။
ဒီဓလေ့က ဗမာတို့အနေနဲ့စိမ်းလှမယ်ထင်ဘူး
မိသားစုထဲ လူကြီးသူမတဦးဦးဆုံးပါးသွားရင် သားသမီးမြေးမြစ် တူတူမငယ်လေးတွေရဲ့ အရပ်ကို အချည်ကြိုးနဲ့တိုင်းလို့ ဆုံးပါးသူနဲ့အတူ ထည့်သွင်း သင်္ဂြိုဟ်တတ်ကြတယ်
ဒါကို လိပ်ပြာခွဲတယ်လို့ခေါ်တယ်
ဒီနေရာမှာ စဉ်းစားစရာဖြစ်လာတာက လိပ်ပြာဘာလို့ခွဲရလဲပေါ့ မရေမရာပါဘဲ အဖြေတိတိကျကျ ကျေနပ်လောက်စရာမရပါဘူး
ထင်တာတော့ ထိုဆုံးပါးပြီးသူက ကလေးသူငယ်တို့အပေါ် စွဲလမ်းစိတ်နဲ့ လာရောက်တွေ့ဆုံခြင်းမပြုအောင် ကလေးတို့ရဲ့ အရပ်တိုင်းအပ်ချည်ကြိုးကို ကလေးသဏ္ဍာန်ပုံပမာထားကာ ဝိညာဉ်ပွားပေးလိုက်တယ် လိပ်ပြာခွဲပေးလို့ ယူဆပြီး အတူထည့်သွင်းပေးလိုက်တယ် ဆိုတဲ့ သဘောလေများလားလို့ တွေးမိတယ်
သဘောက ကလေးတို့ညအထိတ်တလန့်မဖြစ်စေဖို့ မေတ္တာစိတ်အခြေခံလို့ပေါ့
_
ဒီလိုသေသူနဲ့ သူပိုင် သူနဲ့ဆက်စပ်တဲ့အရာတွေ ထည့်သွင်းသင်္ဂြဟ်တဲ့ ဓလေ့က ကိုယ်တွေစီမှာမှ နှာဖူးအတက်ပေါက်သလို ထူးရှိနေတာတော့မဟုတ်ပါဘူး
ရှေးအီဂျစ်လူမျိုးတွေဆိုရင် မသေခင်ကတည်းက သူတို့သင်္ချိုင်းဂူကို သူတို့ကိုယ်တိုင်တည်ဆောက်လို့ သေရင် သူတို့အသုံးအဆောင်တွေ အဝတ်အစားတွေ မြင်းရထားပါ ထည့်သွင်း သင်္ဂြိဟ်စေသတဲ့
ထိုအဆောက်အဦကြီးကို ပိရမစ်လို့ခေါ်တယ်
အစောပိုင်းကာလများဆိုရင် သူတို့ရဲ့ အရင်းနှီးဆုံး မှူးကြီမတ်ရာ စစ်သူကြီးတွေပါ ထည့်သွင်း သင်္ဂြိဟ်ကြတယ်လို့လည်း သမိုင်းမှတ်တမ်းတွေကဆိုတယ်
ဘာကြောင့်ဒီလိုထည့်သွင်းကြလဲဆိုရင် နောင်ဘဝမှာလည်း ယခုလိုအဆောင်ယောင် အခြွေအရံအသင်းအပင်းတွေနဲ့ အတူဖြတ်သန်းနေထိုင်နိုင်စေဖို့လို့ဆိုတယ်
နောက်ပိုင်းတော့ ပြောင်းလဲလာတဲ့ ခေတ်စနစ်တွေအရ မှူးမတ်တွေ စစ်သူကြီးတွေကို လူပုဂ္ဂိုလ်အရှင်လတ်လတ်မဟုတ်တော့ဘဲ သဏ္ဍာန်တူအရုပ်တွေထုလုပ်ကာ ထည့်သွင်းလာကြတယ်တဲ့
အဲ့နောက်တော့ စရိတ်လျှော့တဲ့အနေနဲ့ သဏ္ဍာန်တူပေမယ့် ပုံစံငယ်တွေကိုသာ ထည့်သွင်းလာကြတယ်လို့ဆိုတယ်
_
အိန္ဒိယမှာလည်းရှေ့မလှမ်းမကမ်းအတိတ်ကာလကလေးမှာ ဒီသဘောတွင်တွင်ကျယ်ကျယ်ရှိခဲ့ပုံပဲ
Author Jules Verne ဂျူးလ်စ် ဗားန်(၁၈၂၈–၁၉၀၅) ရဲ့ Around the World in Eighty Days ဆိုတဲ့စာအုပ်မှာ မဟာရာဂျာတပါးဆုံးတော့ သူ့ဇနီးကိုပါ အရှင်လတ်လတ်ထည့်မြှပ်မယ်အလုပ်မှာ ကယ်ခဲ့ကြတာကိုး
အဆိုပါစာအုပ်ကို ဂျက်ကီချမ်းကြီးက ဇာတ်ကားရိုက်ကူးရာမှာတော့ ဒီအခန်းကို နိုင်ငံရေးအရ လူမျိုးရေးအရ အမုန်းပွားမှုမဖြစ်ရအောင် တမင်ချန်လှပ်ထားပုံပဲ
အဲ့ကားက ကိုယ်တွေစီမှာတော့ ကမ္ဘာပတ်လည် ရက်၈၀လို့ နာမည်ကြီးပါတယ်
အဲ့ဒီမှာ သူ့ဇနီးကို ထည့်မြှပ်တယ်ဆိုတာက ရှေးခေတ်မှာ ဇနီးဆိုတာ လင်ယောက်ျားပိုင်ဆိုင်ရာမို့ သူနဲ့အတူထည့်သွင်းပေးလိုက်ခြင်းက နောင်ဘဝမှာ အတူယှဉ်တွဲနေထိုင်နိုင်စေဖို့ ခယလုပ်ကျွေးပြုစုနိုင်ဖို့ ယုံကြည်ရင်းနဲ့လို့ဆိုပါတယ်
ဒီပြင်သစ်နိုင်ငံသားစာရေးဆရာကြီးက စိတ်ကူးအတွေးအခေါ်အတော်ဆန်းသစ်တယ် ကိုယ်တော်တော်သဘောကျတဲ့ မင်းသားကြီးဘရန်ဒန် ဖရေဇာရဲ့ Journey to the Center of the Eart (2008) ဆိုတဲ့ ကမ္ဘာကြီးရဲ့အလည်ဗဟိုကိုရောက်သွားတဲ့ စိတ်ကူးယဉ်သိပ္ပံ ကားကလည်း သူရေးသားထားတဲ့ ဇာတ်လမ်းဗျ
ထားတော့
_
ကျွန်တော်တို့ရဲ့ အရှေ့ဘက်တိုင်းပြည်တွေမှာလည်း ဒီသဘောရှိကြပုံပဲ သေသူနဲ့အတူ သွေးစပ်သူတို့ရဲ့ ပုံသဏ္ဍာန်စက္ကူရုပ်ကလေးတွေ ကောက်ရိုးရုပ်ကလေးတွေ ထည့်ကြပုံရတယ် ဒါမှမဟုတ် သူတို့က သေပြီးသူကိုရစေလိုလျှင် မီးရှို့ပေးရတယ်ဆိုတဲ့ဓလေ့ရှိတော့
ဥပမာ သေသူကို အဝတ်အစားပေးချင်ရင် တိုက်ရိုက်ပေးလို့မရဘဲ သူ့အတွက်ရယ်ရည်စူးလို့ မီးရှို့လိုက်မှ ရတယ်လို့ယူဆကြတော့ မီးရှို့ပေးကြတယ်ပေါ့
ပထမတော့ တကယ့်အစစ်တွေဖြစ်ကောင်းဖြစ်နိုင်ပေမယ့် နောက်ပိုင်းတော့ စရိတ်စကလျှော့ချဖို့လား အတွေးအမြင်ပြောင်းလဲလာလို့လေပဲလား ပုံစံတူ စက္ကူရုပ်လေးတွေပြုလုပ်မီးရှို့ကြပုံပဲ
သူတို့က ကွယ်လွန်ပြီး ဆွေမျိုးတွေက အနီးအပါးမှာရှိတယ် သူတို့ကို ပူဇော်ပသရင် သူတို့ရဲ့ ပြန်လည်မဆမှုကို ရနိုင်တယ်လို့ ယုံကြည်ယူဆပြီး နှစ်ဦးနှစ်ဖက်အကျိုးစီးပွားယှဉ်တွဲတဲ့ အညမညသဘောနဲ့ပါ
_
ကျွန်တော်တို့မှာက ထေရဝါဒဗုဒ္ဓဘာသာယူပါတယ်ဆိုပြီး ဗုဒ္ဓက ဘဝအစဉ်ဟာအကြားအလပ်မရှိဖြစ်ပျက်ပါတယ် တံ့နေခြင်းသဘောမရှိပါဘူးဆိုထားရဲ့နဲ့ ခုနှစ်ရက်နေမှထွက်တယ်တို့ သုံးရက်နေမှ ထွက်တယ်တို့ ယူနေတာက တယ်မဟုတ်ချင်ဘူး
တခုတော့ရှိတာပေါ့ အတိတ်ဘဝကိုစွဲလမ်းစိတ်နဲ့ မခွဲနိုင်မခွာရက် ပြိတ္တာဖြစ်နေရင်တော့ ကိုယ့်အနီးအပါးမှာ ရှိနေတတ်တာပေါ့
တိတိကျကျပြောရရင် ဒါကလည်းဘဝတခုပဲမို့ ခုနှစ်ရက်မကပါဘူး သူ့စွဲလမ်းစိတ်ကို သူကိုယ်တိုင်ကဖြတ်တောက်မပြစ်နိုင်သမျှကာလပတ်လုံး ဘယ်လောက်လိပ်ပြာခွဲခွဲ အတူရှိနေမှာပါ
သူငယ်ချင်းတယောက်နောက်သလိုပေါ့ ဘယ်လောက်ချစ်လှပါချည်ရဲ့ဆိုဆို ရှင်တုန်းအခိုက်ကလေးပါပဲ
သေပြီးမှတွယ်ကပ်နေရင်တော့ ရိုးရိုးနဲ့မရရင် ဘုန်းကြီးပါပင့်ပြီး မောင်းချလိမ့်မတဲ့ 😄
။
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
ကိုလေး ☆ အင်းတဲ

No comments:
Post a Comment