ကိုယ်ပိုင်ခံစားမှု သုတရသဆိုင်ရာ ကဗျာဆောင်းပါးများနှင့် စာပေဆိုင်ရာများ သမိုင်း အတ္ထုပ္ပတ္တိများ တင်ဆက်ပေးသွားမှာပါ
Monday, December 10, 2018
သုခ သုမောင် စာပေတိုက်ပွဲ
-----------------------------
ကွျွန်တော်သည် ဒါရိုက်တာ အကယ်ဒမီ `သာဓု´၏သား ဖြစ်သော်လည်း ဒါရိုက်တာ အကယ်ဒမီ `သုခ´နှင့် ရုပ်ရှင်အလွန် ရိုက်ချင်ခဲ့ပါသည်။ သို့သော် ကျွန်တော် ကိုယ်တိုင် `အကယ်ဒမီ´ ရပြီးသည့်တိုင် ဆရာက ခေါ်မရိုက်ခဲ့ပေ။ ထို့အတွက် ဆရာ့အား မကျေမနပ် ဖြစ်နေခဲ့ပါသည်။ သို့သော် တစ်နေ့တွင် ဆရာက ကျွန်တော့်ထံ ကိုယ်တိုင်ကိုယ်ကျ ဖုန်းဆက်ပါသည်။
`ဆရာသုမောင်ရေ ကျွန်တော်ဦးစီးတဲ့ `အမေ´နေ့အတွက် ကျွန်တော် ရေးတဲ့ `အမေ´ သီချင်းကို တီဗွီရိုက်ရင်း သီဆိုဖို့ ဆရာ့ဆီ အကူအညီတောင်းတာပါ´ဟူ၍ ဖြစ်ပါသည်။ ကျွန်တော့်မှာ ဘဘအပေါ် စိတ်ကောက် နေသည်များ ပြေပျောက်ရုံမက ကျေးဇူးတင် ဝမ်းမြောက်လျက်ဘဘ၏ ခဲတစ်လုံးနှင့် ငှက်သုံးကောင် ပစ်နိုင်သော `တင်္ခဏုပ္ပတ္တိ`ဉာဏ်ကို ရှိခိုး ပူဇော်မိပါတော့သည်။
`တီဗွီရိုက် သီချင်းဆို´ဆိုသဖြင့် ကျွန်တော့်အား `အဆိုကျော် ရုပ်ရှင်မင်းသား´ အဖြစ် ဘဘ သတ်မှတ်တာ သေချာပါပြီ။ ကိုင်း... `ဆရာ သုမောင်´ဟု အာလုပ်သုံးလိုက်ပုံက စာရေးဆရာအဖြစ် အသိအမှတ် ပြုကြောင်း ပေါ်လွင် နေပြီကောလေ။ (ဦးတင်လျက်)
ကျွန်တော်မှာ ၁၉၇၃(အောက်တိုဘာ)တွင် `ငယ်အိပ်မက်´ဝတၳုတို ရှုမဝမဂ္ဂဇင်း စင်တော် ကောက်အဖြစ် စတင်၍ စာရေးဆရာဘဝ ရောက်ရပါသည်။ ၁၉၇၅ တွင် မင်းသားဖြစ်ပြီး ၁၉၇၆ ကျမှ အဆိုကျော် ဖြစ်ပါသည်။ စောစောက ပြောခဲ့သလို ရွှေတြိဂံ နယ်မြေမှာ တစ်ပြိုက်နက် ထင်ပေါ်လာခဲ့သော်လည်း ကျွန်တော့်အရင် နှစ်ပေါင်းများစွာ ကျော်၍ ထိုရွှေတြိဂံ အနုပညာနယ်ပယ်မှာ အောင်မြင်ကျော်ကြားခဲ့သော `ဆရာ သုခ´ နှင့်ကား မဆုံစည်းခဲ့ရပါ။ ဆရာ့ကို လူသိများတာက အကယ်ဒမီ ၇ ဆုရှင် ရုပ်ရှင် ဒါရိုက်တာကြီး ဖြစ်သော်လည်း ဆရာသည် ရုပ်ရှင်သရုပ်ဆောင်လည်း အောင်မြင်ခဲ့ပါသည်။ မင်းသားတော့ မဟုတ်ပေ။ `ဂုဏ်ရည်မတူ´ဇာတ်ကားကြီးတွင် `ပေါက်စီ´ `မယ်သုန်´ဟု ဆရာက ပေါက်စီ၊ ဒေါ်မေသစ်က မယ်သုန်အဖြစ် သူတောင်းစား မောင်နှမအဖြစ် ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့ရာ ပရိသတ်ပါးစပ်ဖျား ပေါက်စီ မယ်သုန် ခေတ်စားသွားခဲ့ပါသည်။ အခြားဇာတ်ကားကြီးများတွင်လည်း ဆရာသည် အဓိကဇာတ်ပို့အဖြစ် ရိုက်ကူး အောင်မြင်ခဲ့ပါသေးသည်။ သို့သော် ဒါရိုက်တာ ဖြစ်လာသောအခါ ဆရာ့သရုပ်ဆောင်ဘဝ တိမ်မြုပ်သွားခဲ့ရ ပါတော့သည်။ ဒါသည် သစ်ပင်ကြီးကြောင့် လောင်းရိပ်မိ အပင်ငယ်တို့၏ ညှိုးရော်ရသော သဘာဝပင်။
ထို့ထက်ကား ဆရာသည်လည်း (သာဓု၊ မောင်သင်၊ မြတ်လေး၊ ဝင်းဦး စသည်)တို့ ကဲ့သို့ ရုပ်ရှင်၏ အရှိန်အဝါ ကြီးမား အောင်မြင်မှုကြောင့် စာပေဘဝ အရောင်မှိန်သွားရသည်မှာကား ဝမ်းနည်းဖွယ်ကောင်းလှပေသည်။ တကယ်တော့ ဆရာသည်လည်း အချစ် အိမ်ထောင်ရေး စူပါစာရေးဆရာကြီး တစ်ဆူ အရင်ဆုံးဖြစ်ခဲ့ပါသည်။ နောင်မှ ရုပ်ရှင်၊ ပြဇာတ်၊ ဂီတနယ် ဝင်ပါသည်။ ဂီတတွင်လည်း ဆရာသည် တေး သီချင်းအသစ်များစွာ ရေးစပ်သီဆိုခဲ့ပါ သည်။ ဥပမာ ယနေ့တိုင် ပြန်ဆိုမဆုံး ဖြစ်နေသော ဘဝသံသရာ။
စောစောက ပြောသလို ရုပ်ရှင် (ဒါရိုက်တာ) အဖြစ် သူမတူအောင် ကွယ်လွန်ခါနီးထိ အတုမရှိ ဒါရိုက်တာ ဖြစ်ခဲ့လေရာ ဆရာ၏ သရုပ်ဆောင်၊ ဂီတစာဆို၊ တေးသံရှင်၊ စာရေးဆရာ ဘဝများ အရောင်မှိန်ခဲ့ရပါသည်။ `အရောင်မှိန်ခဲ့ရ´ဟု လူပြိန်းစကား သုံးရပါသည်။ တကယ်တော့ စာပေသည် စာရွက်ပေါ် မင်စာဖြင့် ပုံနှိပ်ရသော်လည်း ကျောက်ထက် အက္ခရာတင် သကဲ့သို့ နှစ်ပေါင်းများစွာ တင်ကျန်ရစ်သော ဂနၴဝင် အနုပညာအမျိုးအစား ဖြစ်ပါသည်။ သို့သော် ခေတ်စကားဖြင့် `စီလီဘရီတီ´တို့ `ပေါ်ပြူလာ´တို့ကဲ့သို့ လူသူပရိသတ် အသိများခြင်း၌ ပါးလျားရသည်ကိုသာ ကျွန်တော်က ယေဘုယျ ဆိုရပါသည်။ ဘာပဲဖြစ်ဖြစ် ဆရာသည် အသက် ရလာသောအခါ `ဂီတ´နှင့် `စာပေ´မူလဘူတဘဝကို တတ်အားသမျှ ပြန် ဖော်ပါသည်။ ဓမ္မစာပေတွေ ရေးပါသည်။ အထူးသဖြင့် စာဆိုတော်ရာသီရောက်တိုင်း စာပေ ဟောပြောပွဲများ လိုက်ပါပါသည်။ ထူးခြားသည်က ဆရာ စာပေဟောလျှင် ဆိုင်းဝိုင်း ငှားခိုင်းတတ်ပါသည်။
ဆရာက (ဘဝ သံသရာ၊ တေဘုမ္မာ) စသော တေးသီချင်းများ၏ စာပေ အနှစ်သာရကို ဂီတဖြင့် သီဆိုတီးမှုတ်ပြရင်း ပရိသတ်ကို `သကြားအုပ် ဆေးခါး´ကျွေးသလို ခေါ်ယူစည်းရုံးခြင်း ဖြစ်ပါသည်။ စာပေဟောပြောပွဲပရိသတ် ဆိုသည်မှာ အနုပညာပရိသတ် တကာတို့တွင် အမြင့်ဆုံးဟုဆိုရသော်လည်း ကြိုးကြားဆိုသလို စာရေး ဆရာတွေ ရယ်စရာ `ဟာသ´ပြောပြ၊ `သီချင်းဆိုပြ´ စသည်ကို စိတ်ဝင်စားကြသူများ ပါဝင််တတ်ပါသည်။ (ခုနှယ်ခါ ထိုအစွဲ ပိုကဲနေ ပါသည်။) ဆရာကတော့ သူအကယ်ဒမီ ၇ ဆုရအောင် ပရိသတ်ကို စည်းရုံးနိုင်သော ဉာဏ်စွမ်းရှိသူပီပီ ထိုကဲ့သို့ စာပေပွဲမှာ ဆိုင်းဝိုင်း တွဲခြင်းဖြစ်ပါသည်။
ရိုးရိုးကြီးဝန်ခံရလျှင် ဆရာ၏ ထိုအပြုအမူကို ကျွန်တော် မနှစ်သက်ခဲ့ရိုးပါ။ (ဟိုစဉ်က ဖြစ်ပါသည်။) ထိုနည်းတူ စာရေးဆရာတွေ သံသေးသံကြောင်ဖြင့် (အချို့လည်းကောင်း ရှာပါသည်။) စာပေပွဲမှာ သီချင်းတွေ အသားလွတ်ဆိုတာ စာပေဂုဏ်ပျက်သည်ဟု ကျွန်တော်က လူငယ်ပီပီ အတွေးဆတ်ပါသည်။ ထို့ကြောင့် ထိုစဉ် (၁၉၇၀/ ၈၀) ဝန်းကျင်က စာပေပွဲများသို့ ကျွန်တော်လိုက်ပါ ဟောပြောရာ၌ ဘယ်အခါမျှ သီချင်း ဆိုမပြခဲ့ပါ။ မဆိုရုံမက (ငယ်ဂုဏ်မောက်ပြီး) သီချင်းဆိုသော စာရေး ဆရာများကို ကျွန်တော် ဒိုင်ခံကန့်ကွက်ခဲ့ပါသည်။ စင်မြင့်ပေါ်မှာပင် ပြောင်ပြောင်တင်းတင်း ဘုကန့်လန့်တိုက်ခြင်း ဖြစ်ပါသည်။ ကျွန်တော့်မှာက ပြောအားရှိသည်။ ဟုတ်ပါ့။ ကျွန်တော်က နိုင်ငံကျော် အဆိုတော်တစ်ပိုင်း ဟုတ်လား။ သည် တော့ အနိုင်နှင့်ပိုင်းသော `စာရေး ဆရာ သုမောင်´ အား အခြား စာရေးဆရာများက မချေပနိုင်ရှာ။ ဒါကို အခွင့်ကောင်းယူပြီး လိုသည်ထက် ပို၍ ဆော်ပလော် တီးတတ်သော ကျွန်တော့်မှာ `ဆရာ သုခ´နှင့် စာပေပွဲများမှာ ကြုံလျှင် ငြိမ်ကုပ်နေရပါသည်။ ဆရာသည် ပြောကြကြေးဆိုလျှင် ကျွန်တော်၏ အနုပညာအဘိုး မဟုတ်လား။ ကျွန်တော့်ဖခင် `သာဓု´ထက် သူက စောသည်လေ။
သည်လိုနှင့် မှတ်မှတ်ရရ (၁၉၈၂) တွင် တောင်ဥက္ကလာ (၁၃) ရပ်ကွက်၌ သုခ၊ သုမောင်၊ မြတ်ထန်တို့ သုံးဦးသား ဂိုဏ်းစာပေဟောပြောပွဲ ကျင်းပပါသည်။ ဆရာမြတ်ထန်မှာ အသက်ကြီးသော်လည်း စာဝါနုသဖြင့် ရှေ့ဆုံးမှ တက်ဟောရပါသည်။ ပြီးတော့ ဝါအရင့်ဆုံး ဆရာသုခက ဒုတိယ။ အကြောင်းကား အဆိုကျော် မင်းသား စာရေးဆရာဟု နာမည်ကြီးနေသော စီလီဘရီတီ သုမောင်ကို ဆန်ခံရန် `မျောက်´ပြဖို့ နောက်ဆုံးမှာထားသတဲ့။
သည်လိုနှင့် ဟောကြပြောကြလေရာ ဆရာသုခ အလှည့်တွင် ထုံးစံအတိုင်း `တေဘုမ္မာ´နှင့် `ဘဝသံသရာ´သီချင်း များ၏ စာသားကာရန်၊ အဓိပ္ပာယ်၊ ဓမ္မ ဒဿန စသဖြင့် လေးနက်စွာ ဟောရင်း ပေါ့ပေါ့ပါးပါးလည်း သီချင်း ဆိုပြပါသည်။ အသက်ကြီးပြီမို့ အသံမရတော့သော်လည်း အဆိုကောင်းတော့ ပရိသတ်က သဘော တွေ့ပါသည်။ နော့် သော် သူတို့ မျှော်နေကြတာက °နုနုငယ်ငယ် ဂုဏ်တက်နေသည့်´ သုမောင်၏ အဆို။
ဤတွင် ဆရာသည် တေးသီချင်းများသည် စာပေ ဝတၳုများထက် ပရိသတ်ကို ပို၍ ဖမ်းစားနိုင်ကြောင်း၊ သြဇာ ကြီးမားကြောင်း စကားစပ်မိပါတော့သည်။ သဘောမှာ တေးသီချင်းများ `ပေါက်´ပြီဆိုလျှင် ပရိသတ်က လိုက်ဆိုရုံမက ထိုတေးပါ အကြောင်းအရာကိုလည်း တုပမှီငြမ်းကြတော့ကြောင်း ဖြစ်သည်။ အလွန်ကောင်းသော ရည်ရွယ်ချက် ဖြစ်ပါသည်။ သို့သော် ဥပမာ ပေးရာ၌ ဆရာသည် ကျွန်တော့်ဘက် လက်ညှိုးထိုးပြီး (ထိုစဉ် က စာရေးဆရာများမှာ စင်မြင့်ပေါ်မှာ ငုတ်တုတ်ထိုင်ကြရသည်။) `ဟော... ဆရာ သုမောင် ရှေ့တွင်ပဲ သူ့အဖေ ကိုသာဓုရေးတဲ့ သီချင်း တစ်ပုဒ် ဥပမာ ပေးရဦးမယ်ဗျ။ ဘာ တဲ့... `တင့်တင့်တို့အရွယ်´ ဆိုတဲ့ သီချင်း `ဒီအရွယ် တင့်တင့်တို့အရွယ် ကျွန်မ ကျွန်မတို့အရွယ် တစ်ဆယ်ကျော် ငါးနှစ်ပတ်လည် ရူးနှမ်းနှမ်းအရွယ်… အိပ်ချင်ရာအိပ် သွားချင်ရာသွား… အားအားရှိတော့ အလှပြင်တယ်´တဲ့။ `အကယ်၍သာ´ဆိုတဲ့ သူရိုက်တဲ့ ဇာတ်ကားမှာ မြတ်မွန်ဆိုတာပေါ့။ ဟာ... တစ်နိုင်ငံလုံး ဟိုးဟိုးကျော်သွားတဲ့ သီချင်းဗျ။ လူကြီးလူငယ် ကျား၊မ မရွေး အားအားရှိ လိုက်ဆိုရတဲ့ ခေတ်စားတဲ့သီချင်း ဆိုပါတော့ ဗျာ... အဲ အဲ ပြဿနာက စောစောက ကျွန်တော်ဆိုသလို ဆိုကြည့်စမ်းဗျာ။
အပျိုမတမ်းကလေးတစ်ယောက် အိပ်ချင်ရာအိပ်၊ သွားချင်ရာသွားဆိုတော့ စဉ်းစားသာ ကြည့်ကြပါတော့(ပရိသတ် လက်ခုပ်သံများ) (သုမောင် အခံရခက် မျက်နှာအောက်ဝှက်) သီချင်းပေါက်တော့ လူငယ်တွေ လိုက်ဆို၊ ပြီးတော့ လုံမငယ်တွေ လိုက်တု၊ မခက်လားဗျာ။ ဒါကြောင့် ဂီတဟာ ပရိသတ်ကိုစည်းရုံးရာမှာ လက်နက်ကောင်း။ သတိထားသင့်တယ်´ စသဖြင့် ရိုးရိုးသားသား ဝေဖန်အကြံပြု ပြောကြားသွားရှာပါတယ်။ နော့ပေတည့် ခလုတ်က ထိတာ `အမိ´မဟုတ် `အဖ´ ဖြစ်နေလေရာ ကျွန်တော့်မှာ မခံချိမခံသာပေါ့။ ပြီးတော့ ကျွန်တော့် ရှေ့ထားပြီး ကျွန်တော့်အဖေ ဝေဖန်တာဆိုတော့ ကျွန်တော့်မှာတာဝန် ရှိလာပါပြီ။ ဒါ့ပြင် နောက်ဆုံးမှပြောရမှာမို့ တစ်ပန်းသာသည်။ ပိတ်တွယ်ရုံပေါ့။ ကျွန်တော် တေးမှတ်ထားလိုက်တော့သည်။
ရောက်ပါပြီ ကျွန်တော့် အလှည့်။ ပရိသတ်ဆိုတာ လက်ခုပ်သြဘာ မိုးလုံး ညံပေါ့။ နုနုနယ်နယ် အရွယ်ကောင်း နာမည်ကြီးဆိုတာက တစ်ပိုင်း၊ စောစောက ဆရာသုခ ကျွန်တော့် အဖေကို တွယ်ထားတာ ဘာပြန်ပြောမလဲ၊ ဘာသီချင်းတွေဆိုမလဲ... ပေါ့လေ။ ကျွန်တော်ကလည်း ဒေဝဒတ်ထုံး နှလုံးမူပြီး စကားလုံး `ကျောက်မောင်း´ဆင်ပြီးသားဖြစ်၏။
`လေးစားရပါသော စာပေဝါသနာရှင်များခင်ဗျား...´ အစချီပြီး ဘာမျှ နိဒါန်းမပျိုးဘဲ (ဆရာသုခရဲ့သြဝါဒတွေ ကောင်းကြောင်း ချီးမွမ်းရသည်။ ဒါမှ မြှောက်ပြီးရိုက်တဲ့ ဘော်လီဘောလို ကျွန်တော့်ရိုက်ချက် ပိုပြင်းမှာကိုး။)
`ဆရာကြီး ဘဘဦးသုခက ကျွန်တော့် ဖခင်ရေးတဲ့ တင့်တင့်တို့အရွယ် သီချင်း ဆိုပြတာလည်း ကောင်းပါ့၊ ရှင်းပြတာလည်း သူ့အဆိုအတိုင်း (စာသားအတိုင်းကော) ဟုတ်ပါလိမ့်မယ်။ နော့ပေတဲ့ ဆရာများ အသက်ကြီးလို့ မကြားတကြား အမှတ်သညာတွေ မှားသလား မသိဘူး။ တကယ်က ကျွန်တော့်ဖခင် သာဓုရေးတဲ့ အဲဒီ သီချင်းထဲက စာသားက `အိပ်ချင်ရာ အိပ်... သွားချင်ရာသွား...´ မဟုတ်ရပါ ခင်ဗျာ။ `အိပ်ချင်ရင် အိပ်... ထချင်မှထ´ပါ။ အပျိုဖြန်း မတမ်းမလေး ဆိုတာက အိပ်ချင်တဲ့ အချိန် အိပ်လိုက်မှာပဲ၊ ထချင်တဲ့ အချိန်မှ ထလာမှာပဲဆိုတဲ့ ကလေးစိတ်မကုန်သေးတာကို ဆိုတာပါ။ ဆရာ ဘဘဆိုပြတာနဲ့ အဓိပ္ပာယ်ကွာပါတယ်။ (လက်ခုပ်သံများ) စသဖြင့် ငယ်ဂုဏ်မောက်တဲ့ ဒေဝဒတ် ဝင်စားသူ သုမောင် ပြန်တွယ်ပါလေရော။ ပရိသတ်ကလည်း တသောသော။ ဒါနဲ့ မကျေသေးဘူး။ လူ့သဘာဝ နိုင်ရင် ဖိတွယ်တတ်သည့် အတိုင်း။
`အသက်ကြီးလို့ အသံတွေ တုန်နေတဲ့ ဘိုးဘိုးကြီး ဆရာသုခ သီချင်းတွေ ဆိုပြတာ ပညာရပေမယ့် မြန်မာပြည်မှာ အသံဘုရင် အခေါ်ခံရတဲ့ သုမောင် စာပေပွဲမှာယောင်လို့မှ သီချင်း မညည်းဘူးဆိုတာ ကတိပေးသဗျ´ ဆိုပြီး အလင်္ကာရသ နှောလို့ ဆရာ့ကို သာသာလေး ကောမိပါတယ်။ ဆရာ့ လှည့်ကြည့်တော့ ကွမ်းကလေးဝါးပြီး ခေါင်းတညိတ်ညိတ်နဲ့ပါ။ ဆရာ မြတ်ထန်ကတော့ အားနာတာလား၊ သူရို့လူကြီးချင်း `မှတ်ပလား´ ဆိုတဲ့ သဘောနဲ့လား၊ ကျီစယ်ပြုံးလို့။
ဒီတွင် အကောင်းအဆိုး တစ်ခုခု ဖြစ်လာရင် သာရာဘက်က ဖိထောင်းတတ်တဲ့သဘာဝ၊ အနုပညာတစ်ခုခု အောင်မြင်လာရင် နောက်ဆက်တွဲတွေ ထပ်လုပ်တတ်တဲ့ သဘာဝက သုမောင် ဆိုတဲ့ မနူးမနပ် စီလီဘရီတီလေးကို မြှောက်ထိုးပင့်ကော် လုပ်ချပါလေရော။
`ပရိသတ်များခင်ဗျာ တကယ်တော့ စောစောက ဓမ္မသီချင်းတွေနဲ့ တရားပြသွားတဲ့ ဘဘဦးသုခရဲ့ အကျော်ကြားဆုံး သီချင်းတစ်ပုဒ်ကို ကျွန်တော့်ရဲ့ ကိုင်စွဲထားတဲ့ စာပေမူဝါဒကို ဖောက်ဖျက်ပြီး နည်းနည်း သီဆိုပြပါမယ်။ (လက်ခုပ်သြဘာသံများ) ဘာတဲ့... `စိတ်ညစ်လို့ အရက်ကိုသောက်တယ်… အရက်သောက်တော့ စိတ်သိပ်ညစ်တယ်… လူမှာသာ ငွေမရှိရင် လင်ယူမိတာ နာတယ်ထင်တယ်… ငွေကိုသာ ရေလိုသုံးရင် တစ်ပြည်လုံးမှာ လုပ်သမျှတင့်တယ်… လမ်း လယ်မှာဆဲဆဲ လူကိုတွဲလို့ အိမ်ထဲခေါ်မယ်…ပါတဲ့ ခင်ဗျာ´
စသဖြင့် ပီသကြည်မြတဲ့ သုမောင်ရဲ့ဂီတနဲ့ ဖျော်ဖြေရင်း ဆရာ့ကို ခပ်ပြင်းပြင်း နင်းပြောမိပါရော။
ဟောပြောပွဲပြီးတော့ တစ််လမ်းစီမို့ ဆရာက သီးသန့်ပြန်ပါတယ်။ ဆရာ မြတ်ထန်နဲ့ ကျွန်တော်က ကားတစ်စီးပါ။ အဲဒီမှာ မထိတ်သာ မလန့်သာ စကားတစ်ခွန်း ဆရာမြတ်ထန်က ပြောပါတယ်။ `ကိုသု... နည်းနည်းများ ဒေါသသံ ပါသလားလို့´တဲ့။ ဆရာဟာ စစ်ဗိုလ်လူထွက် စာရေး ဆရာပေမယ့် စကားပြော အလွန်နူးညံ့ပါတယ်။ (စကားမစပ် ကျွန်တော် ခဲလုံးကန်တာ နာမည်ကြီးသွားတဲ့ နှောင်းတမြေ့မြေ့ဟာ ဆရာမြတ်ထန်ရဲ့ နိုင်ငံကျော် ဝတၳုပါ။)
ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ စာပေ ဘိုးအေကြီး လူလယ်ခေါင် တီးလိုက်ရလို့ စာပေပွဲမှာ သီချင်းမဆိုသော်လည်း အပြန် လမ်းမှာတော့ စိတ်ညစ်လို့ အရက်ကိုသောက်တယ် ဆရာသုခ သီချင်းလေး ညည်းနေမိပါသည်။ (အရက်ကလည်း တကယ်သောက်ထား မင့်ဟာကိုး။)
မြတ်စွာဘုရားဟော ကံအကျိုးပေး ဝဋ်လည်ခြင်းဆိုသည်မှာ ဘဝမကူးခင်မှာတွင် တစ်ပတ်လည်ရုံမက တောင်ဥက္ကလာ စာပေပွဲအပြီး တစ်လအကြာမှာ (ထိုသုံးယောက်အတွဲပါပဲ။) မဂိုလမ်း (ယခု ရွှေဘုံသာလမ်း)မှာ စာပေဟောပြောပွဲ ပြန်ဆုံပါသည်။ ကျွန်တော်သည်ကား ငမိုက်သား ငရဲလားမည့် ဒေဝဒတ်ဝင်စားသူပီပီ ကျောက်မောင်း ကြိုတင်ချည်ထားလေသည်။ ဘာပဲဖြစ်ဖြစ် ဆရာသုခ ကျွန်တော့်ကို ပြန်ချေပ သို့မဟုတ် လှုပ်မရအောင် တုပ်တော့မည်ဟု။ ဒါဆို ငါ ဘာပြန်ဖြေမလဲပေါ့။
သို့သော် ဆရာကြီးသည် ထိုပွဲမှာ ပထမဆုံး စဟောပါသည်။ ထုံးစံအတိုင်း ဓမ္မသီချင်းရှင်းတမ်းတွေ ဟောရင်း ဆိုရင်းပေါ့။
အဆုံးသတ်နိဂုံးတွင်မူ...
`ပရိသတ်များခင်ဗျား ပြီးခဲ့တဲ့လက ကျွန်တော်တို့သုံးယောက်အတွဲ တောင်ဥက္ကလာမှာ ဟောကြပါသေးတယ်´အစချီပြီး ကျွန်တော်နှင့် အချီအချဖြစ်ပုံကို ရိုးရိုးစင်းစင်းကြီး ပြန် ရှင်းပြပါသည်။ ထို့နောက်
`ဒါကြောင့် စာရေးဆရာတွေဟာ အရေးပါတာပါ။ အသက်ကြီးတာ ငယ်တာနဲ့ မဆိုင်ပါဘူး။ စာရေးဆရာမှာ ရာထူးကြီးငယ် မရှိပါဘူး။ အပွင့်အခက် မရှိပါဘူး။ ဦးနှောက်နဲ့ နှလုံးသား အားကောင်းရင် စေတနာမှန်ရင် စာရေးဆရာချင်းပေမယ့် လေးစားပြီး နာယူရပါမယ်။ ခုနက တောင်ဥက္ကလာပကိစ္စ ပြီးကတည်းက ကျွန်တော်ဟာ ဆရာ သုမောင်ရဲ့စကားကို လေးလေးစားစား နာယူပြီး နောင်ဟောပြောပွဲတွေမှာ သူ့ အဖေ ကိုသာဓုရဲ့သီချင်းကို ဆိုမပြ တော့ပါဘူး။ ဟုတ်ပါ့၊ ကျွန်တော့် စာသား မှားတာကိုး။ နော့ပေတဲ့ ဆရာ သုမောင်ထောက်ပြသလို ပွဲတိုင်းမှာ ကျွန်တော့်ရဲ့ အမှားကြီးမှားခဲ့တဲ့ ဂုဏ် ဆိုတဲ့ နာမည်ကြီး ဂုဏ်ပြုသီချင်း အဲ... လူငယ်တွေကို အရက်သောက်အောင် အားပေးရာ ရောက်စေတဲ့ ကျွန်တော့် သီချင်းကိုတော့ အစအဆုံး ဆိုပြပြီး ကျွန်တော့်အမှားတွေကို ဝန်ခံနေပါတယ်။ ရှေ့လည်းဆက်ပြီး ဝန်ခံဦးမှာပါပဲ။ အထူးသဖြင့် ငယ်ပေမယ့် စေတနာကြွယ်တဲ့ ဆရာသုမောင်ကိုတော့ ဒီစင်မြင့်ပေါ်မှာပဲ ပရိသတ်ရှေ့ သက်သေထားပြီး ဂါရဝပြုပါရစေ ခင်ဗျား´ ဆိုပြီး (ဆရာ့ရဲ့ လက်သုံးပုံစံ ဂါရဝ ထုံးစံအတိုင်း ကျွန်တော့်ဘက်လှည့် လက်အုပ်ချီ ရှာပါသည်။)
ပရိသတ်မှာ ရွှေဘုံသာလမ်းကြီးအပြည့် နံဘေး တိုက်တန်းတွေပေါ်ကလည်း ညွှတ်လို့။ အားလုံး ငြိမ်ကျသွားပါတော့သည်။ ဆရာသည် ပြောပြီးပြီးချင်း ထုံးစံအတိုင်း ကွမ်းကလေးမြုံ့ပြီး နားနေရာဆောင်ဆီ ထွက်သွားပါတော့သည်။ ထိုညက နောက်ဆုံးမှ ဟောနေကျ ပွဲတိုင်းကျော် နာမည်ကျော် အပြောကောင်း အဆိုကောင်း သုမောင်ကြီးကလေ ကောင်းစွာ မဟောနိုင်တော့ပါ။ ရှက်ခြင်း၊ ဝမ်းနည်းခြင်းများကြောင့် မဟုတ်ပေ။ တရားရခြင်းနှင့်အတူ နောင်တကြီးစွာ တမိခြင်းကြောင့် စကားတွေ မမှားသော်လည်း အသံတွေကား မမှန်ပါတော့ချေ။ ဟုတ်ပါ့၊ ပြောရင်းမှာပင် ကျွန်တော် မျက်ရည်ကျနေပြီဖြစ်သောကြောင့်ပါ။ မျက်ရည်ကျတာ လူမြင်ရုံရှိသည်။ အသံ မမှန်တာက သရုပ်ပျက်လှသည်။ ဟုတ်ပါ့၊ ဘာစကားပြောပြော ဟာသနှောတောင် ကျွန်တော့်အသံမှာ ငိုသံပါကြီးနှင့်ပါတကား။
သုမောင်
မှတ်ချက်။ ။
စာရေးဆရာသေရင် နတ်ပြည်ရောက်သတဲ့။ စာရေးဆရာကြီး ဦးရန်အောင်၏ မှတ်ချက်စကား။
သြော်... ခုနှယ်ခါ တာဝတိံသာ (စာ၀တိံသာ)မှာ ဆရာသုခနှင့် ဆရာသာဓုတို့ ကိုယ့်ဘုံနှင့်ကိုယ် စံနေကြရော့မည်။ ဘုံချင်းကတော့ အလှမ်းကွာ ပေလိမ့်မည်။ နတ်`သုခ´ဘုံက ဘုရားရှင်၏ `ဆံတော်မြတ်စေတီ´ နှင့် နီးပေလိမ့်မည်။ နတ်`သာဓု´ဘုံကတော့ ဝိသကြုံနတ်၏ဘုံနှင့် ကပ်လျက်ဖြစ်လိမ့်မည်။ (ဆရာသာဓု၏ သီးခြားဝါသနာမှာ မော်တော်ကားပြင်ခြင်းဖြစ်သဖြင့် ဝိသကြုံနတ်မြင်းလှည်း သူပဲ ဒိုင်ခံပြင် နေမှာကိုးလေ။)
အဘိုးနှင့် အဖေတို့၏ သားမြေး စာရေးဆရာစစ်စစ် ဖြစ်သွားပြီဖြစ်သော သုမောင်။
(ဆရာသုခ ရာပြည့်အကြို)
သုမောင်
သန်းထွန်းလေး (အင်းတဲရွာ)
October (2018)
October (2018) ။ ပိုစတာကြည့်ပြီး အချစ်ကားလေးလို့ထင်မြင်မိရင်မှားသွားပါလိမ့်မယ် ဒီကားက အရှုံးသမား လူငယ်တယောက်ကိုတည်ထားတာ တိတိကျကျထပ်ပြောရရင်...
-
#တြိစက္ကစာအုပ်များ (၄၁) အုပ်ပါခဗျာ (၁)တြိစက္က ဆယ့်နှစ်ကြိုးမှော်ရုံ http:// www.mediafire.com /download/p1bc9b3kera4yth/တြိစက္က_ဆယ့်နှစ်ကြိုး...
No comments:
Post a Comment