သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Thursday, November 13, 2025

Bro Daddy (2022) ဇာတ်ကားတွေးညွှန်း


 Bro Daddy (2022)

.

ဒီကားလေးက ကိုယ်‌ကြည့်ဖို့ဆိုပြီး ဆွဲယူထားလိုက် ဇာတ်အစလေးကြည့်ပြီး အရုံမလာတာနဲ့ ဖျက်ပြစ်လိုက်နဲ့ အခါခါဖြစ်နေခဲ့တာ


အမှန်တော့ကိုယ့်ဝသီအရဆိုရင် ဇာတ်ကားတကားကြိုက်ဖို့ဆိုတာ ပြကွက်တခုခြင်းစီကအစ အသေးစိတ်ကျနကောင်းမွန်နေဖို့မလိုပါဘူး


တကားလုံးချာတူးလန်နေပါစေ တစက္ကန့်စာလောက်ပဲဖြစ်ဖြစ် ပြကွက်လေးတခု ပြောစကားလေးတခွန်းကတောင် ကိုယ့်ကိုနှစ်သက်သွားအောင်စွဲဆောင်နိုင်ပါတယ်


ဒါဆိုရင်ဘာကြောင့် ဒီကားမှာဒီလိုဖြစ်နေရလဲမေးရင် 

မင်းသားကြီးတွေ လှတပတမင်းသမီးငယ်လေးတွေနဲ့ရိုက်တယ်ဆိုရင်  


သူတို့ပုံရိပ်အတွက်အသားပေးပြီး သူတို့အတွက်တည်ထားတဲ့ဇာတ်လမ်းမှာ မင်းသမီးကို ဈေးကွက်သဘောအရဖြတ်လျှောက်မျိုး ဇာတ်ရုပ်နဲ့မလိုက်ဖက်တဲ့ လွန်ကဲတဲ့ ချစ်စဖွယ်ဟန်အမူအရာတွေကို တမင်လုပ်ခိုင်းကာ ပြနေတတ်တယ်လို့ယူဆတာကြောင့်ပါ


ပြီးတော့ တချို့မင်းသားတွေ 

ငွေရှိလို့ဇာတ်ကားရိုက်မင်းသားလုပ်နေကြသူတွေဆိုရင်လည်း ဒီလိုပေါက်နေတဲ့ လှပတဲ့မင်းသမီးတယောက်နဲ့ရိုက်တယ်ဆိုတာ 


သူမတို့ကိုပုံရိပ်ကိုမှီပြီးလူသိစေချင်စိတ် ဒါမှမဟုတ် မင်းသမီးနဲ့ကာယချင်းထိတွေ့နိုင်ဖို့ အသားပေးထားတဲ့ဇာတ်လမ်း ပြကွက်တွေသာများတတ်တာမို့ပါ


ဒီကားမှာလည်း ဒီသဘောတွေကို အစောပိုင်းပြကွက်တွေမှာတွေ့ရတယ်လို့ခံစားမိတယ်


ဒါပေမယ့် မင်းသမီးက ကလျာဏီလေးမဟုတ်လား 😁

ဒါကြောင့်ကြည့်ဖို့လုပ်လိုက်ဖျက်လိုက်ခဏခဏဖြစ်နေတာရယ် ဒီလိုနဲ့နောက်ဆုံးကြည့်ချင်စိတ်ကနိုင်သွားတယ်ပေါ့ဗျာ


အစောပိုင်းပြကွက်တွေကနေ ဇာတ်အလယ်ပိုင်းအထိအတော်သည်းခံကြည့်ရတယ်


ကိုယ်နှစ်သက်စရာဘာမှရနိုင်စရာမရှိပါဘာလားလို့ စိတ်ပျက်စွာပဲ ဇာတ်ကားအဆုံးထိကြည့်နေရင်းက ပြီးခါနီးမှာတော့ သဘောကျစရာပြကွက်လေးတခု ပြောစကားလေးတခု တွေ့မိတယ်


ဒါကြောင့်ပဲ ဒီကားလေးကိုညွှန်းချင်တာပါ

အလင်းအမှောင်နဲ့ ကင်မရာအယူအဆ ပြောစကားလေးတွေက သိပ်သဘောကျစရာကောင်းတယ်


ပြောစကားကို ဒီအတိုင်းပြန်ပြောရင် ဘာကြောင့်ဆိုတာသဘောမပေါက်ဖြစ်နိုင်တာမို့ ဇာတ်အစဉ်ကိုပြန်ကောက်ရရင်


ကောင်လေးနဲ့ကောင်မလေးတရပ်တကျေးမှာ အတူနေကြရင်း ကိုယ်ဝန်အရမှာမိဖတွေဆီပြန်လာလို့ လက်ထပ်နိုင်ဖို့ အစီအစဉ်ဆွဲတယ်ပေါ့ဗျာ


ဒီမှာကောင်မလေးက သူ့အဖေကိုတိုက်ရိုက်မပြောရဲတော့ ကောင်လေးအဖေကနေတဆင့် ဇာတ်လမ်းဆင်တယ်


နောက်ဆုံး လက်ထပ်ပွဲ‌ရောက်ခါနီးစဲစဲမှာ ကောင်လေးက တရပ်တကျေးမှာ ကောင်မလေးတယောက်နဲ့အတူနေလို့ ကိုယ်ဝန်ရမှပြစ်သွားတယ်ဆိုတာ ကောင်မလေးရဲ့အဖေကသိလာခဲ့တယ် 


ဒါပေမယ့်အဲ့ဒီကောင်မလေးက သူ့သမီးဆိုတာမသိဘူးပေါ့


ဒီတော့ ဒီလိုအကျင့်စရိုက်မကောင်းသူနဲ့ သဘောမတူနိုင်ဘူးပွဲကြမ်းရာက သူ့သမီးကိုယ်တိုင်ကပြောလာတယ် အဲ့ဒါသူမပါပဲတဲ့


ကဲဘယ်လိုလဲ

အဖေလုပ်သူ ဘယ်လောက်ရှက်သွားမလဲစဉ်းစားကြည့်


ဒီလိုနဲ့ညအမှောင်မှာ တိတ်ဆိတ်စွာထိုင်နေတဲ့အဖေဖြစ်သူဆီ သမီးကလျှောက်လာတယ်

ကိုယ်ညွှန်းချင်တာက ဒီနေရာလေးပါ


သမီးကိုခွင့်လွှတ်ပါနော်တဲ့


မျှော်လင့်ချက်များစွာမျက်ဝန်းနဲ့ မော့ကာတိုရှိုးတောင်းဆိုနေတဲ့သမီးရဲ့ဦးခေါင်းကို လက်နဲ့ညင်သာယုယစွာအုပ်မိုးနွေးထွေးစေလို့ ကြေကွဲစွာကြည့်ပြီး


ဒီပြဿနာကိုသမီးကိုယ်တိုင်အဖေ့ကိုပြောပြရင် သမီးအတွက်အဖေက မားမားမတ်မတ်ရပ်တည်ပြီး ဖြေရှင်းပေးလိမ့်မယ်လို့ သမီးတကယ်မယုံကြည်ဘူးလားတဲ့


တကားလုံးဘဝင်မကျခဲ့လေသမျှဒီနေရာအရောက်မှာ ဖခင်နဲ့အတူထပ်တူခံစားမိရင်း ကိုယ့်ကိုယ်ကိုလည်း ပြန်မေးမိတယ်


ကိုယ်အမြတ်နိုးဆုံး တန်ဖိုးအထားရဆုံးသူက

ကိုယ့်ကို သူစိမ်းတွေလောက်တောင် 

ယုံကြည်မှု

အားကိုးမှု 

အလေးထားမှုမရှိဘူးဆိုတာသိရရင် ဘယ်လိုခံစားရမလဲဆိုတာကိုပေါ့


Director: Prithviraj Sukumaran

ဒီကားထဲက မင်းသားပါပဲ

.

.

ကြည့်ရန်

https://t.me/kolayinde1/421

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ


No comments: