မူရင်း
အင်တာနက်ပေါ်မှာ ရွာက ကလေးတွေ ကြာပန်းတွေနဲ့ပုံရိုက်တင်ကြတာမြင်ရင် ရွာလွမ်းစိတ် အိမ်လွမ်းစိတ်ဟာ နင့်နင့်သည်းသည်းပါပဲ။
ဒီချိန်ဆို အင်းထဲမှာ
ကြာဖြူကြာနီတွေလှိုင်လှိုင်ကြီးပွင့်နေလောက်ပေါ့။
ကျောင်းသားဘဝတုန်းက သူငယ်ချင်းတွေစုံလို့ ဇာတိမြေအကြောင်း အိမ်အကြောင်းပြောကြရင် ကိုယ့်ရွာမှာ သိပ်လှတဲ့တောင်တန်းကြီးရှိတဲ့အကြောင်း တောင်ခြေက အင်းကြီးဟာကြာပန်းတွေနဲ့သိပ်လှကြောင်းတွေ တခမ်းတနားပြောပြရတာ အမော။
ရွာမှာနေတုန်းက ဝါဆိုဝါခေါင်ရောက်လို့ မိုးကြီးကြီးရွာရင် အိမ်အလည်လာတဲ့ အရှေ့ရပ်က အင်းနဲ့နီးတဲ့ အဒေါ်ကို အင်းထဲရေတွေဝင်နေပြီလားအမြဲမေးရတယ်။
ငယ်ငယ်က သူများတွေ ညနေစောင်း အင်းထဲရေချိုးသွားကြရင် လိုက်ချင်လွန်းလို့ အမေ့ကို နားပူနားဆာလုပ်ရတာလဲအမြဲ ဘာဖြစ်ဖြစ် အလိုလိုက်တဲ့အမေက ဒီတခုတော့ ကြိုက်သလိုဂျီကျ မောသာသွားမယ် မလိုက်ရဘူးပဲ။
တကယ်ကျ ရေထဲဆင်းရပ်တာကလွဲပြီး ရေလဲမကူးတတ် ရေလဲမငုပ်တတ်တဲ့ကိုယ့်ကို အမေကရေနစ်မှာဆိုးလို့ပေးမလိုက်ခဲ့တာရယ်။
အင်းထဲမှာက မိုးအရမ်းများတဲ့နှစ်တွေဆိုရင် ထူးမကြီးခေါ်တဲ့ ရေချိုးဆိပ်မှာတောင် ရေကတော်တော်လေးနက်ပြီး ကြာတွေဆိုတာများ ကြာရိုးရှည်ကြီးတွေနဲ့သိပ်လှတာ။
ရွာကျောင်းတက်နေချိန် ကလေးအရွယ်တုန်းကတော့ အရှေ့ရပ်ကသူငယ်ချင်းတွေ ကြာပန်းတွေချိုးပြီး တပွေ့တပိုက်ကျောင်းယူလာရင် သူငယ်ချင်းတွေကြား ကြာပန်းလုရတာ တမျိုးပျော်စရာကောင်းခဲ့သေး။
ကြာရိုးကို ဘယ်ညာတလှည့်ဆီ အဆစ်ကလေးတွေ တဆစ်ချင်းသီပြီး ကြာပုတီးတွေ သုံးလေးငါးကုံး အထပ်လိုက်ကြီး သီဝတ်ခဲ့ကြတာလဲ အမှတ်တရတစ်ခုပါပဲ။
အင်းထဲမှာ ကြာပန်းတွေချည်းလားဆို ဘယ်ဟုတ်မလဲ ဗေဒါပန်းတွေ၊ပေါက်ပန်း၊ဥာဏ်ပန်းတွေဆိုတာ အပြိုင်အဆိုင် မြိုင်မြိုင်ကြီးပွင့်ကြတာမျိုးရယ်။
ရွာမှာက အင်းတောင်တန်းကြီးရော အင်းရောဆိုတော့ မျှစ်၊မှို၊ကြက်တက်ရွက်၊ငရံ့ပတူရွက်၊သမုန်းပွင့်၊သဖန်းသီး စတဲ့ သဘာဝသီးပင်စားပင် အပွင့်အဖတ်အသီးအရွက်တွေဆိုတာ သူ့ရာသီနဲ့သူ လှိုင်နေအောင်သီးကြပွင့်ကြတာများ ရွာအပြင်ထွက်ရင် ဟင်းတခွက်ရတယ်ဆိုသလိုမျိုးလေ။
ဘုတလင်တကြောမှာတော့ အင်းတဲနှင့်သဖန်းကထွက်တဲ့ မျှစ်က အချိုဆုံးနဲ့စားလို့အကောင်းဆုံးလို့ပြောသမှတ်ပြုကြတယ်။
ပြီးတော့ ပန်းတွေဖြစ်တဲ့ ကြွေးပန်း၊ရှဥ့်မတက်ပန်း၊ အင်ကြင်းပန်း၊ယင်းမာပန်းတွေဆိုတာလဲ သူ့ရာသီနဲ့သူ တောင်ပေါ်မှာဝေနေအောင်ပွင့်ကြတဲ့ပန်းတွေ။
ဆိတ်ကျောင်း၊နွားကျောင်း၊မျှစ်ချိုး၊ထင်းခွေသွားလို့ ပန်းတွေပွင့်နေရင် တက်ဟယ်ပြုဟယ် ခူးလာချိုးလာပြီး ရပ်ထဲရွာထဲ သူ့အိမ်ကိုယ့်အိမ် ဝေမျှပေးကြတာလဲ ချစ်စရာရွာဓလေ့လေးတစ်ခု။
အမေ့ရဲ့အဖေ ကျမတို့အဘိုး ဘိုးဘိုးကြီးဦးရာတင်ရှိစဥ်တုန်းကများဆို ၁၂ရာသီ နေ့စဥ်နေ့တိုင်း တောင်ပေါ်တက် ဝါးခုတ်အမြဲသွားတတ်သူ။
အသက်လဲကြီးနေတော့ တောင်အဆင်းအတက် လဲပြုနေမှာစိတ်ပူလို့ သားသမီးတွေက တောင်ပေါ်မသွားဖို့ ဘယ်လောက်ပြောပြော ဘိုးဘိုးကြီးဟာ သူမဆုံးခင် သွားနိုင်ချိန်ထိ တောင်ပေါ်အမြဲသွားခဲ့တဲ့သူ။
ကဆုန်လရောက်လို့ တောင်ပေါ်မှာ ကြွေးပန်းတွေပွင့်ပြီဆို ပုဆိုးနဲ့တစ်ထုပ် သူ့မြေးတွေနဲ့အိမ်နားနီးချင်းတွေဖို့ ဘိုးဘိုးကြီးဟာ ကြွေးပန်းတွေ ခူးလာပေးတတ်သူပါ။
ကဆုန်လရောက်ရင် ကြာတင်ဘွားဘွားကြီးရဲ့ ဇောင်းတဲထဲက ရေအိုးစင်က ရေချမ်းအိုး(ဘုရားပန်းအိုး)မှာ ကြွေးပန်းရနံ့တွေဆိုတာ တနေ့တာလုံးတသင်းသင်းမွှေးနေပါပေါ့။
ဘွားဘွားကြီးရဲ့ ဇောင်းတဲလေးဟာ ရက်ကန်းခတ်သူ၊ဗိုင်းငင်သူ၊ချည်စာချသူတွေရယ် ကျမတို့ဝမ်းကွဲမောင်နှမတစ်တွေကြီးရဲ့ ဆော့ကြအော်ကြဟစ်ကြသံတွေရယ်နဲ့ သိပ်ပျော်စရာကောင်းခဲ့တဲ့ ငယ်ဘဝရဲ့ပျော်စရာရပ်ဝန်းတွေထဲက ရပ်ဝန်းငယ်လေးတခု။
ကိုယ့်ရွာကလေးဟာ ရောက်ဖူးရင်မပြန်ချင်ဘူးဆိုသလို အင်မတန်နေပျော်စရာကောင်းတဲ့ အညာရွာကလေး။
အမေ့ဦးလေး ကျမတို့ဘကြီး ဦးလေးလုံးအမြဲပြောသလို "ငါ့တူမနှယ် တို့ရွာစောင့်နတ်က ဧည့်သည်များတော့ လာပြီးရင် မပြန်ချင်အောင်ထားတတ်သလားပဲ မသိပေါင်ဗျာ ဘယ်ဧည့်သည်လာလာ ရွာလာရင် ပျော်တတ်ကြတယ် မပြန်ချင်ကြဘူးတဲ့''တကယ်လဲ အဝေးက ဧည့်သည်တွေလာရင် ရွာကနေမပြန်ချင်ကြဘူး။
ရွာမှာက အစာရေစာလဲမရှားသလို တပြည်သားကိုယ်ရွှေဧည့်သည်တို့အကြိုက် ပင်ကျထန်းရည်အေးအေးမွှေးမွှေးက အပေါဆုံးပဲကိုး။
ထန်းရည်ချိုသောက်မလား ထန်းရည်ခါးပဲသောက်မလား ထန်းလျက်ခဲပဲစားဦးတော့ ထန်းလျက်ထုတ်ကုန်တွေဆိုတာ တဝကြီးစားလို့ရတဲ့ တောင်ခြေက အညာရွာစစ်စစ်ပါ။
ကျမရွာကလေးဟာ ဧည့်မကြောက်တဲ့ရွာ၊ဧည့်လာရင်ပျော်ပြီး မလာရင်မျှော်တတ်တဲ့ရွာ။
နွေရာသီရောက်ပြီဆို အလှူအတန်းတွေနဲ့ ပျော်စရာဇာတိရွာလေး။ရွာအကြောင်း ရပ်အကြောင်းဟာ စိတ်ရောက်သူအဖို့ ပြောလို့မကုန် ရေးလို့မကုန်နိုင်အောင် ပေါလှတယ်။
ဆရာမ ခင်ခင်ထူးစကားမျိုးနဲ့ပြောရရင် ကျမကရွာစိတ်ရပ်စိတ်ကြီးတဲ့သူ ဘယ်အရပ်ဘယ်ဒေသပဲရောက်ရောက် နေ့မကူးခင် ရောက်တဲ့အရပ်ကနေ အိမ်ကိုပဲအပြေးပြန်ချင်တဲ့သူမျိုး။
ဘယ်မှာပဲနေနေ ဘယ်ကိုပဲရောက်ရောက် ကျမအတွက်တော့
အညာစကား၊
အညာလေသံ၊
အညာဓလေ့၊
အညာစရိုက်၊
အညာဟန်ပန်၊
အညာရဲ့ရှူမျှော်ခင်းဟာ တသက်တာ ရင်မှာစွဲထင်နေဦးမယ်။
အညာကိုစွဲလမ်းနှစ်ခြိုက်သူ ကျမအညာသူပါ။
ရွှေချို
မူရင်း
https://www.facebook.com/share/p/19eN41SuZp/


No comments:
Post a Comment