မဇ္ဈိမပဋိပဒါ
.
ဂေါတမဗုဒ္ဓဟာ ထိုခေတ်ကာလမှာ ကျင့်သုံးနေကြတဲ့ ခန္ဓာကိုယ်ကို အလွန်းအမင်းနှိပ်စက်လို့ ကိလေသာတွေပေါ်မလာအောင်ပြုတဲ့လမ်းစဉ် အတ္တကိလမထနုယောဂနဲ့
လောကကာမဂုဏ်တွေကို အပြည့်အဝခံစားလို့ စိတ်ကြိုက်ကဲတဲ့ ကာမသုခလ္လိကနုယောဂဆိုတဲ့အကျင့် နှစ်ခုစလုံးကိုကိုယ်တိုင်ကျင့်ကြံကြည့်ပြီးနောက် လောကရဲ့ဒုက္ခတွေကနေ ကင်းလွတ်နိုင်မည်မဟုတ်သည်ကို သိရှိပြီး
လမ်းစဉ်တခုကိုထွင်းဖောက်ကျင့်ကြံခဲ့တယ်
စိတ်ကြိုက်ကဲတဲ့လမ်းကိုပယ်တာထားပါတော့
အလွန်းအမင်းနှိပ်စက်တဲ့ကျင့်စဉ်ကို ဘာလို့ပယ်ရလဲဆိုရင် ဒီကျင့်စဉ်က ကိလေသာကို ပေါ်လာခွင့်မရှိအောင်ဖိနှိပ်ထားတာဖြစ်ပြီး သူရဲ့အပြစ်ကို ဉာဏ်ပညာနဲ့သိမြင်လို့ စက်ဆုပ်ဖွယ်အတိလို့ သိမြင်ပြီး ပယ်သတ်တာမျိုးမဟုတ်တာမို့ပါ
ဥပမာ ခိုက်ခိုက်တုန်အောင် ချမ်းနေချိန်မျိုးမှာ ထိုအချမ်းဆီမှာသာစိတ်ကရောက်နေတာဆိုတော့ အခြားစိတ်တွေမဝင်တာမျိုး
သိပ်ဆာလောင်နေချိန်မှာလည်း ထိုအပေါ်မှာပဲစိတ်ရောက်နေတာမဟုတ်လား
အပူပြင်းချိန်မှာ ထပ်ဆင့်အပူခံလို့နေနေတာမျိုးကလည်း ထိုနည်း၄င်းပေါ့
ဒီအကျင့်တွေက ကိုယ့်စိတ်သဏ္ဍာန်မှာ ကိလေသာစိတ်တွေမဝင်နိုင်အောင် အခြားစိတ်နဲ့အကာအရံပြုဝေးအောင်ထားလို့ ယာယီအားဖြင့်စင်ကြယ်နေတဲ့သဘောလို့ယူဆမိတယ်
အရက်သေစာနှစ်သက်သူတယောက် အရက်နဲ့ဝေးရာရောက်နေတော့ အရက်ပြတ်နေသလိုမျိုးပေါ့
အရက်ရဲ့အပြစ်ကို ဉာဏ်ပညာနဲ့သိမြင်လို့ရှောင်ကျဉ်တာမျိုးမဟုတ်တော့ ကိုယ်ဖက်ကအရံအတားနည်းနည်းလျော့ကျသွားတာနဲ့ ထိုအရက်နဲ့နီးစပ်တဲ့ပတ်ဝန်းကျင် ဒါမှမဟုတ် တယောက်ယောက်ကဆွယ်လာချိန်မှာ ထိုနွံထဲပြန်နစ်သွားတတ်ကြတာမျိုး
ဘုရားဖော်ဆောင်တွေရှိခဲ့တဲ့လမ်း မဇ္ဈိမပဋိပဒါဆိုတာက ကိလေသာနွံထဲမှာပဲပျော်မွေ့လို့ ဘဝကိုအလိုက်သင့်ပျော်ပျော်ကြီးနေမယ်ဆိုတဲ့လမ်းနဲ့ အလွန်အမင်းနှိပ်စက်လို့ ပေါ်လာခွင့်မရှိအောင်လုပ်တဲ့နည်းနှစ်ခုစလုံးကိုပယ်လို့
ထိုကိလေသာရဲ့အပြစ်ကို ဉာဏ်ပညာနဲ့ရှုမြင်လို့ စက်ဆုပ်ဖွယ်အဖြစ်သိမြင်ကာ ကိုယ့်စိတ်မှာဖြစ်ပေါ်လာခွင့်မပေးဘဲ ပယ်ချတာမျိုးပါ
ဒီတော့စောစောကဥပမာနဲ့ ပြန်ချိတ်ဆက်ရရင် အရက်ရဲ့အပြစ်ကို သိမြင်လို့ မသောက်သင့်ဘူးရယ်လို့ စိတ်ကပိုင်းဖြတ်ထားပြီးသူက
အရက်ဆိုင်ရှေ့ပဲဖြတ်လျှောက်လျှောက် ဘယ်သူကပဲဘယ်လောက်တိုက်တိုက် မသောက်ဖူးရယ်လို့ စိတ်ဓာတ်ခိုင်ကြည်မှု သမာဓိရှိနေတာမျိုးပေါ့
အခြားတဏှာရာဂဖြစ်ဖွယ်
အဆင်း
အသံ
အနံ့
အရသာ
အထိအတွေ့ စတာတွေမှာလည်း
ဘယ်လောက်ပဲဆွဲဆောင်ဆွဲဆောင် မြင်တွေ့မြင်တွေ့ ထိုအာရုံတို့ရဲ့အပြစ်ကို ဆင်ခြင်သိမြင်ပြီးမို့
မငြိကပ်
မဖက်တွယ်
မတပ်မက်တော့တာမျိုး
ဒါကြောင့်ဘုရားကို ဗုဒ္ဓစာပေတွေမှာ ကြာနဲ့နှိုင်းယှဉ်ဖော်ပြကြတာပါ
ရွှံ့ညွန်တည်းဟူသော ကိလေသာထူပြောရာမှာ ပေါက်ဖွားလာလင့်ကစား ထိုအာရုံတို့နဲ့ပျော်ပါးမွေ့လျှော်နေတဲ့ ရေပြင်ကိုပါထွင်းဖောက်လို့ ကင်းကင်းလွတ်လွတ် ထိုးထွက်ပွင့်လန်းတဲ့သဘောပေါ့ဗျာ
.
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်
မုချအဆုံးသတ်တော့မည်
။
သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:
Post a Comment