သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Monday, February 23, 2026

✔️ ပဋ္ဌာန်း - ❌ ပဌာန်း

 


ပဋ္ဌာန်း - ပဌာန်း
အဘိဓာန်မှာတော့ အကြောင်းတရား ၂၄ ပါး (၂၄ ပစ္စည်း) ကို အကျယ်ဟောကြားသော ‌ဗုဒ္ဓဒေသနာတရပ် လို့ဖွင့်ပါတယ်

ထားပါတော့ 

ခုပြောလိုတာက အဓိပ္ပာယ်ကိုမဟုတ်ပါဘူး
ရေးထုံးကိုပါ

ဒီမှာ ပဋ္ဌာန်း ဆိုတဲ့ရေးထုံးမှာ
ပစောက်နောက်က င အောက်ကခြေထောက်လေးက တဆက်တည်းမဟုတ်ဘဲ လည်ပင်းလေးခံနေတာသတိထားမိကြမယ်ထင်တယ်

နောက်ထပ်ရေးထုံး ပဌာန်း ကတော့ ပစောက်နောက်က ငလေးက ခြေထောက်တဆက်တည်းဖြစ်နေတယ်ပေါ့ တနည်းအားဖြင့် ဌ ဝမ်းဘဲပေါ့ဗျာ

ဒီလိုရေးထုံးနှစ်မျိုးကွဲနေတယ်

အလှသက်သက်ရေးတာ ‌ရေးဟန်သာကွဲပြီး တသံတည်းထွက်တယ် ဘာမှမထူးပါဘူးလို့လည်းထင်နိုင်ပေမယ့် အမှန်တော့ တော်တော်ကွာပါတယ်

ပထမ လည်ပင်းပါတဲ့ ပဋ္ဌာန်းဆိုတာက ယူနီကုတ်မှာ ရေးဖို့ဆိုရင် လည်ပင်းပါတဲ့ အက္ခရာလေးက သီးသန့်မပါတော့

ပ စောက်ရေး ပြီးတော့ ဋ တလျင်းချိတ်ရေး ပြီးတော့ စာဆင့်တဲ့ အပေါင်းလက္ခဏာလေးရေးပြီး ဌ ဝမ်းဘဲ ပြီးတော့ ရေးချ နငယ်သတ် ဝစ္စနှစ်လုံးပေါက်ပေါ့

သဘောက အဆိုပါလည်ပင်းလေးက ဋတလျင်းချိတ်နဲ့ ဌဝမ်းဘဲ နှစ်လုံးဆင့်ထားတဲ့ ချုံ့ထားတဲ့ သင်္ကေတပေါ့ဗျာ

ဒီတော့ ဒါကိုဖြည်လိုက်ရင် ပဋ် ဌာန်း လို့ဖြစ်သွားမှာပါ

နောက် လည်ပင်းမပါတဲ့ရေးထုံးကတော့ အထူးတလည် ရှင်းပြနေဖို့လိုမယ်မထင်ပါဘူး ပဌာန်း ပဲပေါ့

ဒီစကားလုံးလေးက ပါဠိ ပဋ္ဌာန ကနေ မြန်မာမှုပြုယူထားတယ်လို့ဆိုပါတယ်

ဒီတော့ ဒီရေးထုံးနှစ်ခုကိုယှဉ်လိုက်ရင် ကိုယ်တော့
လည်ပင်းလေးပါတဲ့ ပဋ္ဌာန်းဆိုတဲ့ ရေးထုံးလေးကိုပဲ သဘောကျမိတယ် 

အရပ်သုံးမှာတော့ ဒီရေးထုံးနှစ်ခုလုံး အလျဉ်းသင့်သလိုသုံးကြပေမယ့် အဘိဓာန်မှာတော့ ဒီလည်ပင်းပါတဲ့ရေးထုံးကလေးကိုသာ ပြဌာန်းထားတယ်ဗျ

အသံအားဖြင့်တော့ စာသံအတိုင်း
ပဋ် ဌာန်း (ပတ် ထာန်း) လို့ထွက်မလား
ဖတ်ရိုးဖတ်စဉ်အတိုင်း (ပ ထာန်း ) လို့ပဲထွက်မလားဆိုတာတော့ တကိစ္စပေါ့
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
ကိုလေး ☆ အင်းတဲ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

Lakshya (2004) ငပျင်းတယောက်ရဲ့လျှောက်ရာလမ်း (ဇာတ်ကား🖊 တွေး၊ညွှန်း)

  Lakshya (2004)  ငပျင်းတယောက်ရဲ့လျှောက်ရာလမ်း (ဇာတ်ကား🖊 တွေး၊ညွှန်း) .. မင်းဘာဖြစ်ချင်လဲ..? ဘာလုပ်ချင်လဲ..? အဲ့ဒီမေးခွန်းအတွက် ချက်ခြင်းအဖ...