သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Wednesday, December 12, 2018

၎င်း၊ ထို၊ ယင်း၊ ဤ၊ သည်၊ ဟို၊ ဒီ ••••မောင်ခင်မင်(ဓနုဖြူ)

စာလုံးပေါင်းသတ်ပုံ ပြဿနာများကို ကျွန်တော့်အား ဖုန်းဆက်မေးဖူးသော 'တူတော်မောင်'သည် နယ်မှ ရန်ကုန်သို့လာရင်း အိမ်သို့ ရောက်လာသည်။ မဂ္ဂဇင်း၊ ဂျာနယ်တိုက်များသို့ စာမူပို့ရန် လာကြောင်း ပြောသည်။ သူက...`ဦးဆီ ရောက်တုန်း မေးချင်တာလေးတွေ ရှိပါတယ်´ဟု ပြောသည်။

`ဘာမေးချင်လို့လဲ မေးလေကွာ´ဟု ကျွန်တော် ပြောသောအခါ သူက `ဟိုတစ်ပတ်က မြန်မာ့အလင်းမှာ ဦးရေးတဲ့ ဆောင်းပါးထဲက '၎င်း' အကြောင်း မေးချင်လို့ပါ´ဟု ပြောသည်။ ဆက်လက်ပြီး `ဦးရဲ့ဆောင်းပါးကို ဖတ်ရတော့ '၎င်း'နဲ့ 'လည်းကောင်း' အသုံး ခွဲထားတဲ့ အကြောင်း တော်တော် ရှင်းသွားပါပြီ။ အရင်ကတော့ 'လည်းကောင်းလူ၊ လည်းကောင်းစာအုပ်' ဆိုတာမျိုး ရေးလို့ရတယ်ထင်နေတာ၊ ခုမှ ၎င်းကို နာမ်စားလို၊ နာမဝိသေသနလို သုံးရင် နာမ်ရှေ့က တစ်လုံးတည်း သုံးရတယ်၊ နာမ်နှစ်ခုကို ဆက်စပ်သုံးရင် 'လည်းကောင်း...လည်းကောင်း'လို့ အဲဒီနာမ်တွေနောက်က သုံးရတယ်ဆိုတာ ကွဲပြားသွားပါပြီ ဦးရယ်´ `အေး မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းမှာရော၊ မြန်မာ အဘိဓာန်မှာရော၊ မြန်မာသဒ္ဒါ ကျမ်းမှာရော အဲဒီ အသုံးတွေကို ရှင်းရှင်းလင်းလင်း ခွဲပြထားပါတယ်ကွာ´

`ကျွန်တော် သိချင်တာက '၎င်း'နဲ့အသုံးတူတဲ့ ဒီ့ပြင် စကားလုံးတွေ ဘာတွေ ရှိသေးလဲဆိုတာ သိချင်တာပါ´

`အေး ၎င်းနဲ့ အသုံးတူတဲ့ စကားလုံးတွေက 'ထို၊ ယင်း၊ သည်၊ ဤ' ဆိုတဲ့ စကားလုံးတွေပေါ့။ စာသုံးအဖြစ်သုံးရင် အဲဒီစကားလုံးတွေ သုံးတယ်။ အပြောစကားမှာ သုံးရင်တော့ 'ဟိုနဲ့ ဒီ'ကို သုံးတာပေါ့´

`အဲဒီစကားလုံးတွေအားလုံးကို ဦးရေးသလို နာမ်စားလို၊ နာမဝိသေသနလို သုံးနိုင်သလားဦး´

`သုံးနိုင်တာပေါ့။ နာမ်စားလို သုံးရင် 'ထိုမှ၊ ယင်းသို့၊ သည်မှာ၊ ဤတွင်' ဆိုတာမျိုး သုံးတယ်။ အဲ နာမဝိသေသနလို သုံးရင်တော့ နာမ်ရဲ့ရှေ့မှာထားပြီး 'ထိုတိုင်းပြည်၊ ယင်းပြဿနာ၊ သည်အကြောင်း၊ ဤစာအုပ်' ဆိုတာမျိုး သုံးတာပေါ့။ အပြောစကားမှာ သုံးတဲ့ 'ဒီနဲ့ ဟို'ကိုလည်း 'ဒီမှာ၊ ဟိုကို' လို့ နာမ်စားကို သုံးသလို 'ဒီကောင်၊ ဟိုလူ' ဆိုပြီး နာမဝိသေသနကိုလည်း သုံးပါတယ်''

`တော်တော် ရှင်းသွားပါပြီ။ အဲဒီ အညွှန်း နာမ်စားတွေ၊ အညွှန်း နာမဝိသေသနတွေကို အနီး၊ အဝေး ခွဲသုံးရတယ်လို့ ကြားဖူးပါတယ်။ ဘယ်လို သုံးတာပါလဲဦး´

`အေး 'ထို နဲ့ ဟို'ကတော့ အဝေးကိုညွှန်းပြီး 'ဤ'ရယ်၊ 'သည်' ရယ်၊ 'ဒီ' ရယ်ကတော့ အနီးကို ညွှန်းတယ်လို့ သဒ္ဒါ ကျမ်းတွေမှာ ပြထားပါတယ်။ အဝေးကိုညွှန်းရင် 'ထိုတိုင်းပြည်၊ ဟိုလူ' ဆိုတာမျိုး သုံးပြီး အနီးကိုညွှန်းရင် 'ဤစာအုပ်၊ ဒီမုန့်' ဆိုတာမျိုး သုံးပါတယ်။ အဲ အကောင်အထည် မရှိတဲ့သဘောတွေကို ညွှန်းရင်လည်း ညွှန်းတဲ့သူရဲ့ ထင်မြင်ချက်၊ ခံစားချက်အရ ဝေးတယ်လို့ သဘောရရင် 'ထိုပြဿနာ၊ ဟိုကိစ္စ'လို့ သုံးပြီး နီးတယ်လို့ သဘောရရင် 'ဤစိတ်ဓာတ်၊ ဒီအကျင့်' ဆိုတာမျိုး သုံးပါတယ်။ '၎င်း'တို့ 'ယင်း'တို့ ကိုတော့ အဝေး၊ အနီးရယ်လို့ တိတိကျကျ မခွဲဘဲ သင့်သလို သုံးကြတာပါပဲ´

`နားလည်ပါပြီဦး။ ခုလို ရှင်းပြတာ ကျေးဇူးတင်ပါတယ်။ တစ်ဆက်တည်းမှာ ကျွန်တော် မှတ်မိနေတဲ့ စကားတစ်ခုကို သိပ်မရှင်းလို့ သဲသဲကွဲကွဲ ဖြစ်သွားအောင် ဦးကို မေးပါရစေနော်´

`ဘာအကြောင်းပါလိမ့်၊ မေးပါ၊ မေးပါ´

`ဒီလိုပါဦး။ ကျွန်တော် တက္ကသိုလ် ပထမနှစ် တက်တုန်းက မြန်မာစာသင်တဲ့ ဆရာမက ပြောတဲ့စကားပါ။ 'လည်းကောင်း'ကို ရှေ့မှာ ပြောသလို နာမ်နှစ်ခုနောက်က ထားပြီး နှစ်လုံးဆက် သုံးတာမှ မှန်တယ်။ '၎င်းလူ၊ ၎င်းမှာ'ဆိုတာမျိုး '၄'ဂဏန်းနဲ့ အတိုကောက်ရေးတဲ့ ၎င်းကို နာမ်စားလို၊ နာမဝိသေသနလို သုံးရင် မှားတယ်။ အဲဒီလို မသုံးရဘူးလို့ ဆရာမ ပြောတာ ကျွန်တော် မှတ်မိနေပါတယ်။ ဆရာကြီး ဦးဖေမောင်တင်ရဲ့ မြန်မာ သဒ္ဒါနှင့် အသုံးအနှုန်း စာအုပ်ကို သင်ရင်း ဆရာကြီးက အဲဒီလို ရှင်းပြထားတယ်လို့လည်း ဆရာမက ပြောပါတယ်။ ဒါပေမဲ့ စာတွေထဲမှာ အဲဒီ '၎င်း'တွေ အမြဲတွေ့နေရတာမို့ အဲဒီလိုသုံးတာ မှားသလား၊ မှန်သလား ဆိုတာ စိတ်ထဲမှာ သိပ်မရှင်းလို့ပါ´

`ကဲ... ဒါဆိုရင် အဲဒီ စာအုပ်ကို ခု ကြည့်ကြရအောင်´ဟု ကျွန်တော်က ပြောပြီး စာအုပ်စင်မှ 'မြန်မာသဒ္ဒါနှင့် အသုံးအနှုန်း'စာအုပ်ကို ထယူလိုက်သည်။ '၎င်း၊ ထို၊ ယင်း' ဆိုသော ခေါင်းစဉ်အောက်က ရှင်းလင်းချက် များကို ဖတ်ကြည့်လိုက်သည်။ ထို့နောက် တစ်နေရာကို ထောက်ပြပြီး တူတော်မောင်ကို ဖတ်ခိုင်းလိုက်သည်။

`၎င်းကို နာမဝိသေသနအဖြစ် သုံးခြင်းသည် '၎င်း' သဘောရင်းနှင့် ဆန့်ကျင်သည်လို့ ရေးထားပါတယ် ဦ´

`အေး ဟုတ်ပြီ၊ ဟောဒီနေရာကို ဖတ်လိုက်ပါဦး´

`၎င်းကို မိမိသဘောရင်းနှင့် ဆန့်ကျင်သော နာမဝိသေသနအဖြစ် သုံးသည်သာမက နာမ်စားအဖြစ်လည်း သုံးကြသေးသည်ကို တွေ့ရ၏...တဲ့´

`အေး ဆရာကြီး ဦးဖေမောင်တင် အဓိကဆိုလိုတာ အဲဒီနှစ်ချက်ပဲ´ တို့ဆောင်းပါးမှာ ရေးခဲ့သလို 'လည်းကောင်း'ဟာ မြန်မာစာ ပေါ်စကတည်းက တွေ့ရတဲ့ အသုံးပဲ။ စသုံးတုန်းက 'လည်းကောင်း' ကို နာမ်ရဲ့နောက်က သုံးတယ်။ မူလက 'လေး' နဲ့'ကောင်း' တွဲပြီး လေးနက်အောင် သုံးတာ။ ရှေးကတော့ 'ငါသည် သွားရအံ့သည်လည်းကောင်းတကား' ဆိုတာမျိုး ဝါကျထဲမှာ တစ်လုံးတည်းလည်း သုံးတယ်။ ခုသုံးသလို နှစ်လုံးဆက်ပြီးလည်း သုံးတယ်။ အစောပိုင်းတုန်းက '၎င်း'ကို နာမ်ရှေ့မှာ မသုံးကြသေးဘူး။ နောက်ပိုင်း ကျတော့မှ ခုခေတ်သုံးသလို၊ '၎င်းလူ၊ ၎င်းစာအုပ်' ဆိုတာမျိုး သုံးလာကြတယ်။ '၎င်း' ရဲ့ မူလ သဘောက နာမ်ရဲ့နောက်မှာ သုံးတာ၊ နောက်တော့ အဲဒီသဘော ရင်းနဲ့ ဆန့်ကျင်ပြီး နာမ်ရဲ့ရှေ့မှာ သုံးလာကြတယ်လို့ ဆရာကြီးက ရှင်းပြထားတာပါ။ မင်း အေးအေးဆေးဆေး ဖတ်ကြည့်လေ´

`ဟုတ်ပါတယ်ဦး၊ ကျွန်တော်လည်း အဲဒီလိုပဲ နားလည်ပါတယ်´ဟု ပြောပြီး ထိုအပိုင်းမှ ဆရာကြီး၏ ရှင်းလင်းချက်များကို အစအဆုံး ဖတ်သည်။

`ကဲ... မင်းဖတ်ပြီးပြီနော်။ အဲဒီရှင်းလင်းချက်မှာ ဆရာကြီးက ၎င်းကို နာမဝိသေသနလို၊ နာမ်စားလို သုံးတာ မှားတယ်လို့ ဆိုသလား။ မသုံးရဘူးလို့ ဆိုသလား´

`ဆရာကြီးက မှားတယ်လို့ မဆိုပါဘူး ဦးရယ်။ မသုံးနဲ့လို့လည်း မဆိုပါဘူး။ သုံးပုံ ပြောင်းလဲသွားတယ်လို့သာ ရှင်းပြတာပါ´

`အေး မင်းက သဘောပေါက်ပါတယ်။ ဟောဒီရှေ့နားမှာ ရေးထားတာ ကြည့်ဦး။ နာမ်ကိုညွှန်းသော နာမဝိသေသနကဲ့သို့လည်း '၎င်း'ကို သုံးကြသည်ကို တွေ့သေး၏တဲ့။ အဲဒီလိုရေးပြီး မဏိရတနာပုံ ကျမ်းထဲက '၎င်းကျားသည်'ဆိုတဲ့ အသုံး၊ ရေသည်ပြဇာတ်ထဲက '၎င်း အိမ်ရှေ့မင်းသည်'ဆိုတဲ့ အသုံးတွေကိုလည်း သာဓက ပြထားတာ တွေ့တယ်မဟုတ်လား´

`တွေ့ပါတယ်ဦး´

`နောက်နားမှာလည်း ၎င်းကို နာမဝိသေသနအဖြစ်သာမက နာမ်စားအဖြစ်လည်း သုံးကြောင်း ရှင်းပြပြီး မဟာဝင်ကျမ်းထဲက '၎င်း၏သားကား' ဆိုတဲ့ နာမ်စားအသုံးကို သာဓကပြထား သေးတယ်လေ´

`ရှင်းပါပြီ ဦး။ ၎င်းကို နာမဝိသေသန လိုရော၊ နာမ်စားလိုရော ရှေးခေတ်စာပေတွေမှာ ကတည်းက သုံးတယ်ဆိုတာ ဆရာကြီး ဦးဖေမောင်တင် ရှင်းပြလို့ သဘောပေါက်ပါပြီ´

`မင်းက သဘောပေါက်ပေမယ့် မင်း ဆရာမက သဘောပေါက်ပုံ မရဘူး။ သေသေချာချာ မဖတ်ဘဲ အဖျားဆွတ်ပြီး မှားတယ်လို့ပြောတာ ဖြစ်လိမ့်မယ်။ မြန်မာသဒ္ဒါ၊ မြန်မာစာလုံးပေါင်း သတ်ပုံ၊ မြန်မာအဘိဓာန်တွေမှာ အဲဒီ '၎င်း' အသုံးတွေကို အကျယ်တွေ့နိုင်ပါတယ်။ သြော်...သတိရလို့ ပြောရဦးမယ်။ လွန်ခဲ့တဲ့ နှစ် ၃ဝ လောက်က ပေါ့ကွာ။ စာရေးရင် 'ယင်း'ဆိုတဲ့ စကားလုံး မသုံးရဘူး။ 'ယင်း'နေရာမှာ '၎င်း'လို့ပဲ သုံးရမယ်လို့ အစိုးရကပဲ အမိန့်ထုတ်သလိုလို တော်တော် အသံထွက်လာသေးတယ်ကွ´

`ဟင် ဟုတ်လား၊ ဘာကြောင့်လဲ ဦးရဲ့´

`စုံစမ်းကြည့်တော့ ဒီလိုတဲ့- အစိုးရဌာန တစ်ခုက ကျမ်းတစ်ကျမ်း ရေးရာမှာ အကိုးအကား စာအုပ်တွေကို အောက်ခြေ မှတ်စုမှာပြတော့ ရှေ့ကပြပြီးသား စာအုပ်ဆိုရင် စာအုပ်နာမည် ထပ်မရေးတော့ဘဲ 'ယင်း၊ ယင်း' လို့ အတိုကောက် သုံးတာပေါ့။ နာမ်စားပေါ့ကွာ။ အဲ ကျမ်းတစ်ကျမ်းမှာ 'ယင်း'တွေ အသုံးများလွန်းလို့ ထိပ်ပိုင်းက လူကြီးတစ်ယောက်က 'ယင်း'တွေ များလှချည်လားဆိုပြီး မှတ်ချက်ချပြီး သိပ်မသုံးဖို့ ပြောတာကို အောက်ကလူတွေက လူကြီး အမိန့်လိုလို ပြောကြတော့ တို့တက္ကသိုလ်က ကျမ်းတွေမှာတောင် အဲဒီ အောက်ခြေမှတ်စုတွေမှာ ရှေ့ကပြတဲ့ စာအုပ်တွေ ထပ်ညွှန်းရင် '၎င်း၊ ၎င်း' ဆိုပြီး ၎င်းတွေ ပလူပျံအောင် သုံးကြပါလေရောကွာ။ '၎င်း'သုံးတာ မမှားတဲ့အပြင် အသုံးတောင် တွင်ကျယ်သွားသေးတယ်။

ခုလည်းရှေ့က အချက်ကို ထပ်ညွှန်းရင် '၎င်း၊ ၎င်း'လို့ သုံးကြတာပါပဲကွာ။ အဲဒီတုန်းက 'ယင်း' မသုံးရဘူးဆိုတဲ့ စကားကို လှောင်တဲ့အနေနဲ့ ပြောကြတဲ့ ဟာသတစ်ခု တွင်ကျယ်သွားသေးတယ်။ နေရောင်ကိုကာတဲ့ 'ယင်းလိပ်'ကို '၎င်းလိပ်'လို့ သုံးရမယ်တဲ့ကွ´

ကျွန်တော်က ရယ်ရင်း ရှင်းပြလိုက်ပါသည်။

`ရှင်းသွားပါပြီ ဦးရယ်၊ '၎င်း' အသုံးမမှားမှန်း သိပါပြီ။ ၎င်းနဲ့ အသုံးတူတဲ့ စကားလုံးတွေလည်း သုံးတတ်သွားပါပြီ´။ ။

မောင်ခင်မင်(ဓနုဖြူ)

မြန်မာစာစကားဝိုင်း(၁)
စာအုပ်မှ…။

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

October (2018)

October (2018) ။ ပိုစတာကြည့်ပြီး အချစ်ကားလေးလို့ထင်မြင်မိရင်မှားသွားပါလိမ့်မယ်  ဒီကားက အရှုံးသမား လူငယ်တယောက်ကိုတည်ထားတာ တိတိကျကျထပ်ပြောရရင်...