ကိုယ်ပိုင်ခံစားမှု သုတရသဆိုင်ရာ ကဗျာဆောင်းပါးများနှင့် စာပေဆိုင်ရာများ သမိုင်း အတ္ထုပ္ပတ္တိများ တင်ဆက်ပေးသွားမှာပါ
Wednesday, December 12, 2018
အဘရေ ... မိုးတွေညှို့လာပြီတော့ (သုမောင်)
---------------------------------------------------
အခန်း [၁]
သူမသည် ရှစ်တန်း ကျောင်းသူကလေး တဦးဖြစ်၏။ ရှစ်တန်းကျောင်းသူ ဆိုပေမင့်၊ အသက်ကတော့ ဆယ်တန်းကျောင်းသူ အရွယ်ဟု ဆိုရပေမည်။
အကြောင်းမှာ သူမသည် ရှစ်တန်းတွင် ပညာသင်ကြား နေယင်းနှင့် ကျောင်းထွက်ခဲ့ရ သောကြောင့် ဖြစ်၏။
အယင် ကာလများဆီကတော့ သူတို့ မိသားစု၏ စားဝတ် နေရေးသည် ချောင်လည်သည် မဆိုသာ သော်လည်း တက်နှင့် လှော်ရသော လှေကဲ့သို့။ ရုန်းကန်နိုင်မှ တော်ကာကျသော အခြေအနေတွင် ရှိခဲ့သည်။ တနေ့လုပ်မှ တနေ့စားရ ဆိုသလောက် အခြေအနေ မဆိုးသော်လည်း အထိုက် အလျောက်သော ဘဝပေး အခြေအနေ ကလေး မပျက်ပြား သွားစေရန်ကား နေ့ဓဒူဝ အလုပ် လုပ်နေကြရ၏။
အလွယ်ဆုံး စကားကို ရွေးရလျှင် လက်လုပ်လက်စား အခြေအနေမျိုးတွင် ဖြစ်၏။
မည်သို့ပင် ဖြစ်စေ၊ ကိုယ့် အခြေအနေနှင့် ကိုယ်တော့ ပတ်ဝန်းကျင် လူမှုရေး စသည့် ကိစ္စများနှင့် မကင်းနိုင်ရှာပေ။
သူမ ခုနစ်တန်း ရောက်သော ကာလမှ စ၍ သူတို့ မိသားစု အခြေအနေမှာ လက်ရှိထက် တစတစ လျော့နည်း လာခဲ့တော့သည်။
ဆိုပါစို့ ... ယခင်ကလို မိမိတို့ ပတ်ဝန်းကျင်ကို ကျွန်းကိုင်းမီ ကိုင်းကျွန်းမီ ဆိုသလို လောကဝတ် မပြုနိုင်၊ မကျေနိုင် ဖြစ်လာတာမျိုး၊ သာရေးနာရေး စသည်တို့တွင် အင်တိုက် အားတိုက် မကူညီ မပါဝင် နိုင်ခဲ့တာမျိုး ...။
သူမ အနေနှင့် ပြောရပါမူ၊ သုံးလေးလမှ တခါလောက်သာ အခွင့်အရေး ရသော တစ်ကျပ်တန်း ရုပ်ရှင်ပွဲကလေးပင် လက်လွတ် ခဲ့ရသည်။
သည့်နောက်ပိုင်းများ တွင်တော့ သူမတို့ မိသားစုမှာ နက်ဖြန်ခါ အတွက် စရိတ်ကို သည်ကနေ့ ကထဲက ပူပင်ရသော အခြေအနေပင် ရောက်လာခဲ့ ရတော့သည်။
အယင်က သူမတို့တွင် မိသားစု လေးဦး ရှိသည်။ အဖေ၊ အမေ၊ အဒေါ်ကြီးနှင့် သူမတို့ ဖြစ်သည်။ အဖေက ဌာနဆိုင်ရာ တခုတွင် စာရေးလုပ်သည်။ အမေကတော့ အိမ်မှု ကိစ္စသာ ကျွမ်းကျင်သည်။ အဒေါ်ကြီး ကတော့ ဈေးရောင်းသည်။
သူမတို့ မိသားစုသည် မြစ်ဆိပ်ကမ်း မြို့လေး တခု၏ မြို့စွန်ပိုင်း ဆင်းရဲသား ရပ်ကွက်တွင် နေကြသည်။ ရပ်ကွက် ဆိုပေမင့် အကွက်ချ၍ တည်ထားသော အရပ်ကား မဟုတ်ပါ။ မြစ်ကမ်း နဖူးတွင် ဖြစ်သလို ဆောက်ထားသော အိမ်ကလေး တအိမ် (တဲသာသာ) မျှသာ ဖြစ်သည်။
တံငါ လုပ်ငန်းဖြင့် အသက်မွေး ကြကုန်သော လူတန်းစား နေထိုင်ကြရာ အိမ်မျှသာ ဖြစ်သည်။ အိမ်မှာ အဒေါ်ကြီး၏ အိမ်ပိုင် ဖြစ်သည်။
အိမ်တွင် အဒေါ်ကြီး၏ ဝင်ငွေမှာ အများဆုံး ဖြစ်သည်။ အဖေ၏ ဝင်ငွေမှာ လစဉ် ပုံမှန်သော်လည်း မိသားစု စားလောက် ရုံသာ ရှိသည်။
သူမ၏ ကျောင်းစရိတ် စသော ဗာဟီရ ကိစ္စများ အတွက်နှင့် အပိုသုံးငွေ ကိုတော့ အဒေါ်ကြီး ကိုသာ အားကိုး နေကြရသည်။
အဒေါ်ကြီးသည်။ သူမဖခင်၏ အစ်မကြီး ဖြစ်လေသည်။
အမေနှင့် သူမတို့သည် အချိန်အားရသလို အဒေါ်ကြီး၏ ငါးလုပ်ငန်းတွင် မတောက်တခေါက် ဆိုသလို ပါဝင် ကူညီရသည်။ မတောက်တခေါက်ဟု ဆိုရခြင်းမှာ သူမသည် ကျောင်းသူ အရွယ်ကလေးသာ ဖြစ်သောကြောင့် ဖြစ်၏။
အမေသည်ကား နဂိုကတည်းက ထုံထုံအအ၊ အစားထဲက။
အဒေါ်ကြီးသည် အပျိုကြီး ဖြစ်၏။ စကားတွေ ဗျစ်တောက် ဗျစ်တောက်၊ ပြောတတ်သည်မှ လွဲ၍ စေတနာ သဒ္ဓါတရား အလွန် ပြည့်ဝ၏။ တအိမ်လုံးကို သူပင် ဦးစီးဦးဆောင် ပြု၏။
နောက်တော့ အဒေါ်ကြီးသည် ရောဂါဝေဒနာ တခုကို တစတစ ခံစား လာရရာမှ လူမမာတပိုင်း ဖြစ်လာခဲ့ ရတော့သည်။ အလုပ်ကောင်းကောင်း မလုပ်နိုင်သလို သူ့အတွက် ဆေးဖိုးဝါးခပင် အနိုင်နိုင် ဖြစ်လာသည်။
ဆေးရုံက ကင်ဆာဟု ပြောသည်။ မြန်မာဆရာက အသားပိုဟု ပြောသည်။
မည်သို့ပင်ရှိစေ အဒေါ်ကြီးသည် ရင်သားတွင် အကျိတ်ကြီးများ ပေါက်လာသော ရောဂါဖြင့် ... နောက်ဆုံးတွင် ကွယ်လွန်ခဲ့သည်။
သည့်နောက်ပိုင်း သူမတို့ မိသားစု သုံးဦး၏ နေရေးထိုင်ရေး စားသောက်ရေးမှ အစ၊ အစစ အရာရာ ယိုင်နဲ့လာသည်။
အဖေ၏ ပုံမှန်လစာမှာ စားလောက်ရုံမျှသာ ရှိသည်။ အမေက ချက်ရေး ပြုတ်ရေးမှ လွဲ၍ ဘာမှ မလုပ်တတ် မကိုင်တတ်။ သူမက အဒေါ်ကြီး၏ အလုပ်ကို တတ်အားသရွေ့ ဆက်လုပ်ရှာပါသေးသည်။ သို့သော် ကျောင်းက တဖက်နှင့်မို့ ခရီး မတွင်လှချေ။
သူမ ကျောင်းက ထွက်ရလောက်အောင် အထိ ဆိုးရွားလာ ခဲ့ရသော အခြေအနေ မှာကား၊ အမေကိုယ်တိုင် “ဆီး” ကိုင်သော ရောဂါ စတင် စွဲကပ်လာခဲ့ ရသောကြောင့်ပင် ဖြစ်၏။
ဌာနဆိုင်ရာ အလုပ် ဖြစ်သဖြင့် အလုပ်ချိန် ပျက်ကွက်လို့ မရ။ ခွင့်ကလည်း မကြာခဏ ယူနေရသူပါ။
သူမတို့ မိသားစုသည် မြစ်ဆိပ် ကမ်းနဖူး ပေါ်တွင် နေသော်လည်း မြစ်လယ်မှာ လှိုင်းမိ နေသကဲ့သို့ ရှိချေတော့၏။
ဤ အခြေအနေမျိုးတွင် သူမသည် အလိုက်သိ နားလည်စွာပင် မိမိ၏ ကျောင်းစရိတ်၊ ပညာရေးကို အိမ်မှာ ဝိုင်းဝန်း ကူညီရေး ကိစ္စများတွင် ပေးလှူလိုက်ရ ပါတော့သည်။
ပထမတွင်တော့ အဖေက သူမကို ကျောင်းမထွက် စေချင်ခဲ့ပါ။ ဖြစ်သလို ပညာ သင်ကြားပေး ချင်သည်။ သို့သော် လက်တွေ့မှာတော့ သူ ဘယ်လိုမှ မတတ်နိုင်။
အမေကတော့ “မိန်းကလေးပဲ၊ ကျောင်းစာ တော်ရုံဖတ် ပြီးရော” ဟူသော အတွေးမျိုး အရိုးစွဲနေသူမို့ သူမ ကျောင်းထုတ်ရသည့် ကိစ္စအတွက် ဘာမျှ မထူးခြား သလိုပင် နေ၏။
ပြီးတော့ တော်ရုံတန်ရုံ ဟင်းစားကလေး လောက်တော့ သူမ ရှာဖွေနိုင်သည် မဟုတ်လား။ သူတို့ နေထိုင်သော မြစ်ဆိပ်သည် ပင်လယ်ဝနှင့် သိပ်မလှမ်းလှ သောကြောင့် အချိန်အား ရသလို ပင်လယ်ဝဘက် လျှောက်သွားပြီး ခရုကောက် နိုင်သည်။ ရလာသော ခရုကလေးများကို လည်ဆွဲ၊ ရင်ထိုး၊ အရုပ်ကလေးများ စသဖြင့် သူမ လုပ်တတ်သည်။ မြို့လယ်ဈေးမှာ သွားသွင်းသည်။ ဘာပဲဖြစ်ဖြစ် တစ်လ သုံး လေးဆယ်တော့ ဝင်သည်။
ဤသို့အားဖြင့် သူမသည် ကျောင်းပညာရော၊ ပြင်ပ ဗဟုသုတမှာပါ တစတစ ခေါင်းပါး ဝေးသီ လာခဲ့ရတော့သည်။
* * *
သူမ၏ အမည်ရင်းမှာ မသန်းမြ ဖြစ်၏။ ကျောင်းမှတ်ပုံတင်မှာရော၊ ဆီစာအုပ် (ကုန်ဝယ်စာအုပ်) မှာပါ မသန်းမြ။
သို့သော် သူမ ခြောက်တန်း အောင်သော နှစ်မှစ၍ သူမ၏ နာမည်ရင်း မသန်းမြကို 'မြ' ဟူ၍ အဖျားဆွတ် ခေါ်ဝေါ် ကြခြင်းကို ခံခဲ့ရသည်။ ဤသို့ ပြောရသည်မှာ အကြောင်းရှိသည်။ သူသူ ငါငါတို့တွင်လည်း နာမည်ကို အဖုံးဆွတ် ခေါ်ဝေါ်လေ့ ရှိကြသည်မှာ ကမ်ဘာအနှံ့ လူမျိုး ဘာသာ မရွေးပင် ဖြစ်သည် မဟုတ်လား။
ယခု မသန်းမြကို 'မြ' ဟု အဖျားဆွတ် ခေါ်ခြင်းသည်လည်း သူသူငါငါလို ဖြစ်သည် မှန်သော်လည်း ထူးခြားချက်ကလေး တခုတော့ ပါဝင်နေ၏။
ကြားဖြတ် ပြောလိုသည်မှာ မသန်းမြသည် ရုပ်ရှင်ကြည့် အလွန် ဝါသနာပါသူ ဖြစ်၏။ ပိုက်ဆံရှိ သားသမီးများလို ပွဲကလေး ရုံဘကာ လိုက်ကြည့်နိုင်ခြင်း မရှိသော်လည်း သူ့ အခြေအနေ ကလေးနှင့်သူတော့ဖြင့် သူတို့ အသိုင်းအဝန်းမှာ ရုပ်ရှင် ပိုးကလေး ရှိသူ ဖြစ်၏။ စောစောက ပြောခဲ့သလို သုံးလေးလမှာ တခါလောက်တော့ ရုပ်ရှင်ကြည့်ဖြစ် ခဲ့သည်။ အဒေါ်ကြီး ရှိစဉ်က ဆိုလျှင် တခါတရံ တလ တခါလောက် ထိအောင်ပင် ကြည့်ရတတ်သည်။
မည်သို့ပင် ရှိစေ ... မသန်းမြသည် ရုပ်ရှင်ကြည့် ဝါသနာပါ သလို၊ ရုပ်ရှင်မင်းသား မဝ်းသမီးများ ကိုလည်း စိတ်ဝင်စား ခဲ့သည်။ သူမ၏ အိပ်ခန်း နံရံကလေးမှာ ဆိုလျှင် ကောလိပ်ဂျင် နေဝင်း ပုံမှအစ မသန်းရွှေပုံ အထိ ဖြတ်စညှပ်စ ကြော်ငြာ သတင်းစာ အပိုင်းကလေး ... စသည်ဖြင့် စိတ်ထင်တိုင်း တွယ်ကပ်ထား၏။
သို့သော် ... မင်းသမီး မင်းသားများကို ကိုးကွယ်ရာ သဘော အထိ စိတ်ကစား သော်လည်း သူတို့လို ဘဝမျိုး ရောက်ဖို့ကား သူမ မစဉ်းစားပါ။ သို့မဟုတ် စဉ်းစားဖို့ပင် စဉ်းစားချိန် မရသောကြောင့်လည်း ဖြစ်တန်ရာသည်။
ဤနေရာတွင် 'မြ' ဟု သူ့ကို အဖျားဆွတ် ခေဝေါ်ကြခြင်း ထူးခြားချက်ကို ဖော်ပြပါတော့မည်။
တနေ့တွင် ... မသန်းမြ၏ အသက်ထက်ပင် ကြီးပြီဖြစ်သော ရှေးမြန်မာရုပ်ရှင် ဇာတ်ကားဟောင်းကြီး တကား သူတို့မြို့မှာ ပြသည်။ အစ ပထမတော့ လူကြီးပိုင်းလောက်သာ သွားကြည့်ကြသည်။ ကောင်းသည်ဟု မကြည့်ခင် ကတည်းက မှတ်ချက်ကို ချယင်း စားမြုံ့ပြန် ခဲ့ကြသည်။ ပထမ တရက် ပြပြီးသည့် နောက်ပိုင်းတွင်တော့ ယနေ့ခေတ် လူငယ်များပါ ပွဲတိုင်း ရုံပြည့်မျှ အားပေး လာကြသည်။ ရှေးခေတ်ကလည်း ဒီလို မင်းသားမျိုးတွေ အရှိပါကလားဟု အံ့ဩ ကြရသည်။ သူကလေးတို့၏ ပါးစပ်ဖျားတွင် “ခင်မောင်ရင်၊ ခင်မောင်ရင်” နှင့် လှိုင်းပုတ်သံကဲ့သို့ မြည်ဟီး နေတော့သည်။
ထိုဇာတ်ကား၏ အမည်မှာ 'ဗိုလ်အောင်ဒင်'။
မသန်းမြ သည်လည်း ဗိုလ်အောင်ဒင် ဇာတ်ကားကို အလွန် နှစ်ခြိုက်၏။ အများသူငါ ထူးစံ အတိုင်းပင် မင်းသားကြီး ခင်မောင်ရင်ကို စွဲလမ်းမိ၏။ ခုနှစ်ခါ ရှိယင် မိမိ၏ အဘိုးအရွယ်တိုင် ရှိမည်ကို သိရှိခံစား ထားသော်လည်း ဟိုစဉ်က မင်းသား ခင်မောင်ရင် အဖြစ်သာ ယခု စွဲနေမိသည်။
တမျိုးတော့ တမျိုးပါပဲဟု သူမ စဉ်းစားမိခဲ့သည်။
ကိုကျော်တို့၊ ကိုအောင်တို့ကို ကြိုက်သလိုမျိုးလည်း မဟုတ်။
မိုးတွေ အုံ့လာလျှင် ဘယ်လိုလွမ်းမှန်း၊ ဘာကို စိုးရိမ်မှန်း မသိသလိုပင် သူ ခံစားရ၏။
ဒါကို ထားပါအုံး။
ဗိုလ်အောင်ဒင် ဇာတ်ကား ပြုပြီး ကတည်းက သူမအပေါ် ပတ်ဝန်းကျင်က 'မြ' ဟူ၍ ကလူကြည်စယ် သလိုလို၊ ချစ်စနိုးလိုလို 'မြ' ဟူ၍ အဖျားဆွတ် ခေါ်လာကြသည့် ကိစ္စ။
အစကတော့ သူ့ဖာသာ သူပင် သတိမထားမိခဲ့ပါ။ 'မြ' တဲ့။ အခေါ်ခံရတာ ကောင်းလိုက်တာ။ အယင်ကနှင့်မတူ။ ဗိုလ်အောင်ဒင် ကြည့်ပြီးမှကို ပိုပြီး အရသာ တွေ့လာတာ။
ဦးခင်မောင်ရင်၏ နှာခေါင်းသံ သဲ့သဲ့ ကလေးဖြင့် ဒေါ်မေမေဝင်း (မင်းသမီးကြီး မေမေဝင်း) ကို မြရေ - မြရေနှင့် ခေါ်ခဲ့ပုံကလေး တွေကို ကြားယောင်မိ သလိုလို၊ ကိုဘချစ် (မင်းသားကြီး ဦးဘချစ်) က မြရေ ... မြရေဟု ခေါ်သံကလေး ကိုပင် နားစွဲနေ သလိုလို။ မေမေဝင်းက ဇာတ်သိမ်းခါနီးတွင် ကိုဘချစ်ကို လွမ်းသဖြင့် လာခေါ်မည့် ရက်ကို မျှော်ယင်း အလွမ်းသီချင်း (၁၂- လရာသီ) ကို သီဆိုရာ၌ “မြကလေ ... မျှော်ဆဲ” ဆိုသည့် နေရာကလေးတွင် ကလေးတယောက် ချွဲချွဲပျစ်ပျစ် အစာရေစာ တောင်းလိုက်သလို ဆိုလိုက်သည့် အသံပြာပြာကလေး ကိုပဲ ကြားယောင်နေမိ သလိုလို။
သူမ၏ စိတ်ကိုအနှိုးဆွဆုံး ကတော့ ...
“မြ ... နင့် မျက်ခုံးကလေ ... ဟို- မေမေဝင်းလို တမင် ဆွဲထားတာ မဟုတ်ပဲ၊ နဂိုထဲကကို မျှင်မျှင် ကွေးကွေးလေးရယ် ...”
ဟူ၍ သူမ၏ သူငယ်ချင်း အချို့က ပြောကြခြင်းပင် ဖြစ်ပါသည်။
ဤသို့ဖြင့် ဗိုလ်အောင်ဒင် ဇာတ်ကားပြုပြီး ကာလ အတန်ကြာထိ သူမသည် သူမ၏ အသိုင်းအဝိုင်းတွင် 'မြ' ဟူ၍ အတော် ရေပန်းစား လိုက်သေး၏။
သနပ်ခါးစက်များ အပြောက်အမွမ်း ထင်နေသော မှန်ကလေးကိုပင် နေ့တိုင်း အဝတ်ရေစိုဖြင့် သုတ်နေမိသည်။
သို့သော် မသန်းမြ မလှပါ။
အရုပ်ဆိုးမလေး မဟုတ်သော်လည်း သာမန် တောသူမကလေး ရုပ်မျိုး ကိုယ်ထည်မျိုးသာ ရှိရှာသူ ဖြစ်၏။ ထို့ကြောင့်ပင်လျှင် မသန်းမြသည် သူ အထင်တကြီး ရှိလှသော ရုပ်ရှင် ဇာတ် သဘင် တေးဂီတ ပညာရှင်များကို အထင်ကြီး နေရုံမျှနှင့်ပင် ကျေနပ်နှစ်သိမ့် နေရသည်မှာ သဘာဝကျ လာသည်ဟု ဆိုနိုင်ပေတော့သည်။
* * *
သူတို့ နေထိုင်ရာ မြို့ကလေးသည် မြို့ကြီး ပြကြီးများနှင့် ဝေးသီလှသည် မှန်သော်လည်း သဘာဝ အနေအထားရ သာယာလှ ပေသည်။ တကူးတကန့်၊ အလည်အပတ် ရောက်သူ နည်းပါးလှ သော်လည်း အလုပ် သဘောမျိုးတော့ကား မြို့ကြီး ပြကြီးနှင့် အဆက်အသွယ် မကင်းကွာလှချေ။
မသန်းမြနှင့် ပတ်သက်၍ အထူးအထွေ ပြောရမည် ဆိုလျှင်ကား၊ သူတို့ မြို့ကလေးသို့ နှစ်စဉ် ဇာတ်ပွဲ အလတ်စားများ လာရောက် ဖျော်ဖြေ တတ်ကြခြင်းနှင့်၊ သုံးလေးနှစ် တခါလောက် (ခန့်မှန်းခြေ) ရုပ်ရှင် အဖွဲ့များ လာရောက် တတ်ကြခြင်းပင် ဖြစ်၏။ ရုပ်ရှင်အဖွဲ့ ဆိုရာ၌ ရုပ်ရှင် ရိုက်ကူးရန် လာရောက်ကြသော အဖွဲ့များ ဖြစ်၏။
သူမတို့ မြို့ကလေးသည် သာမန် မြို့အသေးစားလေး ဖြစ်သည် မှန်သော်လည်း၊ ချောင်းစပ်၊ မြစ်ဆိပ်နှင့် ပင်လယ်ဝတို စုပေါင်းဝန်းခြာ နေသောကြောင့် ရိုက်ကွက် ရိုက်ကွင်း သဘာဝ အလှအပကို အခြေခံသော ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်သူများ အဖို့ မျက်စေ့ ကျစရာပင် ဖြစ်ပါ၏။
သို့ဖြစ်လေရာ ...
စောစောက ပြောသလို သုံးလေးနှစ် တခါ ဆိုသလိုတော့ ရုပ်ရှင်ရိုက် အဖွဲ့များ ရောက်လာကြ၏။ သူတို့ ရောက်လာကြပြီ ဆိုလျှင် မြို့ကလေးမှာရော - မသန်းမြတို့ နေထိုင်ရာ ကဲ့သို့သော မြို့စွယ်နေရာ ကလေးများမှာပါ ... သမန်းရှ ခံလိုက်ရသော တံငါကဲ့သို့ ဖျပ်ကနဲ လူးလွန့် သွားတတ်၏။
“ဟဲ့ ... ဘယ်သူ ဘယ်ဝါတွေ ပါလာသတဲ့” ဟူ၍ အံ့ဘနန်း ဖြစ်ကြရ၏။ အထူးသဖြင့် မင်းသား မင်းသမီးနှင့် သရုပ်ဆောင် ဖြစ်၏။ သူတို့ နေထိုင်ရာသို့ အပြေးအလွှား သွားကြည့်ကြ သူတွေပင် အပုံအပင်ကြီး ရှိ၏။ မြင်ခဲ့ တွေ့ခဲ့ ရသူတွေ ကလည်း အမော တကောနှင့် တဆင့် ဖောက်သည်ချ ဂုဏ်ယူ တတ်ကြ၏။
မသန်းမြ တသက်နှင့် တကိုယ်မှာတော့ နှစ်ခါသာ ကြုံကြိုက် ပါသည်။ ပထမ တခါက ရုပ်ရှင်မင်းသား ကြည်စိုးနှင့် မင်းသမီး တင်တင်နွဲ့တို့ ခေါင်းဆောင် ပါဝင်သော ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန် ရောက်လာကြခြင်း ဖြစ်၏။
သို့ရာတွင် ထိုစဉ်က မသန်းမြ၏ အသက်မှာ အခါလည် သာသာလေး ရှိသေး၏။ လူဟူ၍ သူ့ အဖေ အမေနှင့် အဒေါ်ကြီးလောက်သာ သူ့ဦးနှောက်၌ စွဲထင်စ ရှိသေး၏။ ဒါကိုပင်လျှင် လူအုပ်ကြီးထံမှ ကြားနေရသည်။ ဤသို့ တစွန်းတစ ကြားရလေ၊ တိုက်အတွင်းမှ လူအချို့ကို ရိုးတိုးရိပ်တိတ် မြင်လိုက်ရလေ မသန်းမြ အဖို့ အသဲယားလေ ကြည့်ချင် မြင်ချင်လေ ဖြစ်ရရှာ၏။
အချို့ကလည်း မိမိတို့ မြင်လို့ ဝတော့မှ လူအုပ် အတွင်းမှ ပြန်တိုးထွက်ခါ ...
“အလကားပါ တို့နဲ့ ဘာမှ မထူးပါဘူး၊ လူတွေပါပဲ” ဟု သရော် သလိုလို ပြောပြီး ပြန်ထွက် သွားကြ၏။ သို့သော် ... ထိုလူများ၏ မျက်နှာတွင်ကား ... ကျေနပ်မှု ... ဂုဏ်ယူမှုတို့ကား ဖုံးမရပဲ ပေါ်နေ၏။
မသန်းမြ ကတော့ ထိုသူများကို “မနာလို နေတာ၊ မကြည့်ချင်လဲ နေနိုင်တာ မဟုတ်ပဲ” ဟု ရေရွတ်ယင်း သူတို့ နေရာများသို့ အစားထိုးရန် ဝင်တိုးရှာ၏။
သူမ တိုက်ဝသို့ ရောက်လု နီးနီးတွင် လူအုပ်ကြီးလဲ သက်ပြင်းချသံ၊ ညည်းတွားသံ၊ မကျေနပ်ဟန်၊ အားရပါးရ မြင်လိုက်ရလို့ ကျေနပ်သွားဟန် ... စသည်ဖြင့် ဟန်ပန် အမျိုးမျိုးဖြင့် ပြန် ထွက်လာကြ ပြန်တော့သည်။
အကြောင်းမှာ အိမ်ရှင်က လာရောက် ကြည့်ရှုသူများကို တောင်းပန် တမျိုး၊ ကြိမ်းမောင်း တဖုံဖြင့် အော်လွှတ် နေသောကြောင့် ဖြစ်၏။
မသန်းမြကား ... သည်ကြားထဲမှပင် အိမ်ဝသို့ အပြေးကလေး သွားပြီး ကြည့်လိုက်သေး၏။
မင်းသား အပေါ်တက် သွားပြီ။
မသန်းမြလည်း စိတ်ပန်း လူပန်းနှင့်ပင် အိမ်ပြန်ခဲ့ရ လေသည်။ တလမ်းလုံး စိတ်မကောင်း ဖြစ်နေ၏။ အိမ်ရောက်တော့လည်း ရင်ထဲမှာ ဘယ်လိုကြီးမှန်း မသိ။ ဘာကို မကျေနပ် ရမှန်းလည်း မသိ၊ စာမေးပွဲ မဖြေနိုင် လိုက်ရတာ မျိုးကြီးလည်း မဟုတ်။
ဝမ်းနည်း ပမ်းနည်း ဖြစ်ရသည်တော့ သေချာ၏။
အိမ်ပြန်ရောက်ချင်း သူ့အိပ်ခန်းလေး အတွင်း ပြေးဝင်သွား၏။ ဇီးသီး မဆလထုတ် ထဲမှ ရသော ဇော်ဝမ်း၏ပုံ- ရောင်စုံ စက္ကူလေးကို သူ့စာအုပ်ကြားမှ ထုတ်ကြည့် နေလိုက်၏။
ပိုဆိုးသည်မှာ ... ညနေပိုင်းတွင် သူမ၏ သူငယ်ချင်း တယောက် ပြောသောစကား။
“ငါတို့ နောက်တခေါက် ထပ်သွားသေးတယ်၊ မင်းသားက သဘော ကောင်းပါတယ်၊ သူတို့ကသာ အဖြစ်သဲ နေတာ၊ ဇော်ဝမ်းရော နွဲ့နွဲ့မူပါ တိုက်ရှေ့ ဝရန်တာ ထွက်ပြီး တို့ကို နှုတ်ဆက်တယ်၊ ရီပြတယ်တော့”
မသန်းမြ ငိုချင်မိလေသည်။
* * *
နောက်နေ့နံနက် အိမ်မှု ကိစ္စလေးများ အပြီးတွင် မင်းသားတို့ တည်းခိုသော တိုက်ကြီးရှေ့တွင် မရောင်မလည် သွားဖြစ် သေးသည်။ တိုက်ကြီးကား တိဘ်ဆိတ်နေ၏။ လမ်းပေါ်မှာလည်း ကိုယ့်ကိစ္စနှင့်ကိုယ် သွားလာနေသူမှ လွဲ၍ သူမ တယောက်တည်း။
မသန်းမြသည် တိုက်နှင့် မျက်နှာချင်းဆိုင်ရှိ ကွမ်းယာဆိုင်နား အရဲစွန့် စုံစမ်းလေသည်။
“ဟို ... ဟို ကိုဇော်ဝမ်း၊ ဝရန်တာက ထွက်လာသေးလားဟင်”
“မနေ့ညနေ ကတည်းက ပင်လယ်ဝ ဘက်က ဗိုလ်တဲမှာ တည်းမယ်ဆိုပြီး တဖွဲ့လုံး ထွက်သွား ကြတာပဲ”
ဟု ပြုံးပြီး ပြန်ဖြေသံသည် မသန်းမြ အဖို့ မဟာ ဆုံးရှုံးခြင်းကြီး ဖြစ်သွားစေတော့၏။
ထိုနေ့ မနက်စာ ကောင်းကောင်း စားမရ။ ပြီးတော့ မျက်ရည်တွေက အလိုလို ကျလာတတ်သေး၏။
* * *
အခန်း [၂]
မသန်းမြ ကုသိုလ်ကံ အကျိုးပေး ဟူ၍ပင် ပြောရမလား မသိ။
အဖေ့ ရောဂါသည် ပိုဆိုးလာသည်။ အလုပ်ခွင်မှာ ဂွင်မကျလှပဲ ရှိလာသည်။ တစ်လတစ်လ ခွင့်ယူ ရတာလည်း အားနာလောက်စရာ ဖြစ်နေပြီ။ ဒါထားအုံး၊ ဆေးဖိုးဝါးခကလည်း မသက်သာလှချေ။ နောက်ဆုံး အင်္ဂလိပ်ဆေး မသုံးနိုင်ခင် မြန်မာ့နည်းဟန်ကို ကြားညှပ် သုံးလာရသည်။ ဝါးနက်ရွက်ကို ပြုတ်၍ သကြားကလေး နည်းနည်း ဖျော်သောက်သောနည်း စသဖြင့် ...။
မည်သို့ပင် ရှိစေ။ အလုပ်မှာ ထိခိုက် နေသည်မှာ သေချာသည်။
ဌာနမှူးကတော့ သဘောကောင်းရှာပါသည်။ နားလည်မှုဖြင့် သူ့ကို ဆက်ပြီး အလုပ်လုပ်ခွင့် ပေးထားခဲ့သည်။ သို့သော် သူ့အတွက် တာဝန်တခု ပိုလာသလို ဖြစ်နေ၏။
နောက်ဆုံးတွင်တော့ သဘောကောင်းသော ဌာနမှူးသည် မသန်းမြ၏ အဖေကို အလုပ်တာဝန် ပြောင်းပေးရသော အခြေအနေထိ ရောက်ရတော့သည်။ အခြား မဟုတ်ပါ။ မိမိတို့ ဌာနတွင် လူပိုလို ဖြစ်နေမည့် အတူတူ လက်ရှိ တာဝန်များကို မလုပ်စေတော့ပဲ မိမိလည်း ဝန်ထုပ်ဝန်ပိုး သက်သာသွားပြီး မသန်းမြ အဖေလည်း သက်တောင့်သက်သာနှင့် အလုပ်လုပ်နိုင်စေရန် ပင်လယ်ဝရှိ ဗိုလ်တဲကြီးဆီသို့ တမိသားစုလုံးကို ပြောင်းရွှေ့ နေထိုင်ရန် စီစဉ်လိုက်တော့၏။
သဘောကတော့ ထိုဗိုလ်တဲကြီး၏ ခြံထောင့် တနေရာတွင် တဲတလုံးထိုးပြီး ခြံစောင့် အိမ်စောင့် သဘောမျိုး နေကြစေရန် ဖြစ်၏။ ခြံထဲမှာပင် သီးပင် စားပင်ကလေးများ စိုက်ပျိုး စားသောက်နိုင်ရန် နေရာပေး၏။
ဗိုလ်တဲ အိမ်မကြီး၏ သန့်ရှင်းရေး စသည်တို့ ကိုတော့ မသန်းမြတို့ သားမိက စေတနာ သဘောဖြင့် လုပ်ကြကိုင်ကြရန် ဖြစ်၏။
တနည်းအားဖြင့် တော့လည်း ကောင်းပါသည်။ အဖေသည် အလုပ်သိပ်ပြီး မလုပ်ရတော့ပဲ ကျန်းမာရေးအတွက် အချိန် ပိုရလာသည်။
ဗိုလ်တဲကြီး၏ တာဝန်မှာလည်း သိပ်မများလှပါ။
အကြောင်းမှာ ထိုဗိုလ်တဲကြီးသို့ လာရောက် တည်းခိုသူ ဟူ၍ မရှိသလောက် ဖြစ်သောကြောင့် ဖြစ်၏။
တခါတရံ ဌာနဆိုင်ရာ အရာရှိများ အလုပ် ကိစ္စနှင့် လာသော အခါ၌သာ ဗိုလ်တဲမှာ အလုပ်ရှိသည်။ အလုပ်ကလည်း သိပ်ပြီး မများလှပါ၊ သူတို့ ရောက်မလာခင် တရက်လောက် ကြိုပြီး တည်းခိုမည့် အခန်းကို သန့်ရှင်းရေး လုပ်ထား၊ သူတို့ ရောက်လာတော့ အိပ်ရာခန်းနား စသဖြင့် ပြင်ဆင်ပေး၊ အိမ်သာ ရေချိုးခန်း သန့်ရှင်း၊ ရေဖြည့်၊ ပြတင်းပေါက် လိုက်ကာ ကလေးတွေ လဲလှယ်ပေး၊ ဒါလောက်သာ ဖြစ်ပါသည်။
အဲ ... အချို့ အရာရှိတွေ ကျတော့ မိသားစုနှင့် အလည် သဘောပါ ရောနှောပြီး ရောက်လာ တတ်ကြသည်။ သည်အခါမျိုး မှာတော့ မသန်းမြတို့ သားအမိမှာ တာဝန်ပို လာသည်။ တာဝန်ပိုလာသည့် နည်းတူ ဝင်ငွေ ဝင်လမ်းလည်း ပိုလာသည်။
ကလေး ကူထိန်းပေး၊ အဝတ် ကူလျှော်ပေး၊ ပင်လယ်ဘက် ဆင်းပြီး အဖော်လိုက်ပေး စသဖြင့် ဧည့်ဝတ် ပြုပေးရ၏။ ထိုအတွက် မုန့်ဖိုးပဲဖိုး ဘောက်ဆူး စသဖြင့် ရသည်။ ဤသဘောမျိုး။
သည်လိုနှင့်ပင် သည်ဗိုလ်တဲကြီးမှာ သူမတို့ မိသားစု ပျော်ရွှင်စွာ နေလာ ရတော့သည်။ လူဆင်းရဲဘသော်လည်း စိတ်ချမ်းသာခဲ့ရ ပါတော့သည်။
အဖေ၏ ရောဂါသည်လည်း မပျောက်သော်ရှိ ပျောက်သော်ရှိ သက်သာ လာခဲ့သည်။ မသန်းမြ၏ ခရု လည်ဆွဲကလေးများ ကလည်း အိမ့်ဆည်းလည်းလို တာဝန်ယူနိုင်သည့် အထိုက် အလျောက်သော အတိုင်းအတာကို ရရှိစေခဲ့ လေသည်။
တနေ့တွင် အဖေကပြော၏။
“မြကလေး ... ကျောင်းပြန် နေချင်စိတ် မရှိဘူးလား”
မြသည် ဝမ်းသာ၏၊ ပျော်သွား၏။ သို့သော် ခေါင်းခါပြ၏။
“မထူးတော့ပါဘူး အဘရယ်၊ ပြီးတော့ ရွယ်တူတွေတောင် ဆယ်တန်း အောင်ကုန်ပြီ၊ တချို့ဆို မြို့ကောလိပ် ရောက်ကုန်ပြီ၊ သမီး ရှက်ပါတယ်”
မြသည် အဖေကို အဘဟုပင် ခေါ်သည်။ ဒေသစွဲ မဟုတ်ပါ၊ ငယ်ငယ် ကတည်းက အလိုလို နေယင်း ခေါ်ယင်းစွဲ ဖြစ်ခဲ့ရသောကြောင့်သာ ဖြစ်၏။
အဖေသည် မသန်းမြအတွက် စိတ်မကောင်း ဖြစ်ရသည်။ တကယ်တမ်း သူမ ကျောင်းပြန် နေချင်သည် ဆိုသည့်တိုင် လတ်တလော ဝင်ငွေနှင့်ပင် မပြည့်စုံသေး။ ဒါ့အပြင် သူမ၏ ဝင်ငွေပင်လျှင် လျော့သွားအုံးမည် မဟုတ်ပါလား။
သို့သော် အဖေသည် တနေ့နေ့တော့ သမီးကို နားချပြီး ကျောင်းပြန် ထားနိုင်အောင် သင်ပေးမည်ဟု အားခဲထားသည်။ အဖေသည် ခေတ်ပညာ မတတ်သော်လည်း အမြော်အမြင်တော့ ရှိသည်။ သမီလေးကို လူတလုံး သူတလုံး ဖြစ်စေဖို့ နည်းအမျိုးမျိုးကို အချိန်ပြည့် စဉ်းစားနေသည်။ ပြီးတော့ သူ့သမီးလေး မသန်းမြသည် သူမတို့ ခေတ်ပြိုင် မိန်းကလေးများ ထဲမှာတော့ စံပြ မဟုတ်သည့်တိုင် လူတော်ကလေး တယောက် ဟူ၍ အဖေ ယုံသည်။
ကြည့် ...။ သူမ အသက် ခုဆို ဆယ့်ခုနစ်နှစ်ထဲ ရောက်နေပြီ။ သည်နေ့ထိ စိတ်လှုပ်ရှား ကစားလွယ်သော အမူအကျင့်မျိုး တခါမျှ မကြုံဘူး မကြားဘူးခဲ့။
ဗိုင်းကောင်းကျောက်ပိ နေတတ်သည်။ ရုပ်ရှင်ပိုးလည်း အယင်ကလောက် မထတော့။ အချိန်အားရလျှင် ခရုပုတီးကလေးများ သီယင်း သီချင်းညည်း နေတတ်သလောက်သာ ရှိသည်။ ဘာတဲ့ ...။
“မြကလေ ... မျှော်ဆဲ ...”
“မြကလေ ... မျှော်ဆဲ ...”
တကယ်တန်း ကျတော့ ဘာကို မျှော်မှန်းပင် သူမ မျက်နှာ၌ အရိပ်မထင်တတ် ရှာပေ။ လိမ္မာလိုက်တဲ့ သမီးလေး ...။
* * *
အခန်း [၃]
“မြကလေးရေ ...”
“အဘ ...“
“မနက်က ဆရာ့ဆီက စာနဲ့ လူတယောက် လာသွားတယ်။ နက်ဖြန် ဧည့်သည်တွေ ရောက်လိမ့်မယ်တဲ့ ... အဲ့ဒါ ...“
“လူများမလား အဘ ... သမီး ဘယ်နှစ်ခန်း ပြင်ဆင်ထားရ မလဲ“
“လူများမယ်တဲ့ကွယ်၊ အပေါ်ထပ်ရော အောက်ထပ်ပါ အကုန် ရှင်းထားမှ၊ ညည်းအမေနဲ့ နှစ်ယောက် လုပ်စရာ လုပ်ထားကြလေ“
“ဟင်... အပေါ်ထပ် လေးခန်း၊ ခြောက်ထပ် နှစ်ခန်းရောပေါ့ ...”
“အေးပေါ့ကွယ် .... ဧည့်ခန်းတွေလဲ ရှင်းထားကြ၊ ကြားလား၊ အဖေလဲ “ဝိုင်းကူ လုပ်ပါ့မယ်”
“နေပါ့စေ ... အဘဖာသာပဲ အေးအေးနေပါ ... သမီးတို့ နိုင်ပါတယ်”
အဖေ နေမကောင်း တကောင်း အခြေအနေမို့သာ အဖေ့ကို နေပါ့စေ ပြောလိုက်ရသော်လည်း တကယ်တန်းကျတော့ သည်ကိစ္စဘွေ အားလုံး မသန်းမြ တယောက်တည်းသာ ဒိုဒ်ခံ လုပ်ရမည်သာ ဖြစ်၏။ အမေသည် အေးအေးလူလူသာ နေတတ်သဖြင့် မသန်းမြကို အနည်းငယ် ကူဖော်လောင်ဖက် ရသည်မှ လွဲ၍ ထိထိရောက်ရောက် မလုပ်နိုင်ချေ။ ကိုယ်ထိလက်ရောက် မလုပ်နိုင်သဖြင့် ပါးစပ်က အမိန့်ပေးပြီး စီမံတတ်သလား ဆိုတော့လည်း မစီမံတတ်ချေ။
မတတ်နိုင်ချေ။
သည်အလုပ် လုပ်ကိုင်စားသောက် နေရသူ မဟုတ်သော်လည်း အဖေ၏ အလုပ်ကို ကူညီသော သဘော ... ပြီးတော့ အိမ်စရိတ် အတွက် အပိုဝင်ငွေ ကလေးများလည်း မျှော်လင့်ချက် ရှိနေသည် မဟုတ်ပါလား။
* * *
မသန်းမြသည် ရေဟောင်းများ ထည့်ရာ ဒန်ဇလုံဟောင်းကြီး အတွင်းသို့ ကြမ်းတိုက်လက်စ ရေစိုအဝတ်ကို ကြံရည် ညှစ်သလို ညှစ်ထည့်လိုက် ပါသည်။ ဒန်ဇလုံထဲမှ ရေနှင့် အဝတ်မှ ညှစ်ထုတ် လိုက်သော ရေတို့သည် အရောင် အတူတူ ဖြစ်နေပါသည်။ ကြံရည်ရောင်ပင် ဖြစ်ပါ၏။
အဝတ်ဟောင်းကို ရေသစ် ထည့်ထားသော ဒန်အိုးထဲ ပစ်ထည့်လိုက်ပြီး ခါးဆန့်လိုက်သည်။ နဖူးမှ ချေွးသီးများကို လက်ညှိုးဖြင့် သပ်လိုက်သည်။ ကြံရည်ရောင် ချေွးသီးများ လက်ညှိုးများမှာ ပါလာ၏။
ဖုန်များ သဲများကြောင့်လော ... လိမ်းထားသော သနပ်ခါးများ အရည်ပျော် ကျသွား သောကြောင့်လော မပြောတတ်ပါချေ။
ကြံရည်ရောင်ချေွး။
နှာသီးနှင့် ပါးမို့ကြားမှ စီးကျလာသော ချေွးစကလေး တစက နှုတ်ခမ်းသို့ လာထိသည်။ ယောင်ရမ်းပြီး လျှာဖျားကလေးဖြင့် သပ်လိုက်မိသေးသည်။ ငန်ညိုညိ။
ငန်ညိုညိ ချေွး။
“ဟဲ့ ... မြ ... နင်က ငါရောက် နေတာတောင် မသိဘူး၊ ဟင်း ကောင်မ ... ရွှေမင်းသား လာမယ် ဆိုတာနဲ့ ရင်ကွဲနာ ကျအောင် ကုန်းလုပ် နေတာလား”
သူငယ်ချင်းဖြစ်သူ ကျူကျူ၏ အသံကြောင့် အလန့်ထညက် လှည့်ကြည့်မိသည်။
“ဘာရယ် ... ကျူ ... ရွှေမင်းသား ဘာတွေ လာပြောနေတာလဲ”
“ဟင်း ... ကောင်မ ... မသိချင်ဟန် ဆောင်မနေနဲ့၊ သတင်းက မြို့ထဲမှာတောင် ပြန့်နေပြီဟာ ...”
“ငါလဲ မြို့ထဲ မရောက်တာ ကြာပြီပဲ ကျူရယ်၊ အိမ်က အလုပ်တွေ ပိနေလို့ ... ကဲ-ခုလဲ ဧည့်သည်တွေ တပြုံတမကြီး ရောက်လာမယ် ဆိုလို့ တအိမ်လုံးကို တယောက်ထဲ ကုန်းလုပ် နေရတာ ... လူကို ပင်ပန်းနေပြီ”
“အဓိပ္ပါယ် မရှိတာ မြရယ်၊ ဒီမှာတည်းမယ့် ဧည့်သည်ကို ဒီလူက မသိဘူးလို့ ... ဟီဟိ ...”
ပြောင်စပ်စပ် လုပ်နေသော ကျူကျူကို မသန်းမြ နားမလည်နိုင်ချေ။ ယောင်နန ဖြစ်နေသော မသန်းမြကို ကျူကျူက အနိုင်ကျင့်တတ်သော သူငယ်ချင်းမျိုး အပြုံး ပြုံးပြီး ...
“ကိုင်း ... လုပ်မနေနဲ့ ဒီမှာ အော်တိုစာအုပ်၊ တော်ကြာ တို့က သူ့အနား ကပ်ချင်မှ ကပ်ရမှာ၊ ပြီးတော့ လူတွေ ရုန်းရုန်း၊ ရုန်းရုန်း ကြားထဲမလဲ အရေးခိုင်းရမှာ ရှက်လို့ ... ညည်းပဲ ကူညီပြီး ရေးခိုင်း ပေးစမ်းပါ။ ထိုးမြဲ လက်မှတ်ကလေး ရယင် တော်ပါပြီ .... လိပ်စာရယင် ပိုကောင်းတာ ပေါ့ဟယ် ...”
ကျူကျူ လှမ်းပေးသော စာအုပ် ကလေးကို ကိုင်ယင်း မသန်းမြ ကြောင်နေ၏။ မိတ်ဆွေများ၊ ဆွေမျိုးများ၊ နိုင်ငံကျော်များ၏ စာတန်း ကလေးများ၊ အမှတ်တရ ဓာတ်ပုံ ကလေးများ ထိုးမြဲလက်မှတ် ကလေးများကို စုစည်းပြီး အမြတ်တနိုး သိမ်းထားရာ စာအုပ်ရှည်ရှည် လက်တဝါးစာကလေး ...။
ကျူကျူသည် မြို့လယ်မှာ နေသော လူလတ်တန်းစား ကျောင်းနေဘက် သူငယ်ချင်း ဖြစ်၏။ အော်တို စာအုပ်ကလေး ဆောင်ထား တတ်သည်မှာ မဆန်းမှန်း မသန်းမြ သိပါသည်။
သို့သော် ... ခုဟာ ဘယ်သူ့ထံ အရေးခိုင်းမှန်း၊ ဘာကြောင့် ရေးခိုင်းမှန်း ... အို ... ပြီးတော့ ဧည့်သည်တဲ့၊ ရွှေမင်းသားတဲ့။ ရှုပ်လိုက်တာနော် ...။
“ငါ့ကို နားရှင်းအောင် ပြောစမ်းပါ ကျူကျူရယ်”
ကျူကျူ တွေသွား၏။
“ဟဲ့- နင်တကယ် မသိဘာလား”
ပြီးတော့ ကျူကျူသည် မသန်းမြကို သနားကရုဏာ ဖြစ်သွား၏။ အားလည်း အားနာမိ လေသည်။ အဘယ်ကြောင့် ဆိုသော် ... ဟုတ်သားပဲ ... မသန်းမြသည် သူတို့ သူငယ်ချင်းတွေ ထဲမှာ အဆင်းရဲဆုံး၊ ရှစ်တန်းနှင့် ကျောင်းထွက် လိုက်ရပြီး တံငါသည် တပိုင်း ဖြစ်နေသူ ကလေး။
“ဆောရီးပဲဟယ်၊ နင်တကယ် မသိတာလား၊ နှင့်အဖေတို့ ကလေ ပြောမပြဘူးလား”
“ဟေ့အေး”
“ဟယ်တော့ ... အံ့ပါရဲ့၊ နက်ဖြန် နင်တို့ ဗိုလ်တဲမှာ ရုပ်ရှင်အဖွဲ့ လာတည်းမယ် လေဟာ၊ အဲဒါ ကိုတာ ပါမယ်တဲ့”
“ဟင် ...”
မသန်းမြသည် အာမေဍိတ် ကလေး မပွင့်တပွင့် ပြုယင်း ဆတ်ကနဲပင် တုန်သွားမိ၏။ ကိုတာ ... တဲ့။ ကိုတာ ...။
ရုပ်ရှင်မင်းသား “ကိုမျိုးတာ” သည် ကနေ့ နာမည် အလွန် ကြီးနေသော မင်းသား ဖြစ်၏။ လူငယ်ပရိသတ်က အထူးသဖြင့် နှစ်ခြိုက်၏။ ကြိုက်၏။ နာမည်ကိုပင်လျှင် “ကိုတာ” ဟူ၍ အဖျားစွတ်ပြီး ခေါ်ကြသည် အထိ။ မိမိတို့နှင့် တအိမ်တည်း နေသော မိသားစု တဦးလိုပင် သူတို့ စိတ်ထဲမှာ ထားကြ၏။
မသန်းမြ၏ ရင်တွင် အတန်ကြာ ငြိမ်နေပြီးမှ ရုတ်တရက် အမှတ်မထင် ပေါက်ကွဲလာသော မီးတောင်ဟောင်း တခုကဲ့သို့ ဘာမှန်း မသိသော ခံစားမူတခု ဝင်လာ၏၊ ဝမ်းသာသလို ကြောက်လန့် သွားသလိုလို။
“ကိုတာ” ကို စွဲလမ်းသူများ ထဲတွင် မသန်းမြလည်း ပါပါသည်။ ရှစ်တန်းကျောင်းသူ ဘဝကဆိုလျှင် ဓာတ်ပုံ ပို့ပေးပါနော်။ ခင်မင်တတ်ယင် စာပြန်ပါနော် ... (ဟုတ်သည် မဟုတ်သည် အပထား) “ကိုတာ့ ကားတွေဆို မလွတ်တမ်း ကြည့်တာရယ်ပါ။ မာနများ ကြီးတတ်သလား ဟင် ... စသော သနားစဖွယ် ခရာတာတာ မိတ်ဆက်စာ ကလေးများပင် ရေးမိခဲ့ဖူး၏။ စာပို့သမား၏ အလာကို မျှော်ရသည် မှာလည်း နေ့လား ညလား ဆိုသလိုပင် ပြန်စာလေး ရေးပို့ ဖြစ်ခဲ့လျှင် ဓာတ်ပုံဘောင် အလွတ် တခုမှာ ကပ်ပြီး နံရံမှာ ချိတ်ထားမည် ဟူ၍ပင် သူ စိတ်ကူးကလေးတွေ ယဉ်ခဲ့ဖူး၏။
သို့သော် တကယ်တန်း လက်တွေ့ ဘဝသည် သူမ၏ စိတ်ကူး ကလေးများကို ရယ်မော လှောင်ပြောင်လျက်။ ခရု ကလေးများ ရှိရာ သဲသောင်ပြင်နှင့် ငါးညှီနံ့ သင်းနေသော တံငါတဲကလေးများ ဆီသို့ ခေါ်ယူ သွားခဲ့သည်မှာ နှစ် အတန်ကြာခဲ့ပြီ မဟုဘ်လား။
ဟော ... ခုတော့လည်း သူမ ရှိရာသို့ ရွှေမင်းသား ကပင် အရောက်လာတော့ မတဲ့။ မြရတော့မှာပဲဟု စိဘ်ထဲတွင် ကြည်နူးမိ ပြန်သည်။ မှန်၏။ မြင်ရတော့မှာပဲ ...ဟူသော မျှော်လင့်ချက်ထက် တဆင့် တက်ဖို့ရာ စိတ်ကူးဖို့ပင် စိတ်မကူး နိုင်ပါ ... မဟုတ်လား။
“ကဲ ... ငါ မြို့ထဲ ပြန်အုံးမယ်၊ နင် ကူညီ ပါဟယ်နော်၊ ပြီးတော့ သူတို့က ဒီပင်လယ်ဝမှာပဲ ရိုက်မှာဆိုတော့ ငါလဲ လာကြည့်အုံးမှာပါ၊ ဒါပေမယ့် နင်က အနီးကပ် နေရမှာပါ၊ ဒါပေမယ့် နင်က အနီးကပ် နေရမှာ ဆိုတော့ ပို အခွင့်အရေး သာတာပေါ့၊ ငါရှက်လို့ပါဟာနော် ...”
ပြောပြောဆိုဆိုပင် ကျူကျူသည် ခုန်ပေါက် ပြေးလွှားသွားယင်း သူ့ စက်ဘီးကလေးကို အသော့နင်း၍ ပြန်သွားလေ၏။ မသန်းမြသည် အော်တိုစာအုပ် ကလေးကို ကိုင်ယင်း ငေးနေရာမှ လက်ခုံကလေးကို နှုတ်ခမ်းပေါ်သို့ ဖွဖွကလေး ဖိလိုက်မိ၏။ ကြံရည်ရောင် ချေွးစတို့သည် ကြံရည်လို ချိုနေပြန် ပါလား။
အိမ်ဘက်သို့ ထွက်ပြေးလာမိသည်။
* * *
“အဘ ... အဘ”
အမောတကော သံဖြင့် အော်လိုက်မိသည်။
“ဟဲ့- မြကလေး၊ ဘာဖြစ် လာတာတုန်း၊ အမောတကောနဲ့”
မသန်းမြသည် ကလေးငယ် တယောက်ပမာ သူ့အဖေ၏ လက်ကို ဆွဲယင်း ...
“ဟင်- အဘတို့ မကောင်းဘူး၊ ဘယ် ... ဧည့်သည်လာမယ် ဆိုတာတောင် သမီးကို ကြိုမပြောဘူး”
သူမ၏ အဖေကလည်း ဘာမှန်း ညာမှန်း မသိသလိုပင် ကြောင်တွေတွေ လုပ်နေပြန်သည်။
“ဘာပြုလှိ့တုန်း မြကလေးရဲ့၊ ဘယ်ဧည့်သည်ပဲ လာလာ ကြိုပြီး သန့်ရှင်းရေး လုပ်ရမှာ အဖေတို့ တာဝန်ပဲ၊ ပြီး အရာရှိ စာထဲမှာကလဲ ဗိုလ်တဲ ရှင်းဖို့နဲ့ အရေးကြီးတဲ့ ဧည့်သည်တွေမို့ ဂရုစိုက်ဖို့ပဲ ပါတာပဲဟ"
“အဲဒါပြောတာပေါ့ အဘရဲ့၊ ခု လာမှာက ကိုတာ ... တို့ဆို"
“ဘယ်က ကိုတာလဲကွယ့်”
“မင်းသားလေ အဘရဲ့၊ ရုပ်ရှင်မင်းသား ကိုမျိုးတာလေ”
“ကွယ်- သူ့ဘာသာသူ ဘာဖြစ်ဖြစ်ပေါ့၊ အဲ့ဒါများကွယ်”
ထိုအချိန်တွင် မီးဖိုချောင်ထဲမှ စကား အလွန်နည်းသော အမေ့အသံသည် စာစာကလေး ထွက်လာ၏။
“ဪ- ဟုတ်ပါ့၊ မနက်ကတော့ ဈေးထဲမယ် အကြား လိုက်သား၊ ရုပ်ရှင်သမားတွေ ဒီကို ရောက်မယ် ဆိုလား”
မသန်းမြသည် သူ့အခန်းကလေး ထဲသို့ ပြေး၊ ကျူကျူ အော်တိုစာအုပ် ကလေး ခေါင်းအုံးအောက် ဝှက်ပြီး ဗိုလ်တဲကြီး ဆီသို့ ပြန်ပြေးခဲ့ ပြန်သည်။
ဗိုလ်တဲအဝင် တံခါးမကြီး အဝတွင် ခါးထောက်ရပ် လိုက်၏။ ခန်းမကြီး တခုလုံးကို မျက်လုံးကစား နေလိုက်သည်။
“အင်း ... အစကနေ ပြန်ပြီး ရေပတ်တိုက်မယ်”
* * *
အခန်း [၄]
နေခြည်နုကလေးသည် ညက ရွာခဲ့သော မိုး၏ အငွေ့အသက်များ ကြားမှ ပြုံးပြုံးကြီး ယပ်တောင်ခတ်လျက် ဝင်ရောက်လာ လေသည်။
မသန်းမြသည် စောစောစီးစီးမှာပင် အိပ်ရေး တဝကြီးဖြင့် နိုးနှင့်လေပြီ။ တနေ့လုံးလည်း ပင်ပန်းခဲ့ပါ၏။ တညလုံးလည်း မှေးကနဲ ပျော်လိုက်၊ အိပ်မက် မက်လိုက်၊ ပြန်နိုးလိုက်နှင့် အိပ်ရေးမဝ ဖြစ်ခဲ့ပါ၏။ သို့သော် သည်မနက်မှာတော့ ဘယ်လိုမှန်း မသိ လန်းဆန်း နေပါသည်။
“ဟယ် ကြည့်စမ်းပါအုံး၊ ကိုတာ လာမယ် ဆိုတာနဲ့ အချိန် နောက်ကျနေခဲ့သော ပိတောက်ပန်းတွေပင် ရုတ်တရက်ပွင့်နေ ပါပကော“
ဗိုလ်တဲဝင်းကြီး အတွင်း ရှိသမျှ ပိတောက်ပင်တွေ ဝါထိန်လို့ ပါလား။
ဒါနဲ့ ရွှေမင်းသားတို့ ဘယ်အချိန်များ ရောက်လာမှာတဲ့တုံး။
အို ... ဘာဆိုင်လို့တုန်းတဲ့။
ဟော ... ကားသံတွေ ကြားတယ်။
ဟယ် ... ဟုတ်ပါဘူး။ ပင်လယ် လှိုင်းပုတ်သံတွေပါ။
မျက်နှာကြိုသစ် ထားမည်ဟု စိတ်ကူးယင်း နောက်ဖေး ရေကပြင်ဘက် ထွက်လာခဲ့၏။ သူမ သီချင်းညည်း ပြန်သည်။
မြကလေ ... မျှော်ဆဲ ...။
* * *
နံနက် ဆယ်နာရီလောက် ကျမှ ဒေါ့ဂျစ်ကား တစီး၊ ဒတ်ဆန်းကား တစီး လူ အပြည့် ပစ္စည်း အပြည့်နှင့် ခြံဝမှာ လာဆိုက်သည်။ လူတယောက် ဆင်းလာပြီး သူမတို့တဲဆီသို့ လျှောက်လာသည်။
မသန်းမြသည် ရင်ကလေး တခုန်ခုန်နှင့် ငရုတ်သီး ထောင်းယင်း စိတ်တိုနေသည်။ မနက်ကလည်း သူလာမည် ဆို၍ အစောကြီး ထပြီး ရေခတ်ရတာ အမော။ ရေခတ်ရတာကို ရေးကြီးခွင်ကျယ် ပြောရတာမှာ လိုအပ်သည်ထက် ပို၍ ရေတွေ တပုံးပြီး တပုံး မမောတမ်း ခပ်နေမိသောကြောင့် ဖြစ်၏။ ထိုတဲ(ဗိုလ်တဲ?) နှစ်ထပ်စလုံး လုံလောက်အောင် ရေဖြည့်ပြီးသည့် တိုင်အောင် ဗိုလ်တဲဘေးမှ ရေကန်ထဲသို့ပါ မလိုအပ်ပဲ ရေဖြည့်ထားခဲ့မိသည်။
အထူးသဖြင့်မူ ဗိုလ်တဲတွင် အကောင်းဆုံးဟု သူမ သတ်မှတ်ထားသော အခန်းကို အသန့်ဆုံး ဖြစ်အောင် သူမ ပြင်ဆင် ထားမိသည်။ ဘာပဲဖြစ်ဖြစ် မင်းသားကိုတော့ အကောင်းဆုံး အခန်းမှာ ထားကြမှာပဲပေါ့။
ဟော ... အခု သူတို့ ရောက်လာပြီ ဆိုကာမှ အမေက သူမကို မီးဖိုဆောင် တာဝန်ပေးသည်။ အမေ မကောင်းဘူး။ အမေကိုရော အဖေ့ကိုပါ စိတ်တိုရသည်။ ကြည့် ... သော့တွဲကြီး ကိုင်ပြီး အဖေ ထသွားသည်။ အမေက နောက်တော်ပါးက ကော့လန် ကော့လန်နဲ့ အလုပ်မရှိ အလုပ်ရှာပြီး လိုက်သွားသည်။ ဒီကဖြင့် လုပ်လိုက်ရတာ။
ဆူသံပူသံများ၊ ရယ်မောသံများ၊ ပစ္စည်းရွှေ့သံ ချသံများ ယေက်ျားမိန်းမ သံစုံကို မီးဖိုထဲမှ ကြားရလေလေ ဖင်တကြွကြွ ဖြစ်ရလေ။ ပြီးတော့ ခါးကြားထဲ အဆင်သင့် ညှပ်ထားသော ကျူကျူ၏ အော်တိုစာအုပ် ကလည်း ခိုးလိုးခုလု။ ရောက်ရောက်ချင်းပဲ ရေးခိုင်းရတော့ မလိုလို ထင်နေမိသည်။ ထင်နေမိသည် ဆိုသည်ထက် ဘာမှန်းကို မသိပဲ အဆင်သင့် လုပ်ထားမိခြင်း ဖြစ်တန်ရာသည်။ သူ့ အတွက်ပါ စာရွက်တခုနှင့် ရေးခိုင်းရ ကောင်းနိုးနိုး။ ဒါမှမဟုတ် ကျူကျူ၏ စာအုပ်မှာပင် နှစ်ခု ရေးခိုင်းရ ကောင်းနိုးနိုး စဉ်းစားမိသေး၏။
မသန်းမြသည် ကလေးငယ် တယောက် မနက်ဖြန် သင်္ကြန် ကျမည်ကို ဒီည ကတည်းက နို့ဆီခွက် ဖက်အိပ်ထား သကဲ့သို့ ဖြစ်ခဲ့ရ လေသည်။
ဘာပဲဖြစ်ဖြစ်။ ခုတော့ အမေက သူ့ကို ငရုတ်သီးထောင်း ခိုင်းထားရစ်သည်။ စိတ်ပျက်လိုက်တာ ...။
ငရုတ်သီးယင်လည်း မြန်မြန်ညက်မှ အလုပ်ယင်လည်း မြန်မြန်ပြီးမှ ...
သူမသည် ဗိုလ်တဲမကြီးဘက်ဆီမှ ပစ္စည်းရွှေ့သံ၊ လူသံဆူသံများကို ကာကွယ်ရန် အလို့ငှာ ဆုံနှင့် ကျည်ပွေ့တို့ ထိခတ်သံကို ပို့၍ ပြင်းထန် နေစေတော့သည်။
* * *
ခဏကြာတော့ အမေ ပြန်ရောက်လာ လေသည်။ ခြေသံကြား ကတည်းက အမေမှန်း သိပါသည်။ သို့သော် သူ မလှည့်ကြည့်ပါ။ စိတ်မရှည်မှန်း ပို၍ သိသာစေရန် ဆောင့်ကြောင့်ထိုင်ယင်း ငရုတ်သီးကို ထောင်းနေ၏။
“ဟဲ့ ... သမီး မြကလေး၊ ဟိုမှာ ညည်းအဖေ တယောက်တည်း သွားပြီး ဝိုင်းပြီး ကူလိုက်အုံး၊ လူတွေ များလွန်းလို့ ငါလဲ ငြီးစီစီ ဖြစ်လာပြီ“
သူမသည် ချက်ချင်းပင် အမေ့ကို ကျေးဇူးတင်မိ ပြန်သည်။ စိတ်တို နေသည်များလည်း ချက်ချင်း ပျောက်သွား၏။ မဆိုင်းမတွပင် ဗိုလ်တဲမကြီး ဘက်သို့ ပြေးလေသည်။
ကြည်နူးပျော်ရွှင် နေရပါလျက် သူမသည် စိတ်တိုစဉ်ကလို ဘာကြောင့် တဒိတ်ဒိတ် ခုန်ရပါသနည်း။
* * *
ဗိုလ်တဲပေါ်မှာ လူတွေ တလှေကြီး ယောက်ယက်ခတ် နေကြသည်။ လူတန်းစား နှစ်မျိုး တွေ့နိုင်သည်။ သူမ၏ အဖေလို အခြေအနေမှန်း သိသာစေသော လူများနှင့် အထက်တန်း ကျသည် ခေါ်ရမလား ... သားသားနားနား ရှိသည် ခေါ်ရမလား အိုက်တင်နှင့် နေကြသည် ခေါ်ရမလား ... သူမ မပြောတတ်သော လူနည်းစုတို့ ဖြစ်ကြ၏။
ထိုလူနည်းစုတို့သည် မည်သူမင်းသား၊ မင်းသမီးမှန်း၊ မိတ်ကပ်ဆရာမှန်း၊ ဇာတ်ရံတွေမှန်း၊ လူရွှင်တော်တွေမှန်း ... မှန်းဆ၍ မရနိုင်ပါ။ အားလုံးတို့သည် ဆေးရောင်စုံကို အဝတ်မှာရော မျက်နှာမှာပါ ခြယ်သ ထားကြ၏။ ဆင်ဆင်တူတွေချည်း။
သူမသည် ထိုလူစုများ ကြားတွင် မယောင်မလည်သာ ရပ်နေမိသည်။ ဘာလုပ်၍ ဘာကူညီရမှန်း မသိ အဖေ ကိုယ်တိုင်လည်း ထောင့်ကွေး တခုတွင် ခပ်ရို့ရို့ကလေး ရပ်နေရှာ၏။
သူမ၏ စိတ်တွင် လတ်တလော အလောတကြီး တွေ့ချင်သူကား ရွှေမင်းသား၊ သူဘယ်မှာ(ပါ့မလဲ?)၊ သူ့ကိုတော့ မြင်မြင်ချင်းပင် မှတ်မိနိုင်ပါသည်။ တောင်မြောက်လေးပါးကို မျက်လုံးကစား ကြည့်သည်။ ရွှေမင်းသားကို မတွေ့ရချေ။
နာရီဝက် တနာရီလောက် ကြာမည် ထင်သည်။ ထိုအခါကျမှ သူမ မသိသော ဆေးရောင်စုံ အမျိုးသမီး နှစ်ယောက်၏ စိတ်ပျက်ဖွယ် စကား အချီအချ ပြောသံကို ကြားရ၏။
“မထူးပါဘူးဟယ် ... မမနဲ့ပဲ ဟိုဘက်ခန်းမှာ စုအိပ်တာပေါ့“
“ဟိုလွတ်နေတဲ့ အခန်းကကော”
“မင်းသား တည်းဖို့လေ”
“ဟင် ... သူက မြို့ထဲမှာ တည်းတယ်ဆို”
သူမ စိတ်ပျက်ရ လေပြီ။ ဘာကြောင့်မှန်း မသိ ဝမ်းနည်းရ ပြန်သည်။ ဟော ... ရင်တွေလည်း ခုန်လာပြန်ပြီ။
အဖေနှင့် အတန်သင့် ကူညီချင်ဟန် ဆောင်ပြီးနောက်၊ အမေ ကဲ့သိုပင် ပင်ပန်းချင်ဟန် ဆောင်ပြီး အိမ်ပြန်ခဲ့သည်။
အိမ်ရှေ့တွင် အမေနှင့် လူတယောက် စကားပြောနေသည်။ ထိုသူကိုတော့ သူမ ကောင်းကောင်း သတိထားမိသည်။ ထိုသူသည် အကျႌ အကြောင်အကြား ဝက်ထားပြီး စောစောက လူအုပ်ထဲတွင် ဟိုနေရာ သည်နေရာ အနှံ့ လျှောက်သွားနေသူ ဖြစ်သည်။ ဘာရာထူး ရှိမှန်း မသိသော်လည်း အရေးပါမှန်းတော့ သိသာသည်။
ထိုသူနှင့် အမေတို့သည် ထိုနေ့ မနက်စာ ညစာအတွက် သူတို့ ရုပ်ရှင်အဖွဲ့များ ထမင်းဟင်း ကိစ္စကို တိုင်ပင် နေကြသည်။ သားငါးဟင်းလျာ ဝယ်ယူ ရရှိရေး ဖြစ်သည်။
အမေက သူမကို ထိုသူနှင့် မိတ်ဆက်ပေးသည်။ လိုအပ်တာရှိ ခိုင်းပေါ့တဲ့။
ထိုသူက သဘောကောင်းပုံ ရသည်။ လည်လည်ပတ်ပတ် ရှိပုံ ပေါ်သည်။ သူ လောလောဆယ် လိုအပ်သည်များ ကိုလည်း မှာကြားသည်။ ထိုအထဲတွင် ...
“အော် ... ဒါနဲ့ ခလေးမရယ် ပင်လယ်ငါး အကြီးစားခြောက် ကလေးများ တပိဿာလောက် ရယင် ဝယ်ချင်လို့”
“အခုလား ဦး ...”
“ရထားယင်တော့ ကောင်းတာပေါ့၊ မင်းသား အပြန် အပြန်လက်ဆောင် ပေးလိုက်ချင်လို့”
မသန်းမြ အတွက် ပျော်စရာ အကောင်းဆုံး အခိုင်းပင် ဖြစ်လေသည်။
“ရပါတယ်၊ ကျွန်မ ခဏနေ လာပို့ပါမယ်”
“ကိုင်း အဒေါ် ... ခုန ကျွန်တော် ပေးထားတဲ့ အထဲကပဲ ဝယ်ထားပေးပါ။ နောက်မှ စာရင်းရှင်းပါ့မယ်” ဟု ထိုသူက ပြောယင်း ထွက်သွားသည်။
မသန်းမြသည် ချက်ချင်း မဆိုင်းပင် အိမ်မှာ အသင့်ရှိသော ငါးခြောက် တပိဿာခန့်ကို ထုပ်နေမိ လေတော့သည်။
ပြီးတော့ ချက်ချင်းပင် ဗိုလ်တဲဆီသို့ အထုပ်ဆွဲပြီး ပြေးခဲ့သည်။ ထိုလူကြီးကို ရှာသည်။ ငါးခြောက်ထုပ် ပေးယင်းက ဘယ်လို သတ္တိတွေ ဝင်လာသည် မသိ။
“ဒါနဲ့ ဦး ... မင်းသားက ဘယ်တော့ လာမှာလဲဟင် ...”
“ညနေဘက် ရောက်မလား မနက်ဖြန် မနက် ရောက်မလားပဲ”
“ဒါဆို ...”
တော်တော်နှင့် စကားမထွက်။ ကျူးကျူ ထားရစ်ခဲ့သော အော်တိုစာအုပ် ကလေးကိုကား ခါးကြားမှ ထုတ်မိလျက်သား ဖြစ်နေ၏။ ထိုလူကြီးက ဘာကို သဘောပေါက်မှန်း မသိ ... ရယ်ပြီး ...
“အေးပါ ... ငါ ရေးခိုင်းထား ပေးပါမယ် ဟုတ်လား”
ပျော်လိုက်တာလေ။ ကျူကျူရယ် မပြောပါနဲ့တော့ ...။
* * *
ထင်တော့ အထင်သား၊ ညက ကိုးနာရီလောက်မှာ ဗိုလ်တဲရှေ့မှာ ကားတစီးရပ်သံ ကြားခဲ့သည်။ လူသံဆူသံ ကြားခဲ့သည်။ မင်းသားအတွက် ထားသည်ဆိုသော အခန်းမီး လင်းခဲ့သည်။ ရေချိုးခန်း အိမ်သာခန်းဆီမှ ရေသုံးသံ၊ ထိုရေများ ရေတောက်လျှောက်မှ စီးကျသံများ ကိုလည်း ညဉ့်လယ်အထိ မကြာ မကြာ ကြားခဲ့ရသည်။ ဪ ... ငါခပ်ထားတဲ့ ရေတွေ သူ ချိုးမှာပဲ ... သုံးမှာပဲ။ မျက်နှာသစ်မှာပဲ။ ပြီးတော့ ... အို ညကလည်း ကောင်းကောင်း အိပ်မပျော်ခဲ့။
ခုတော့ ထင်သည့် အတိုင်းပင်။
ညက မင်းသားရောက် သတဲ့။
သို့သော် မနက်က အစောကြီး နေထွက်ချိန် နေလုံးကြီးပါ ပါအောင် ရိုက်ရန်အတွက် မင်းသား အပါအဝင် လူတချို့ ပင်လယ်ဘက်သို့ ရုပ်ရှင်ရိုက် ထွက်သွားကြပြီတဲ့။
အစောကြီးထ သနပ်ခါးလူးပြီး ဗိုလ်တဲဘက် ပြေးလာခဲ့မိသည်မှာ ရှက်စရာကြီး။
ပင်လယ်ဘက် ရုပ်ရှင်ရိုက် ထွက်သွားသည် ဆိုတော့လည်း ဗိုလ်တဲကြီးသည် အယင် ဘယ်သူမှ မတည်းခင်က ထက်ပင် ပို၍ ခြောက်သယောင်း နေ၏။ တနေ့လုံး နေမထိ ထိုင်မသာ။ သို့သော် ညနေတော့ သူ ပြန်လာမှာပါ။
သည်ကြားထဲ ဟိုလူကြီး ခိုင်းခဲ့သမျှတွေ ကိုလည်း ထုံးစံ အတိုင်းပင် အမေက သူမကို တာဝန် လွှဲပြောင်းပေး ပြန်၏။
မောရတဲ့အထဲ ... မောရလိုက်တာ။
* * *
အခန်း [၅]
ညနေစောင်းပြီ။
သူတို့ ပြန်လာကြပြီ။
ခြေဖဝါးတွေ ယားလိုက်တာ။ ပြေးတွေ့ လိုက်ချင်သည်။ သို့သော် ခုနှယ် သွားတွေ့တော့ကော ဘာထူးမှာတဲ့တုန်း။ ညစာ ထမင်းစားချိန်လောက်မှ မယောင်မလည် သွားတော့မည်ဟု စိတ်ကူးသည်။
သို့သော် ဟိုလူကြီး အူယားဖားယား ပြေးလာသည်။
“ဟဲ့ ကလေးမ၊ မနက်က ငါးခြောက်မျိုး နောက် တပိဿာလောက် ရအုံးမလား”
“ဘာလုပ်ဖို့လဲ ဦး”
“မင်းသားက ကြိုက်လိုတဲ့၊ ထပ်ဝယ်ခိုင်းတာ”
သူမ မဆိုင်းတော့ပါ။ အိမ်မှာ လက်ကျန်နည်း နေသည်မို့ ဟိုဘက်ခြံမှ တံငါသည်တွေထံ ပြေးခဲ့မိသည်။ ချက်ချင်းပင် ဝမ်းသာအားရ ထုတ်ပေးလိုက်သည်။
ဪ ... သူကြိုက်သတဲ့။ တတ်နိုင်ယင် အလကား ပေးချင် လိုက်တာ။
ဟိုလူကြီးသည် အထုပ်ကို ရသည်နှင့် ဗိုလ်တဲဘက်သို့ ပြန်ပြေး တော့သည်။
“ဦး ဦး ...”
ဟိုလူကြီးက ရပ်လိုက်၏။
“ဟို ...ဟို”
“ဪ ... အေးပါ၊ ငါရေးခိုင်း ထားပြီးပါပြီ၊ ညမှ ယူတော့။ ခု သူက ပြန်တော့မှာ၊ ဒါကြောင့် ငါ့မလဲ ပြေးဟယ် လွှားဟယ် ဖြစ်နေတာ”
မသန်းမြသည် ပြေးထွက်သွားသူ လူကြီးကို ကြည့်ပြီး ငေးကြောင် နေမိသည်။ တခုခု ပြုတ်ကျ လွင့်စဉ် သွားသလိုလည်း ခံစားလိုက်ရသည်။
သူ ပြန်တော့မှာတဲ့။
ဘယ်လို ဘယ်လို စိတ်ကူးပေါက်မှန်း သူ့ဖာသာပင် သူ မသိလိုက်။ ဗိုလ်တဲဘက်သို့ ပြေးလိုက်ခဲ့မိသည်။
ကြည့်စမ်း ... ဗိုလ်တဲနား သူ အရောက်။ ကားသစ်ကလေး တစင်း ထွက်တော့မည်ကို လှမ်းမြင်လိုက်သည်။ ဟိုလူကြီးက နောက်ခန်းမှ တစုံတယောက် လက်သို့ ငါးခြောက်ထုပ် လှမ်းပေးသည်။ ထိုစဉ် ကားထွက်သွား၏။ သူမ ပြေးယင်းလွှားယင်း ကြည့်လိုက်သည်။ ရိပ်ကနဲတော့ မြင်လိုက်ရ၏။ ဟုတ်မှာပါ။ သူပဲ ဖြစ်မှာပါ။ ဆံပင် နောက်စကလေးများ ကော့နေတာ သူမှ သူ အစစ်။ ဟုတ်မှာပါ။ ကားကလေး ဝေးသွား၏။
ဟင် ... ဘယ်က ကျလာပါလိမ့်မလဲ။
မျက်ရည်တွေ။
ခဏ ကြာတော့မှ ပျာယီးပျာယာ လှုပ်ရှား နေခဲ့သော ဟိုလူကြီးသည် တာဝန်ကြီးတခု ပြီးသွားသလို သက်ပြင်းချပြီး ပြန်လှည့် လာသည်။
သူမကို မြင်တော့ အနားကို လျှောက်လာသည်။ သူ၏ လက်ဆွဲအိတ် ထဲမှ ကျူကျူ၏ အော်တိုစာအုပ်လေးကို ထုတ်ယင်း ...
“ငါ မမေ့ပါဘူးဟ ... ရော့”
သူ မယူရဲ ယူရဲ လှမ်းယူမိသည်။ ဟိုလူကြီးကို ကျေးဇူးတင်သလို ဒေသဖြစ်သလို ဖြစ်မိသည်။
“ငါ့နှယ်ဟာ ... မင်းသားကလဲ ဒီတရက်ပဲ ရိုက်ပေးနိုင်တာ ပြီးတော့ နေ့လယ်ကလဲ မိုးတွေညို့ လာလို့ ကားရိုက် ပျက်ပြီတောင် ထင်နေတာ”
စသည်ဖြင့် ဘာတွေမှန်း မသိ ရေရွတ်ယင်း ဗိုလ်တဲပေါ်သို့ တက်သွား လေတော့သည်။
* * *
သူမသည် အော်တို စာအုပ်ကလေးကို အလျင်စလို လှန်ကြည့် လိုက်၏။ နောက်ဆုံးပိုင်းကျကျ စာမျက်နှာသစ်တွင် မင်းသား၏ လက်ရေးဟု သူထင်သော စာကြောင်း ကလေးကို တွေ့လိုက်ရသည်။
တူမလေး ...
စာမေးပွဲ အောင်ပါစေကွယ်။
(... ... ... ...)
လက်မှတ် ထိုးထားသည်။ အမည် ရေးထားသည်။ လက်မှတ်သည် အင်္ဂလိပ်လိုလား၊ ဗမာလိုလား ဖတ်မရပါ။
သူမ ခေါင်းငိုက်စိုက် ချ၍ အိမ်ဘက်သို့ လျှောက်လာမိသည်။ ခြေလှမ်းတွေ လေးနေ၏။ ပြီးတော့ ... တူမလေး ဆိုသည်မှာ သူ့ကို ရည်ရွယ်သလား ကျူကျူကို ရည်ရွယ်သလား ...။
* * *
ထိုအချိန်တွင် မိုးညှို့ နေပါသည်။
-----------------
သုမောင်
၂၇ - ၅ - ၈၄
(ပြောရောပေါ့ ကိုကိုရယ် နှင့် နဝရတ်ကိုးသွယ် (တန်ခူးစာအုပ်တိုက်၊ စာမျက်နှာ ၈၅-၁၂၃)
https://www.facebook.com/aungnyiko.goldsmith.960495596
သန်းထွန်းလေး (အင်းတဲရွာ)
October (2018)
October (2018) ။ ပိုစတာကြည့်ပြီး အချစ်ကားလေးလို့ထင်မြင်မိရင်မှားသွားပါလိမ့်မယ် ဒီကားက အရှုံးသမား လူငယ်တယောက်ကိုတည်ထားတာ တိတိကျကျထပ်ပြောရရင်...
-
#တြိစက္ကစာအုပ်များ (၄၁) အုပ်ပါခဗျာ (၁)တြိစက္က ဆယ့်နှစ်ကြိုးမှော်ရုံ http:// www.mediafire.com /download/p1bc9b3kera4yth/တြိစက္က_ဆယ့်နှစ်ကြိုး...

No comments:
Post a Comment