သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Wednesday, April 1, 2026

မြန်မာတို့ရဲ့စိတ်နေစိတ်ထား နဲ့ ကောင်းကျိုးဆိုးကျိုး (ငတိုလှိုင်ရဲ့အဆုံးသတ် / ၄၉)

 

မြန်မာတို့ရဲ့စိတ်နေစိတ်ထား နဲ့ ကောင်းကျိုးဆိုးကျိုး

(ငတိုလှိုင်ရဲ့အဆုံးသတ် / ၄၉) 

________

.

ဗုဒ္ဓဒေသနာတွေကို သရုပ်ခွဲကြည့်ရင် သုတ္တန် ဝိနည်း အဘိဓမ္မာဆိုပြီး သုံးမျိုးပြားပါတယ် ထိုထဲကမှ အဘိဓမ္မာက မြန်မာတို့စိတ်နှလုံးကို အဆွဲယူနိုင်ဆုံးလို့ဆိုတယ် 


ဒေသနာသုံးရပ်ထဲကမှ ဘာကြောင့်အခက်ဆုံးအနက်ဆုံးဆိုတဲ့ အဘိဓမ္မာကိုမှ မြန်မာတို့အထူးစိတ်ဝင်တစားရှိရလဲဆိုရင် ခွဲခြမ်းစိတ်ဖြာပညာကဲတဲ့သဘောကြောင့် မြန်မာတို့ရဲ့စရိုက်လက္ခဏာနဲ့ အံဝင်ခွင်ကျရှိသွားတာမို့လို့ ပညာရှင်တို့ယူဆကြတယ်

_______


ပိုတယ် ကိုယ့်လူမျိုးမို့ညွှန်းလွန်းတယ်လို့ ယူဆနိုင်တာမို့ နည်းနည်းဋီကာချဲ့ပြပါရစေ 


မြန်မာတို့ရဲ့ လူမှုစရိုက်က ကိစ္စတခုကို မပြုခင်မှာပဲ ခွဲခြမ်းစိတ်ဖြာပြီး အသေးစိတ်လေ့လာသုံးသပ်ခြင်းသဘောရှိတယ်


အိမ်ထောင်ရေးရာဆိုပါတော့ ရှေးယခင်က ချစ်သူရည်းစားဘဝမှာကို သုံးနှစ်သုံးမိုးတိုင်အောင် တဦးကိုတဦးလေ့လာခဲ့ကြတယ်လို့ဆိုတယ် 


ဒီလိုပြင်ဆင်ဖို့ကိုလည်း အထူးကြပ်မတ်လုပ်ဆောင်ဖို့ရာ စကားပုံလေးတခုနဲ့ သတိပေးတတ်ကြတယ် အားလုံးလည်းကြားဖူးကြမှာပါ


အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည်စုတ်ထိုး ဤသုံးမျိုးချက်မပိုင်လျှင် နောင်ပြင်ရန်ခက်သည့်အမျိုး ဆိုပြီးတော့လေ


လူတယောက်က သူ့ရဲ့စိတ်ရင်းအကျင့်စရိုက်ကို တရက်တပတ်တလတနှစ်စသည်ဖြင့် ဖုံးကွယ်ဟန်ဆောင်လို့နေလို့ရကောင်းရနိုင်ပေမယ့် နှစ်နှစ်ကသုံးနှစ်ဟန်ဆောင်‌ဖုံးဖို့က သိပ်ခက်တယ်မဟုတ်လား

_______


ဒါကမြန်မာတို့ရဲ့ကိစ္စတခုအကြောင်းအရာတခုကို မပြုမီကတည်းက မည်သို့မည်ပုံကြိုတင်စီမံဆောင်ရွက်သလဲဆိုတဲ့ အကောင်းဆုံးဥပမာပါ 


တနည်းအားဖြင့် မှားပြီးမှပြန်ပြင်တာမျိုးထက် မပြုခင်ကတည်းက ကြိုတင်ပြင်ဆင်ရတာကို ပိုပြီးကြိုက်နှစ်သက်သူတွေလို့လည်းဆိုနိုင်ပါတယ် 

_______


ဒီလိုပြင်ဆင်တတ်တာကကောင်းပေးမယ့် ဘေးထွက်ဆိုးကျိုး‌တွေလည်းရှိနေပြန်တယ် ဘာတွေလည်းဆိုတော့


စောစောက အိမ်ထောင်ရေးရာဆိုရင်လည်းကြည့်လေ အဆင်မပြေလို့ ပြန်လည်ပြင်ဆင်ဖို့ကို လူမှုအသိုင်းအဝိုင်းက သူ့သဘောသူ့မနော သူ့ကိစ္စမို့ ဧကန်အားဖြင့် ပြင်းပြင်းထန်ထန်မကန့်ကွက်သည့်တိုင် တန်ဖိုးလေးတခုလျှော့ကျသွားသလိုလို နိမ့်ကျသွားသလိုလို ကာယကံရှင်ကိုယ်၌မှာတောင် စိတ်ထဲမှာတမျိုးတည်လေးတော့ ကိန်းနေတတ်ကြတယ် အများအားဖြင့်ပေါ့


ဒါက အပျိုလူပျိုစင်စစ်ဖြစ်ခြင်းမဖြစ်ခြင်း လိင်ကဏ္ဍသဘောထက် သေသေချာချာမလေ့လာမသုံးသပ်မိဘဲ တဒင်္ဂစိတ်ခံစားမှု သူယာမှုနောက်လိုက်လို့ မှားမိတာအတွက် နောင်တရခြင်းမျိုးပါ


တနည်းအားဖြင့် ဗမာတို့ရဲ့လူမှုအလေ့အကျင့်ဖြစ်တဲ့ မပြုမီကဆင်ခြင်သုံးသပ်ခြင်းသဘော ကင်းလွတ်ခဲ့ခြင်းအတွက် ကိုယ့်ကိုယ်ကို မချင့်မရဲဖြစ်မှုကြောင့်လို့လည်းဆိုနိုင်ပါတယ်

_______


ပြီးတော့အခြားဆိုးကျိုးတွေအနေနဲ့


ကိစ္စတခုပြုမယ်ဆိုရင် နည်းမျိုးစုံတွေးဆအဖြေထုတ်နေတာနဲ့ဘဲ အမှန်တကယ်အကောင်အထည်ဖော်ဖို့ကြံ့ကြာနေတာမျိုး 


ကြုံတွေ့ကောင်းမှကြုံတွေ့နိုင်မယ့် အခက်အခဲတွေကို ကြိုတင်‌တွေးဆကြောက်ရွံ့လို့ လုံးဝမစဖြစ်တော့သည်အထိ တဘဝလုံးစာ ဆိုင်းငံ့နေမိခြင်းမျိုး


ပြဿနာကြုံလာရင် ပိုကောင်းလာမယ့်အနာဂါတ်ကိုမျှော်လင့်လို့ ဖြေရှင်းကျော်ဖြတ်ပြီး ကိုယ့်အရည်အချင်းကို မြင့်တက်အောင်မြှင့်တင်ခြင်းသဘောထက် ပြဿနာကိုမကြုံအောင်ရှောင်ကွင်းနေထိုင်ဖို့ချည်း တွေးဆနေမိတတ်တာမျိုး 


ထိုအတွေးထိုအယူအဆကိုမျိုးဆက်တို့ကိုပါထပ်ဆင့်မျှဝေလို့ မရည်ရွယ်သည့်တိုင် သူတို့ဘဝတွေကိုပါ အကြောက်ရားနဲ့ တံ့သွားမိစေတာမျိုးတွေပေါ့

_______


ခုလက်ရှိအခြေအနေကိုကြည့်ရင် သိသာပါတယ်


ဘယ်လိုလဲဆိုတော့ စစ်အာဏာရှင်ရဲ့မတရားမှုကိုရင်ဆိုင်ကျော်ဖြတ်အနိုင်ယူဖို့ကြိုးစားနေသူတွေနဲ့ ပြဿနာနဲ့ထိပ်တိုက်မတိုးအောင် အလိုက်သင့်ရှောင်ကွင်းနေထိုင်သူပမာဏကို နှိုင်းချင့်ကြည့်ပေါ့

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

မြန်မာတို့ရဲ့စိတ်နေစိတ်ထား နဲ့ ကောင်းကျိုးဆိုးကျိုး (ငတိုလှိုင်ရဲ့အဆုံးသတ် / ၄၉)

  မြန်မာတို့ရဲ့စိတ်နေစိတ်ထား နဲ့ ကောင်းကျိုးဆိုးကျိုး (ငတိုလှိုင်ရဲ့အဆုံးသတ် / ၄၉)  ________ . ဗုဒ္ဓဒေသနာတွေကို သရုပ်ခွဲကြည့်ရင် သုတ္တန် ဝိန...