သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Sunday, October 10, 2021


 ထင်ရှားပြသ ကိုယ်စောင့်နတ်

.......


မြတ်ဗုဒ္ဓဒေသနာတော်တွေမှာ လူ့ပြည်မှာ ထင်ရှားပြသတဲ့ နတ်တမန်တွေရှိတယ်

အိုနာသေဆိုတဲ့ တမာန်တော်သုံးပါးပေါ့


အသက်ကြီးလို့ အိုမင်းမစွမ်းသူတွေမြင်တိုင်း ငါလည်းတနေ့သူတို့လို အိုရမှာဘဲ မအိုခင်ကုသိုလ်ကောင်းမှုပြုရမယ် ဒါမှမဟုတ် နောက်နောင်အိုမင်းခြင်းမရှိအောင် လွတ်မြောက်ရာတရားရှာပါပေါ့


တချို့ကိုယ်စောင့်နတ်ဆိုတော့ ကိုယ့်ကိုစောင့်ပေးနေတယ်လို့ပဲ မှတ်ယူကြတယ်

ကိုယ်ခန္ဓာရယ်လို့ ဖြစ်လာရင် ခေါင်းပေါ်က သန်းတို့ ဗိုက်ထဲကသန်ကောင်တို့လို ကိုယ်မဟုတ်ပေမယ့် ကိုယ့်ကိုယ်ခန္ဓာကို မှီတွယ်ပြီး လာဖြစ်တည်တဲ့ သတ္တဝါတွေလိုမျိုးပဲ ကိုယ့်ကိုယ်ခန္ဓာကို မှီတည်ပြီး လာဖြစ်တည်နဲ့ နတ်လည်း ရှိကောင်းရှိမယ် 


အဲ့ဒါကိုပဲ ကိုယ်စောင့်နတ်လို့ခေါ်တာပါ ကိုယ့်ကိုတကူးတက လာစောင့်တာမျိုးမဟုတ်ပါဘူး


ထားပါတော့

ကျွန်တော်မြင်တွေ့ရတဲ့ ကိုယ်စောင့်နတ်က တခြားပါ


အရေးအကြောင်းနတ်

.......

ကျွန်တော်တို့ အိုမင်းလာတာနဲ့ ဆံဖြူတယ် မျက်လုံးထောင့်စွန်းလေးတွေ နှဖူးအရေးအကြောင်းလေးတွေကောပေါ့


ဒီအချိန်မှာ ငယ်ရွယ်နုပျိုမှုလို ရုပ်ရည်ပြေပစ်ခြင်းထက် စိတ်နှလုံးကောင်းနဲ့ တတ်သိပညာရှိမှသာပိုအရေးကြီးလာပြီ ရုပ်ရည်ဆိုတာ အိုမင်းခြင်းကြောင့် ပျက်စီးတတ်တယ် စိတ်နှလုံးကောင်းနဲ့တတ်သိပညာကသာ လောကမှာ မင်းရဲ့အရေးပါမှုကို ဆုံးဖြတ်တော့မှာမို့ ပြင်ဆင်တော့လို့ ပြတာ အရေးအကြောင်းနတ်ပေါ့


ဒါပေမယ့် ကျွန်တော်တို့ ဆေးဝါးတွေ ကော့စမက်တစ်ပစ္စည်းတွေနဲ့ ထိုနတ်ရဲ့ သတိပေးမှုကို မသိကျိုးကျွံပြုလို့ ဖြတ်သန်းကြတယ်


မှုန်ဝါးနတ်

.......

အပြင်အာရုံတွေနောက်လိုက်နေတာကြာပြီ ကိုယ့်ရဲ့မကောင်းစိတ်ကိုပယ် ကောင်းစိတ်ကိုမွေးမြူဖို့ ကိုယ့်ကိုယ်ကိုလည်း ပြန်ကြည့်အုံးဆိုပြီး အပြင်ကိုကြည့်နိုင်တဲ့ မျက်လုံးရဲ့ ကြည်လင်ပြတ်သားမှုတွေကို လျော့ချပစ်လိုက်ပေမယ့် ပါဝါတွေတပ်လို့ မျက်လုံးဘောင်ခပ်ရင်း အပြင်ကို မက်မက်စက်စက်ကြည့်နေမိတုံး


နှေးကွေးနတ်

.....

ငယ်တုံးရွယ်တုံးမှာ လိုချင်တာတွေ ရချင်တာတွေကြောင့် အပြေးလိုက်လို့ မင်းမမောပန်းဘူးလား ကိုယ့်ရှိတာနဲ့ ရောင့်ရဲနိုင်ဖို့ လိုက်လိုတဲ့ ခြေလှမ်းတွေကို နှေးပေးလိုက်ပေမယ့် စက်တပ်ယာဥ်တွေ အသုံးပြုလို့ လိုက်မိနေတုံး


ချိုးဖဲ့နတ်

......

တသက်လုံးစားချင်ရာစားသလောက် အားကောင်းတဲ့ဝမ်းမီးက လိုက်ပါချေဖျက်ပေးနိုင်ပေမယ့် အသက်ကကြီး ဝမ်းမီးကအားနည်းလာချိန်မှာ မင်းအရင်လို စားချင်ရာစားလို့ မရတော့ဘူးနော်လို့ သတိပေးတဲ့အနေနဲ့ သွားတွေ တချောင်းပြီးတချောင်း ချိုးဖဲ့ပေးပေမယ့် ကျွန်တော်တို့ လိုက်နာဖြစ်ရဲ့လား ရွှေသွားငွေသွားစိုက်လို့ ကိုယ့်ဝမ်းမီးနဲ့ အဆမတန် စားသောက်ပစ်တော့ ဒုက္ခများရုံပေါ့


အာရုံနတ်

......

ငယ်စဥ်အခါများ ဖိနပ်တွေအများကြီးထဲက ကိုယ့်ဖိနပ်ကိုငုံ့ကြည့်နေစရာမလိုဘူး လျှိုကြည့်လိုက်တာနဲ့ ကိုယ့်ဖိနပ်မဟုတ်ရင် ခြေထောက်ကသိတဲ့အထိ အာရုံခံစားမှုကောင်းတယ် 


အမေခဏခဏဖိနပ်မှားစီးလာတိုင်း အာရုံနတ်ရဲ့ နှိုပ်ဆက်မှုကြောင့်ဆိုတာ မေ့လို့ မသိရကောင်းလား အမေရယ်လို့ ပြောမိတယ်


အစားအသောက်နည်းလို့ ကောင်းနိုးရာရာဝယ် များများစားမှကျန်းမာမှာပေါ့အမေလို့ ပြောမိပေမယ့် အာရုံနတ်နှောက်ယှက်လို့ ဘာစားစား သိပ်အရသာမတွေ့တော့တာ သတိမထားမိဘူး


ကိုယ်ကလည်ချောင်းရိုးထောင်မတတ်ပြောပေမယ့် ပြန်ပြန်မေးနေတော့ ဒီလောက်နီးနီးလေး အော်ပြောတာ မကြားရေကာင်းလား မငြိုငြင်ပါနဲ့


သင်လည်း မကြာခင်ဖြစ်တော့မှာပါ

သင့်ရဲ့ ရှေ့ပြေးနိမိတ်ပုံဘဲဆိုပါတော့

တနည်း သင့်ကိုကိုယ်ထင်ရှားပြတဲ့ ကိုယ်စောင့်နတ်တွေပေါ့



No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...