သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Friday, November 14, 2025

သဘာဝအလှကို အတုများရဲ့အာဏာသိမ်းမှုအကြောင်း

 

သဘာဝအလှကို အတုများရဲ့အာဏာသိမ်းမှုအကြောင်း

ကျွန်တော်တို့ငယ်ငယ်က အမျိုးသမီးတို့အလှအပအတွက် ယာယီအကူတန်ဆာလေးတွေ သုံးတတ်ကြတယ်ဗျ 


ဥပမာ ဆံကေသာအတွက်ဆိုပါတော့ 

ပန်းအမျိုးမျိုးဆင်ယင်လို့ ဆံသားကိုပိုပြီးတင့်တယ်စေကြတယ် 


ပန်းဆိုတာကလည်းသိတဲ့အတိုင်း 

အရောင်အသွေးအစုံ အရွယ်အစားအစုံ ရနံ့မျိုးစုံကိုး 


ဒီတော့ အဆင်တန်ဆာအားဖြင့်ပံ့ပိုးရုံမက ရနံ့လေးပါတွဲယှက်တာမို့ သင်းသင်းပျံ့ပျံ့နဲ့ အမျိုးသားတို့ ဘဝင်နှလုံးခိုက်မိကြတာအမှန်


နောက်တော့ ပန်းလေးတွေနေရာ ခေါင်းစီးကွင်းအလှလေးတွေ အဆင်ဒီဇိုင်းမျိုးစုံနဲ့ ဆံညှပ်လေးတွေ ပေါများလာတဲ့ခေတ်တခုကိုရောက်လာတယ် 


သူတို့ကအဆင်ဒီဇိုင်းအားဖြင့်ပိုလှကောင်းလှမယ် တာရှည်ခံတာခြင်းကလည်းမယှဉ်သာအောင်ရှိချင်ရှိမယ်ဆိုပေမယ့် ဆိုးတာက ရနံ့တော့မရှိဘူးပေါ့


ဒီတော့ရနံ့ပေါင်းစုံခေါင်းလိမ်းဆီရဲ့အကူကို ထပ်ဆင့်ယူရတယ် ပန်းလိုတမျိုးတည်းနဲ့ မပြီးတော့ဘူးပေါ့


ယခုကာလမှာတော့ အထက်ပါ အကူပစ္စည်းတွေဖြစ်တဲ့ ခေါင်းစီးကွင်း ဆံညှပ်လေးတွေပါ တဖြည်းဖြည်းနေရာမရဖြစ်လာတယ်


အလှအပအတွက်အကူပစ္စည်းလေးတွေနေရာမှာ တာရှည်ခံအထောက်အကူတွေကို ကိုယ့်ကိုယ်ခန္ဓာမှာ ပိုပြီးအတွင်းကျကျ ပါဝင်ပတ်သက်စေကြတယ်လို့ ဆိုရမယ်


အရင်လို ယာယီအကူပစ္စည်းတွေမသုံးတော့ဘဲ ကိုယ်ခန္ဓာကို တိုက်ရိုက်ပြုပြင်ကြချင်းမျိုးတွေပေါ့


ဘယ်လိုလဲဆိုတော့ ဆံသားအတွက်ဆိုပါတော့ 


အရင်လို ဆံညှပ်လေးပန်းလေးနဲ့ ဆံသားရဲ့အလှကို ထောက်ပံ့ကူညီပေးစေတာမျိုးမဟုတ်တော့ဘဲ ဆံသားကိုတိုက်ရိုက်ပြုပြင်တာမျိုးပေါ့ 


စံပါယ်ဖြူလေးရဲ့ ဆံသားအထက်ကနေပံ့ပိုးမှုနဲ့ 

မျက်နှာလေး ကြည်လင်လာစေတာတွေ 


ရွှေဝါရောင်ပန်းပိတောက်တို့နဲ့အရှိန်အဝါနဲ့ 

မျက်နှာလေးဝင်းပလာစေတာတွေ


စတဲ့ ထောက်ကူပေးတတ်တဲ့ အရောင်ပါပစ္စည်းလေးတွေနေရာမှာ ဒီအရာလေးတွေကိုမသုံးတော့ဘဲ 


ဆံသားကိုပဲတိုက်ရိုက် အရောင်မျိုးစုံဆိုးလိုက်ကြတာမျိုး


တွန့်တာ

ကောက်တာ 

ဖြောင့်တာ 

ဒီဇိုင်းမျိုးစုံထုံးဖွဲ့တာ တွေကောပေါ့


လက်ကောက်ဝတ်က ခေါင်းစီးကွင်းလေးတွေ နာရီအဆန်းလေးတွေနေရာမှာ အရေအသားအောက်ထိထွင်းဖောက်နေရာယူလာကြတဲ့ အရောင်အသွေးအစုံ ဒီဇိုင်းအဖုံဖုံနဲ့ ထိုးကွင်းမင်ကြောင်တွေ


မီးခြစ်ဆံလေးသုံးလို့ မူလမျက်ခုံးလေးရဲ့အလှကို ပိုမိုနက်မှောင်လာစေဖို့ အကူအပံ့ဖြစ်စေတာလေးတွေနေရာမှာ မူလအစစ်ကိုဖျက်စီးပယ်သတ် အပြောင်ရိပ်ပြစ်လို့ ပုံသဏ္ဌာန်မျိုးစုံဆွဲခြစ်တာတွေ တခါတည်းမင်ကြောင်ထိုးလိုက်တာတွေ


ဖုချင်ရာဖောင်းချင်ရာကို အခုအခံတွေသုံးလာရာက အသားအရေအောက်ကို တိုက်ရိုက်ထိုးသွင်းမို့မောက်စေတာတွေ


စသည်ဖြင့် ပြင်ပပစ္စည်းတွေကို အလှအပအတွက်အထောက်အကူအနေနဲ့သုံးတာမျိုးမဟုတ်တော့ဘဲ ခန္ဓာကိုယ်ကိုတိုက်ရိုက်ပြုပြင်စေပြီး 


မကြိုက်ဘူးလို့ယူဆတဲ့ မူလသဘာဝအရာတွေကို ကိုယ်ခန္ဓာမှာလက်မခံတော့ဘဲ အပြီးတိုင်ဖယ်ရှားရှင်းလင်းအစားထိုးလာရာက


ခုများတော့ လူ့ခန္ဓာဟာ အတုများစွာရဲ့လွှမ်းမိုးအာဏာသိမ်းမှုကိုခံလာရလေသလားလို့ ခံစားမိလာတယ်


ဒီအတွေးတွေနဲ့ ကိုယ်တွေငယ်ငယ်က ကြားခဲ့ဖူးတဲ့ ဆရာမောင်ဆွေနွယ်နဲ့မင်းမင်းလတ်တို့ရေးသားထားတဲ့ သီချင်းလေးကြားယောင်လို့ 


သူတို့များရှိနေသေးရင် ဒီကနေ့ခေတ်ကိုကြည့်ပြီး ဘယ်လိုများရေးလေမလဲလို့တွေးမိရင်း အဲ့သီချင်းလေးနှုတ်ဖျားဆီရောက်လာပြန်တယ်


ဘာတဲ့


မြင်သူချစ်တဲ့ ဆေးဆိုးပန်းရိုက်မျက်နှာလေး

ဆွဲမက်လောက်ရဲ့ကွယ်

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ


No comments: