သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Monday, December 10, 2018

ဒါကတော့ ဒါပါပဲ မင်းလူ

❄❄❄❄❄

တချို့ပြကွက်တွေကို မကြည့်ရဲသဖြင့် မသိမသာ မျက်လွှာချထား လိုက်သည်။ မျက်နှာလွှဲ နေလို့တော့ မဖြစ်။ သူငယ်ချင်းတွေက ဝိုင်းဟား ကြလိမ့်မည်။ သူသည် ကတုန်ကယင်ကြီး ဖြစ်နေသည်။ ဒါမျိုး သူတစ်ခါမျှ မကြည့်ဖူးသေးချေ။

သူသည် အတွေ့အကြုံ လုံးဝမရှိသူ အရိုင်းသက်သက်လေးတော့ မဟုတ်။ လူပျိုပေါက်ကလေးလည်း မဟုတ်။ အိမ်ထောင်သက် သုံးနှစ်ရှိ၍ သားတစ်ယောက်၏ အဖေပင် ဖြစ်နေခဲ့သူ။ သို့ရာတွင် ခုလို ကြည့်နေရတာမျိုးတွေတော့ တစ်ခါမှတောင် စိတ်မကူးခဲ့ဖူးပါ။

ခိုးကြောင်ခိုးဝှက် ကြည့်ကြရခြင်း ဖြစ်သဖြင့် အခန်းတံခါးရော၊ ပြတင်းပေါက်တွေပါ ပိတ်ထားရသည်။ ထို့ကြောင့် အခန်းထဲမှာ လှောင်အိုက်နေသည်။ ဆေးလိပ်မီးခိုးတွေကြောင့်လည်း အသက်ရှူရတာ မွန်းကျပ်နေ၏။ ချေွးတွေပြန်ပြီး ငြီးစီစီကြီး ဖြစ်နေသည်။

အပြင်ထွက်နေချင်သည့် စိတ်ပင် ဖြစ်လာသည်။ ထွက်တော့ မထွက်ဖြစ်။ တစေၧအခြောက် ခံရသူလိုပင် ကြည့်လည်း မကြည့်ရဲ၊ မကြည့်ဘဲလည်း မနေနိုင်ချေ။ ကြည့်မိပြန်တော့လည်း ရင်တွေပူပြီး ဖျပ်ခနဲ မျက်လွှာချမိ၏။

ကျန်သူငယ်ချင်းတွေကတော့ မင်းသား မင်းသမီး နှစ်ပါးသွား အကကို ကြည့်နေရသလို ခပ်အေးအေးပင်။ စီးကရက် ဖွာသူ ဖွာ၊ စကား ပြောသူ ပြော။ တချို့ ပြကွက်များကို ကြည့်ရင်း အချင်းချင်း နောက်ပြောင်သူက ပြောင်နှင့် မထူးခြားသလို ရှိနေကြသည်။

ဗီဒီယိုတိပ်ခွေ ရုပ်ရှင်က ပြီးဆုံးသွားသည်။ မျိုးမင်းမြင့်က ...

“သိပ် မကောင်းလှ ပါဘူးကွာ၊ ငါက ထူးထူးဆန်းဆန်း ကလေးများ ကြည့်ရမလားလို့”

ဟု ပြောရာ တင်အောင်လင်းက ...

“မင်းကိုယ်တိုင် မင်းသားလုပ်ပြီး ရိုက်တဲ့အခါကျမှ အထူးဆန်းဆုံး လုပ်ပြပေတော့”

တစ်ယောက်တစ်ပေါက် ပြောဆို နောက်ပြောင် နေကြသည်။ ဘာမျှ ထူးခြားမှု ရှိကြဟန် မတူ။ သူတစ်ယောက်သာ ခုထိ ရင်ထဲမှာ တစ်မျိုးကြီးဖြစ်ပြီး ကြောင်တောင်တောင် ဖြစ်နေသည်။

“ဟေ့ကောင် ဖိုးအောင်၊ ဘာဖြစ်နေတာလဲ၊ ကြောင်တောင်တောင်နဲ့”

မျိုးမင်းမြင့်က သူ့ကိုမေးသည်။

“ဟင့်အင်း ... ဘာမှ မဖြစ်ပါဘူး”
“ဒီကောင်က တစ်ခါမှ မကြည့်ဖူးဘူးလို့ ပြောတယ်ကွ၊ ခုအတိုင်း ဆိုရင်တော့ ဟုတ်ပုံ ရပါတယ်၊ ဒီကောင် ဖြစ်နေပုံ ကြည့်ပါလား”
“ဟာကွာ”
“ဖိုးအောင်ရာ၊ ရန်ကုန်မှာ နေပြီး ဒီလောက် တုံးရသလားဟ”
“ကဲပါကွာ ... သွားကြရအောင်”
“ဘယ်သွားကြဦးမလို့လဲ”

ဖိုးအောင်က မေးလိုက်သည်။ အေးညွန့်ဦးက ...

“မျက်စိ ညောင်းပြီ၊ လူလည်း ညောင်းပြီ၊ တစ်ခုခု သွားစားကြမယ်”
“အစားချည်းပဲလား”

မျိုးမင်းမြင့်က ဝင်မေးရာ ...

“မင်း ရောက်နေမှတော့ အရည် မပါရင် ဘယ်ဖြစ်မလဲ၊ ထမင်းတွေ နင်ကုန်မှာပေါ့”

* * *

တက္ကသိုလ်မှာတုန်းက တစ်ဆောင်တည်း အတူတူ နေခဲ့ကြသော သူငယ်ချင်းတွေ ပြန်ဆုံကြခြင်း ဖြစ်သည်။ အဆောင်မှာ မျိုးမင်းမြင့်နှင့် အေးညွန့်ဦးတို့က တစ်ခန်း၊ ဖိုးအောင်နှင့် တင်မောင်လင်းတို့က တစ်ခန်း နေခဲ့ကြသည်။ အခန်းချင်းက ကပ်လျက်ဖြစ်သဖြင့် သူတို့လေးယောက် တွဲမိခဲ့ကြသည်။

တွဲမိကြသည် ဆိုသော်လည်း စရိုက်ချင်း လုံးဝ တူကြသည်တော့ မဟုတ်။ ဖိုးအောင်က လူအေး။ ကျောင်းမှန်မှန်တက်၊ စာမှန်မှန် ကြည့်တတ်သူ။ စာမေးပွဲနီးလျှင် သူ့မှတ်စုတွေကိုပင် အားလုံးက အားကိုးကြရသည်။

ကျန်သုံးယောက်ကတော့ လူပျော်လူနောက်တွေချည်း ဖြစ်သည်။ တင်မောင်လင်းက နည်းနည်း သောက်ပြီးလျှင် အူမြူး လာတတ်သည်။ သီချင်းအော်ဆိုပြီး ကတတ်သည်။ အေးညွန့်ဦးက လည်လည်ပတ်ပတ် ရှိသည်။ သူငယ်ချင်းတွေ ငွေပြတ်နေပြီ ဆိုလျှင် အခန်းတကာ လှည့်ချေးတာတို့၊ ပေါင်တာနှံတာ၊ ရောင်းတာဝယ်တာတို့ ကျွမ်းကျင်သည်။ တစ်ခါတလေ ပိုက်ဆံ တစ်ပြားမျှ မရှိဘဲ ဖဲဝိုင်းမှာ ဝင်ထိုင်ချင် ထိုင်တတ်သည်။ လက်ပတ်နာရီကို ရှေ့မှာချပြီး တန်ဖိုးဖြတ်၍ ကစားသည်။ သူက ဖဲလိမ်နည်းတွေ တတ်သဖြင့် ဘယ်တော့မှ မရှုံး။ ဤနည်းဖြင့် သူငယ်ချင်းတွေ သုံးစွဲဖို့ ရှာကြံပေးတတ်၏။

မျိုးမင်းမြင့်ကတော့ ဟိုစပ်စပ် ဒီစပ်စပ်သမား။ နေရာတကာမှာ ဝင်ပါတတ်သည်။ လောင်းတာစားတာလည်း ဝါသနာပါသည်။ ဘောလုံးလည်း ကန်သည်။ ပန်းချီသင်တန်းလည်း တက်သည်။ ရည်းစားလည်း များသည်။

ဖိုးအောင်သည် ရိုးရိုးအေးအေး ဖြစ်သော်လည်း အားနာတတ်သူဖြစ်၍ သူငယ်ချင်းတွေ ခေါ်လျှင် ကန့်လန့်ကန့်လန့်နှင့် ပါသွားတတ်သည်။ တင်မောင်လင်းက ပေါက်ကရ သီချင်းတွေဆိုပြီး မိန်းကလေး အဆောင်ရှေ့မှာ သွားကလျှင်လည်း ရှက်ရှက်နှင့်ပင် လိုက်ရသည်။ မျိုးမင်းမြင့်က သူ့ရည်းစား တစ်ယောက်ယောက်ကို သွားစောင့်ဖို့ အဖော်ခေါ်လျှင်လည်း ပါသွားတတ်သည်။

တစ်ခါကလည်း အေးညွန့်ဦးက တခြားအဆောင် တစ်ဆောင်မှာ ဝိုင်းရှိသည်ဆိုပြီး အဖော်ခေါ်သဖြင့် လိုက်သွားသည်။ ဝိုင်းကောင်းနေတုန်း ဆရာတွေက သတင်းရသဖြင့် ဝင်ဖမ်းရာ တစ်ပြုံလုံးမိသည်။ ဖိုးအောင်လည်း မဆီမဆိုင် ပါသွားသည်။ ဆရာကြီးကို ခြေသလုံး ဖက်မတတ် ဝိုင်းတောင်းပန်သဖြင့် ကျောင်းထုတ် မခံရဘဲ အပြင်းအထန် သတိပေးခံလိုက်ရသည်။

ဘွဲ့ရပြီးသောအခါ အသီးသီး လုပ်ငန်းခွင် ဝင်ကြရသည်။ မျိုးမင်းမြင့်က သူ့မြို့ကို ပြန်သွားသည်။ ကျန်သုံးယောက်က ရန်ကုန်မှာပင် ကုပ်ကပ်နေပြီး အလုပ်ရှာကြသည်။

သူတို့ထဲမှာ အအေးဆုံး၊ အရိုးဆုံးဆိုသော ဖိုးအောင်က အရင်ဆုံး မိန်းမ ရသွားသည်။ တင်မောင်လင်းကလည်း လွန်ခဲ့သောနှစ်က လက်ထပ်လိုက်သည်။ အေးညွန့်ဦးနှင့် မျိုးမင်းမြင့်တို့ကတော့ အိမ်ထောင် မပြုကြသေး။

ရန်ကုန်မှာ ကျန်ခဲ့သော သုံးယောက်သည် ကိုယ့်အလုပ်နှင့်ကိုယ်၊ ကိုယ့်အိမ်ထောင်နှင့်ကိုယ် ဖြစ်လာကြသဖြင့် ကျောင်းမှာတုန်းကလို မတွဲဖြစ်ကြတော့။ တစ်ခါတစ်ရံမှသာ ဆုံဖြစ်တော့သည်။

ထိုအချိန်မျိုးတွင် မျိုးမင်းမြင့် ရန်ကုန်ကို လာလည်သည်။ သူငယ်ချင်းတွေ ပြန်ဆုံကြသည်။ မျိုးမင်းမြင့်က ...

“ငါ ရန်ကုန်ရောက်တုန်း ပျော်စရာလေးတွေ ရှာရအောင်”

ဟု ဆိုသည်။

တင်မောင်လင်းနှင့် အေးညွန့်ဦးတို့က သဘောတူသည်။ ဖိုးအောင်ကလည်း ထုံးစံအတိုင်း အားနာပါးနာနှင့် ပါလာသည်။

ပထမဆုံး ဗီဒီယို ကြည့်ကြသည်။ အေးညွန့်ဦးက မျိုးမင်းမြင့် ကြည့်ချင်နေသော တိပ်ခွေကို မရရအောင် လိုက်ရှာပြီး ပြရသည်။

ပြီးတော့မှ စားကြ သောက်ကြဖို့ ထွက်လာခဲ့ကြလေသည်။

* * *

စားသောက်ဆိုင် တစ်ခုမှာ ထိုင်သည်။ စားကြ သောက်ကြသည်။ နှစ်နှင့်ချီအောင် ကွဲနေကြသော သူငယ်ချင်းများ ပြန်ဆုံခြင်း ဖြစ်သဖြင့် တော်တော် ပျော်ကြသည်။

စကားတွေလည်း အများကြီး ပြောကြသည်။ အေးအေးဆေးဆေးသမား ဖိုးအောင်တောင် တော်တော် သောက်ဖြစ်သွားသည်။ သူသည် တစ်ခါတလေမှသာ သောက်လေ့ရှိသူ ဖြစ်သည်။ သောက်လျှင်လည်း သူငယ်ချင်းတွေ ကျေနပ်အောင် စတိသဘော၊ တစ်ခွက်ထက် မပိုချေ။ ဒီနေ့တော့ သူလည်း နည်းနည်း နှုတ်သွက်အာသွက် ဖြစ်လာသည်။

“ကျောင်းမှာတုန်းက အဆောင်ရှေ့မှာ သီချင်းသွားဆိုတာကို သတိရတယ်ကွာ”

ဟု တင်မောင်လင်းက ပြောသည်။ မျိုးမင်းမြင့်က ...

“ဟေ့ကောင် ... ဒီအရွယ်ကြီး ရောက်မှတော့ လမ်းလယ်ကောင်မှာ သီချင်းဆိုပြီး ကမနေနဲ့ဦးနော်”
“ငါ ဒီလောက် မပေါတော့ပါဘူးကွ”
“အေး ... ဒီကောင်က ခုမူးရင် မကတော့ဘူး၊ သူ့ယောက္ခမ သူ့ကို အထင်သေးတဲ့ အကြောင်း ပြောပြောပြီး ငိုလိမ့်မယ်”
“ဟာ ... တစ်ခါလေး လုပ်မိပါတယ်၊ ပြောလို့မဆုံးတော့ဘူး”

* * *

စားသောက်ဆိုင်ထဲက ထွက်လာတော့ အားလုံး မှန်နေကြပြီ။ ဖိုးအောင်သည် အရမ်းမူးနေတာ မဟုတ်သည့်တိုင် ပုံမှန်အတိုင်း မဟုတ်တာတော့ သေချာသည်။ ခေါင်းထဲက ရီတီတီနှင့် အူမြူးသလိုလို ဘာလိုလို ဖြစ်နေသည်။

“ကဲ ... ဘယ်နှစ်နာရီ ထိုးပြီလဲ”
“ရှစ်နာရီ”
“ဟင် ... အစောကြီး ရှိသေးတယ်”
“ကမ်းနားမှာ သွားထိုင်ပြီး စကားပြောကြမလား”
“တစ်ချိန်လုံး စကားတွေ ပြောခဲ့ကြပြီးပြီပဲ၊ ခု လက်တွေ့ လုပ်ရမယ့်အချိန် ရောက်လာပြီ”
“မင်းဘာလုပ်ချင်လို့လဲ”

မျိုးမင်းမြင့်က လက်ဟန်ခြေဟန်ဖြင့် လုပ်ပြသည်။

“ဟာကွာ ... ဒါတော့ မလုပ်ပါနဲ့၊ မကောင်းပါဘူး”

ဟု ဖိုးအောင်က ကန့်ကွက်သည်။

“အံမာ ... မင်းက မိန်းမရှိတဲ့ကောင် ဆိုတော့ ဒီစကား ပြောမှာပေါ့၊ ငါ့မှာ ရန်ကုန် လာတုန်းလေး အားရအောင် ပျော်ရတာ၊ နယ်မှာဆိုရင် ဘာမှရှိတာ မဟုတ်ဘူး”

ကျန်နှစ်ယောက်က မျိုးမင်းမြင့် အကြံကို လက်ခံသည်။ ဖိုးအောင်လည်း ထပ်မငြင်းတော့ဘဲ သဘောတူလိုက်၏။

* * *

ပန်းခြံဘက်သို့ လျှောက်လာကြသည်။ ပန်းခြံထဲမှာ အပန်းဖြေ နေကြသူတွေ၊ လမ်းလျှောက် နေကြသူတွေ၊ ထိုင်စကားပြော နေကြသူတွေ၊ တချို့လည်း ဟန်ရေးပြပြီး လမ်းသလား နေကြသည်။ အေးညွန့်ဦးက တစ်ယောက်ကို ညွှန်ပြသည်။

“ဘယ်လို သဘောရသလဲ”
“မဆိုးပါဘူး ... မေးကြည့်လေ”

အေးညွန့်ဦးက ဘေးချင်း ယှဉ်မိအောင် လိုက်လျှောက်သွားပြီး မေးသည်။

“ဘယ်လိုလဲ”
“ဒီလိုပဲ”

သူတို့ တိုးတိုး တိုးတိုး ပြောကြသည်။ ခဏကြာတော့ အေးညွန့်ဦး ပြန်လာသည်။

“အလကားပါကွာ၊ ငါတို့ကို အချဉ်တွေ မှတ်လို့ ဈေးကို နင်းကန် အော်နေတယ်၊ နေကြဦး ... နည်းနည်း ထပ်ကြိုးစား လိုက်ဦးမယ်”

အေးညွန့်ဦး ထွက်သွားပြန်သည်။ ခဏအကြာမှာ ပြန်ရောက်လာပြီး ...

“အနားကပ် ကြည့်တော့မှ မစွံပါဘူးကွာ”

ထိုစဉ်မှာ ဖိုးအောင်က တစ်စုံတစ်ယောက်ကို လှမ်းမြင်လိုက်ရသည်။ ဗာဒံပင်အောက်မှာ ရပ်နေသော တစ်ယောက်။ ခပ်လှမ်းလှမ်း ဓာတ်တိုင်မှ မာကျူရီ မီးရောင်က သစ်ပင်ရိပ်ကို ကွက်တိကွက်ကျား တိုးဝင်နေသဖြင့် သူ့ကို မြင်သာရုံလောက် ရှိသည်။

သူ့ကိုယ်နေဟန်က ပြေပြစ် တောင့်တင်းသည်။ အရပ်အမောင်း ကောင်းသည်။ မျက်နှာကို သေသေချာချာ မမြင်ရသော်လည်း ဆွဲဆောင်မှုရှိမှာ သေချာသည်။

ဖိုးအောင် ငေးကြည့်နေမိသည်။ ရင်ထဲမှာ တစ်မျိုးကြီး ခံစားလိုက်ရသည်။

“ဟေ့ကောင်တွေ ... ဟိုမှာကွ”

ဟု ပြောလိုက်သည်။ ပြီးတော့မှ သူ ဘာဖြစ်လို့ ညွှန်ပြလိုက်မိပါလိမ့်ဟု တွေးမိပြန်သည်။ စိတ်ပါသလိုလို ဖြစ်လာသည့် အတွက်လည်း သူ့ကိုယ်သူ အံ့ဩနေသည်။

မျိုးမင်းမြင့်ဆီက လေချွန်သံတစ်ချက် ထွက်ပေါ်လာသည်။

“ဟာ ... သားနားတယ်ဟေ့”
“ငါသွားမယ်”

ဟု ဖိုးအောင်က အလိုလို ပြောမိသည်။

“ဟာ ... မင်း ဘယ်လို ဖြစ်တာလဲ”

တင်မောင်လင်းက ပြောနေတုန်း ဖိုးအောင် ထွက်လာခဲ့သည်။ ဗာဒံပင် အောက်က မိန်းကလေးက ဖိုးအောင် လာနေသည်ကို မြင်သဖြင့် ကိုယ်နေကိုယ်ဟန်ကို ပို၍ ကြည့်ကောင်းအောင် လုပ်လိုက်ပြီးမှ မမြင်ချင်ယောင် ဆောင်နေလိုက်သည်။

ဖိုးအောင် အနားမှာ သွားကပ်ပြီး ...

“ဘယ်လိုလဲ”
“ဒီလိုပဲ”
“ဘယ်သွားမလို့လဲ”
“ဟိုနား ဒီနားပေါ့”
“လမ်းကြုံတယ် လိုက်မလား”
“ဘယ်ကိုလဲ”
“တစ်နေရာရာပေါ့”

အမျိုးသမီးက စဉ်းစားသလို လုပ်နေသည်။ အနီးကပ် ကြည့်တော့မှ သူ့ရုပ်ရည်သည် ထင်ထားသည်ထက် ပို၍ စွဲမက်စရာ ကောင်းကြောင်း တွေ့ရသည်။ ဖိုးအောင် ရင်တွေ ခုန်လာ၏။ အမျိုးသမီးကို စိုက်ကြည့်နေမိသည်။

“အို ... လူကို ဘယ်လို ကြည့်နေတာလဲ”

ဖိုးအောင် ရှိန်းခနဲ ဖိန်းခနဲ ဖြစ်သွားသည်။ ချက်ချင်း သတိရလိုက်သည်။ ဘာမျှ ထပ်မပြောတော့ဘဲ ချာခနဲ လှည့်ထွက်လာခဲ့သည်။

“ဘယ်လိုလဲကွ ... မင်း တကယ်ရဲပါလား၊ မင်း ဒီလောက် လာလိမ့်မယ်လို့ ထင်တောင် မထင်ဘူး”

ဟု သူငယ်ချင်းတွေက ဝိုင်းပြောကြသည်။ သူလည်း သူ့ကိုယ်သူ အံ့ဩမိသည်။ သူက ခေါင်းခါပြီး ...

“ပြန်ကြရအောင်ကွာ၊ ဘာမှ ဆက်လုပ် မနေပါနဲ့တော့”
“ဟာကွာ ... ဘယ်လို ဖြစ်တာလဲ”
“မင်းတို့ နေချင်နေခဲ့ကွာ၊ ငါပြန်တော့မယ်”

ဟု ပြောပြီး လှည့်ထွက် လာခဲ့သည်။ သူငယ်ချင်းတွေက ...

“ဟာ ... ဟေ့ကောင်၊ ဘာဖြစ်တာလဲ”

ပြောတာကိုတောင် လှည့်မကြည့်တော့။

* * *

အိမ်ကို ပြန်လာသည့် လမ်းတစ်လျှောက်တွင် သူ့စိတ်တွေ တင်းကျပ်နေသည်။ ခုလို တစ်ခါမျှ မဖြစ်ခဲ့ဖူးချေ။ အရက်သောက်တာ များသွားလို့များလား။ တစ်ချက်တစ်ချက်တွင် ဗာဒံပင်အောက်က အမျိုးသမီး၏ ကိုယ်နေဟန်ကို ဖျတ်ခနဲ မြင်ယောင်မိသေးသည်။ သူသည် အတင်းကြိုးစား၍ မြင်ကွင်းထဲက မောင်းထုတ်ပစ်လိုက်သည်။

အိမ်ပြန်ရောက်သည် အထိ ကတုန်ကယင်ကြီး ဖြစ်နေရတုန်းပင်။ ရီဝေဝေ ဖြစ်နေတာလည်း မပျောက်တော့။ သူ့စိတ်တွေ ပုံမှန် မဟုတ်တော့ဘူး ဆိုတာ သူ့ကိုယ်သူ သိသည်။

အိမ်ပေါက်ဝမှာ ခဏရပ်သည်။ စိတ်ကို ငြိမ်အောင်ထိန်းလိုက်ပြီးမှ တံခါး ခေါက်လိုက်သည်။ တံခါးဖွင့်သည်။ တံခါးပေါက်ဝတွင် သူ့မိန်းမ ရပ်နေသည်။ အိမ်ရှေ့မီးမှိန်မှိန်တွင် သူ့မိန်းမ၏ မျက်နှာကို ခပ်မှုန်မှုန် မြင်နေရသည်။ သူသည် မိန်းမကို အကြာကြီး စိုက်ကြည့်နေမိသည်။ သူ့ရင်တွေ ပြင်းထန်စွာ ခုန်လာသည်။

သူ့မိန်းမက ...

“ဘာဖြစ်နေသလဲ”

ဟု မေးသည်။

“ဘာဖြစ်လို့လဲ”

ဟု သူက ပြန်မေးသည်။ သူ့အသံတွေက မမှန်။

“မောင့်မျက်လုံးတွေက တစ်မျိုးကြီးပဲ”

သူက ဘာမျှ ပြန်မပြောဘဲ သူ့မိန်းမ၏ လက်မောင်း နှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။

မင်းလူ

ချယ်ရီ၊ ဇန်နဝါရီ၊ ၁၉၈၇။

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ကွန်ပျူတာမှာ မြန်မာစာသုံးလို့ရအောင် ဖန်တီးခဲ့သူအကြောင်

 ကွန်ပျူတာမှာ မြန်မာစာသုံးလို့ရအောင် ဖန်တီးခဲ့သူအကြောင်း . သူ့အမည်အပြည့်အစုံက ဂျွန် ဝီလီယံ အယ်လန် အိုကယ် (John William Alan Okell) "ဦး...