုးသိုးရှူတည်တည်ထားလာတယ်
ဒီတယောက်မလာလည်း သူနဲ့မဆက်ဆံရလည်းဘာမှမဖြစ်ဘူး အခြားလူတွေရှိတာပဲ
စသည်ဖြင့်ကိုယ့်ကိုယ်ကိုဖြေသိမ့်ရင်း ကိုယ့်လုပ်ရပ်မှန်ကန်ကြောင်း
အခိုင်အမာဆင်ခြေအဖြစ် ဆွဲကိုင်ရင်းပေါ့
ထိုမှထိုမှ
တယောက်နှစ်ယောက်သုံးယောက်မှစလို့
ဆယ်ယောက်အယောက်နှစ်ဆယ်ဖြစ်လာချိန်မှာတော့
လုပ်ငန်းလည်ပတ်မှုသိသိသာသာကျဆင်းလာတာကို တွေ့ရှိပါလိမ့်မယ်
ထိုအချင်းအရာကို သိမြင်ချိန်မှာ
မှန်မှန်ကန်ကန်သုံးသပ်နိုင်ဖို့လိုပါတယ်
.
.
.
အများစုက ကိုယ့်ရဲ့ လုပ်ငန်းအပေါ်အာရုံစူးစိုက်မှု့လျှော့ပါးတာ
အတတ်ပညာကို ခေတ်နဲ့အညီမမြှင့်တင်တာ
အဆင်ပြေတဲ့အခိုက်အတန့်ကိုသာယာလို့
ဖောက်သည်တွေအပေါ် လုပ်ဖော်ကိုင်ဖက် တနည်းဝန်ထမ်းတွေအပေါ်
လေးစားမှုကင်းမဲ့လာရာကစလို့
လျှော့ကျလာရတယ်ဆိုတဲ့ ကိုယ့်ရဲ့ချို့ယွင်းလာမှုကို မသိမြင်မိဘဲ
ပြင်ပ ပရောဂကြောင့်လို့မှတ်ယူရင်း အနာတခြားဆေးတလွဲကုစားမိကြတယ်
ပါတနာတွေကဘယ်လိုကျော်လို့ခွလို့
ဘယ်ဝါက တမင်နာမည်ပျက်အောင်သိက္ခာချလို့
ဘယ်သူတွေက ခြေကလန့်ထိုးလို့ စသည်ဖြင့်ပေါ့
.
.
အချို့လည်း ဒီလိုအလုပ်အကိုင်အဆင်မပြေလို့ဖိစီးမှုခံလာရချိန်မှာ
ပြင်ပအကူအညီရှာလာတယ် ကိုယ့်ရဲ့ယူဆချက်ခိုင်မာကြောင်း သက်သေထူကြတယ်
ဗေဒင် အကြားအမြင်ဆရာကိုအားကိုးလို့ပေါ့
ထိုဆရာတိုင်းမမှန်ဘူး မဆိုလိုပါဘူး
ဒါပေမယ့် သူတို့က သူတို့ကသူတို့ပညာအပေါ်မှာ
အမှန်တကယ်ရိုးသားမှုရှိရဲ့လားတော့ သံသယရှိတယ်
ဘာကြောင့်လည်းဆိုတော့ ဒီလိုလုပ်ငန်းကိုင်ငန်းအဆင်မပြေလို့
သွားမေးကြကြသူတွေဆီကကြားရသလောက်
ဘယ်သူကတိုက်လို့
ဘယ်ဝါကခိုက်လို့
ဘယ်ပုဂ္ဂိုလ်က အကျိုးယုတ်အောင်လုပ်ဆောင်နေလို့
စသည်ဖြင့်ထွက်ချက်တွေသာကြားဖူးလို့ပါ
မင်းကညံ့တာကို
အရည်အချင်းမှမပြည့်စုံတာ
လုံလောက်တဲ့ပညာမှမရှိဘဲ ဘယ်အောင်မြင်ပါ့မလဲဟောသူမျိုး
ဟောတာမျိုးရှိရဲ့လား ကြားဖူးရဲ့လား ဒါကြောင့်ပါ
(တကယ်သာအဲ့သလိုဟောရင်လည်း ငတ်ဖွယ်ရာ
လူဆိုတာက ကိုယ့်ကိုအပြစ်ဆိုရင် ကျေနပ်နိုင်ခဲတာကိုး
ဒါကြောင့်ဘဲ အကြောင်းလှအောင် သွယ်ဝိုက်လို့ အကျိုးဖြစ်ထွန်းဖွယ်ရာတွေကို
ယတြာသဘောလုပ်ခိုင်းကြဟန်တူရဲ့လို့လည်း ဖြည့်တွေးပေးမိရဲ့
ဥပမာ - သောကြာသားကို ပေးကမ်းပါ
တောင်အရပ်ကလာသူကို ကြည်သာရွှင်ပြစွာဆက်ဆံပါ ဆိုတာမျိုးပေါ့)
ထားပါတော့
.
.
.
ဒီလိုနဲ့ဆေးမှားလာရာက ဝန်ထမ်းတွေလည်းနှုတ်ထွက်
ပါတနာတွေလည်းမိတ်ပျက်နဲ့ တစတစယို့ယွင်းလာရာက
နောက်ဆုံးတကိုယ်စာလုပ်ကိုင်လို့ စိတ်ညစ်မခံနိုင်ဘူး
လူတွေကတယောက်အဆင်ပြေနေရင်ဘယ်လို ခြေကလန့်ထိုးတာ
မနာလိုတတ်တာ
ဝန်ထမ်းတွေက ဘယ်လိုထိမ်းရခက်တာ စသည်ဖြင့်
.
.
.
ထိုသည်အထိ ကိုယ့်ချို့ယွင်းမှုကိုမမြင်နိုင်ဘဲ ပြဿနာတွေကိုသာလိုက်ခံစားရင်း
ဖြေရှင်းနိုင်မယ့်နည်းလမ်းကို မှန်ကန်စွာမသိမြင်နိုင်ရာက
လုပ်ငန်းပြန်ချဲ့ထွင်ရမှာကို ကြောက်လာတယ်
လူတွေကိုကြောက်လာတယ်
လူတွေနဲ့ဆက်ဆံရမှာကိုလန့်လာတယ်
ထိုမှ ကိုယ့်ဖာသာယောက်တည်းပဲ အေးအေးဆေးဆေးလုပ်တော့မယ်ကွာဆိုပြီး
ပြဿနာရဲ့ဇစ်မြစ်ကိုအဖြေရှာဖို့ သိမြင်ဖို့မကြိုးစားတော့ဘဲ
လုပ်ငန်းတူတွေရဲ့နောက်ကို တဖြည်းဖြည်းကိုယ့်ကိုယ်ကိုဆွဲခေါ်သွားပါတော့တယ်
.
.
.
ထို ၃ ကို မှန်ကန်စွာသိမြင်လို့ကျော်လွန်လွန်လာနိုင်ရင်တော့
သင့်ရည်ရွယ်ချက်
သင့်အလုပ်အကိုင်
သင့်ရဲ့လုပ်ငန်းဟာ အခိုင်အမာရပ်တည်နိုင်စွမ်းရှိလာမှာမုချမို့
ရည်ရွယ်ရာကို ဆွတ်ခူးလိုလျှင် ၃'ကို ဂရုစိုက်ပါလို့ ဆိုပါရစေ...
.
.
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
.
.
သန်းထွန်းလေး ☆ အင်းတဲရွာ
No comments:
Post a Comment