သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Saturday, August 29, 2020

ပန်းပန်ရင်နန်းဆန်မယ်


မြန်မာ့ယဉ်ကျေးမှုမှာ ပန်းတွေရဲ့ သဘောသဘာဝနဲ့ ဆက်နွယ်နေတဲ့အတွက် ပန်းယဉ်ကျေးမှုလို့တောင် ခေါ်ဆိုထိုက်မယ်ထင်တယ်

ငယ်ငယ်ကတည်းက ဘဝနဲ့ဖြစ်စေ အလှနဲ့ဖြစ်စေ လောကဓံနဲ့ဖြစ်စေ နိယာမသဘောတရားတွေအတွက် ဖြစ်စေ ပန်းတွေနဲ့ တင်စားချိုးစပ် သုံးနှုံးကြတဲ့ ကဗျာ အလင်္ကာ စာ နဲ့ စကားအသုံးအနှုံးပေါင်းများစွာကို ရင်းရင်းနှီးနှီး ထိသိခဲ့ဖူးပါတယ် 

ဂေါတမဗုဒ္ဓအလောင်းလျာ သုမေဓာ ရသေ့ဘဝမှာကတည်းက ကြာငါးခိုင်ကိုင်ပြီး ဒီပင်္ကရာမြတ်ဘုရားမှာ ဆုပန်ခဲ့ကြောင်းကို အမေက ပြောပြတယ်

ဘုန်းကြီးကျောင်းဝင်းအတွင်းက ညောင်ပင်ရဲ့ နံဘေးက စိုက်ထားတဲ့ ကံ့​ကော်​ပင်​ဟာ နောင်ပွင့်လာမယ့် အရိမေတေ္တးယျ မြတ်​စွာဘုရားကို ကိုယ်စားပြုတဲ့အတွက် မရိုမသေမလေးမစား ချိုးဖဲ့တာမျိုးမလုပ်ဖို့ အဘိုးက ဆုံးမခဲ့ဖူးတယ်

လူကြီးသူမတွေ ကန်တော့ရင်တောင် ပေးတဲ့ဆုက ရေလိုအေးလို့ ပန်းလိုမွှေးပါစေတဲ့

ညအခါ အိပ်စက်ခါနီးတိုင်း ဖွင့်တတ်တဲ့ ဓာတ်စက်ဆရာရဲ့ ပန်းစံပယ် နန်းလယ်မပေါ်ခိုက်ဟာမို့
အလိုက်တော်တန်သင့်ယုံပ ခံပွင့်ကိုကုံး ဆိုတဲ့ 
တွံတေးသားကြီးရဲ့ ရင်တွင်းသံစဉ်ဟာလည်း ဘဝရဲ့ဖြည့်စည်းရာတွေကို သင်ပြပေးနေသလိုပဲ

ဂီတငှက်ရဲ့ သံစဉ်ဟာလည်း နှလုံးသားနဲ့ သိပ်နီးနီးစပ်စပ်ဖြစ်ခဲ့ဖူးတယ် 
သူဆင်မြန်းတဲ့ ပန်းနီနီ နေရာခဏ လဲချင်သည် ကြင်နာသူလေး လှဖို့အစွမ်းကုန် ကျိုးစားမည်တဲ့ သိပ်နူးညံ့တဲ့ စိတ်ကူး ချစ်ခြင်းထက်အများကြီးသာလွန်တဲ့ မေတ္တာတွေစိမ့်ဝင်နေတယ်

ကြားခဲ့ဖူးတဲ့ အိုင်ချင်းတစ်ပုဒ်မှာလည်း 
မပွင့်ခင် အရင်ချိုးရင် ညှိးတတ်တယ်လေးဆိုပြီး 
အမျိုးသမီးတို့ရဲ့ ဘဝ အလှကို တန်ဖိုးထားဖို့ စပ်ဆိုထားတယ်

လောကသဘာဝ လူ့သဘာဝကို ဖော်ကြူးတတ်တဲ့ ဆရာဇော်ဂျီကလည်း ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ ဆိုပြီး 
မည်သို့သော အခက်​အခဲအတားအဆီး ရှိနေပါစေ ဘဝကို အားမလျော့ဖို့ ခရမ်​း​ရောင်​ အပွင့်ကလေးတွေနဲ့ ဗေဒါပန်းလေးရဲ့ အားမာန်​နဲ့ နှိုင်းယှဉ်ပြဖူးတယ်

ဆရာကြီးဦးဝံကလည်း 
လယ်တောကအပြန် 
ပန်ချင်တယ် ခရေဖူးဆိုလို့ ဆိုတဲ့ ကဗျာလေးနဲ့ အင်မတန်ထားဖို့ခက်တဲ့ မုဒိတာသဘောလေး ပြထားတယ်  

အမျိုးသမီးတွေရဲ့ ဆံကေသာမှာ ပန်းပန်တာကို မြတ်မြတ်နိုးနိုး တန်ဖိုးထားကြတယ်

ဒီအကြောင်းကို ဟေမာနေဝင်းရဲ့ ပြန်ဆိုတေးမှာ ပန်းပန်ရင် နန်းဆန်တယ်တော့ ဆိုပြီး သီကျူးထားတယ်

ကိုတိုးကြီးကလည်း သူ့ရဲ့ အသံဝါကြီးနဲ့ သီဆိုထားတာ ရှိသေးတယ် ခံစားနားစဉ်ရတာ သိပ်အရသာရှိတယ်ဗျ 
ပန်းချစ်သူကိုယ့်လက်နဲ့ကွယ် 
ခူးဆွတ်ဖို့ စိုးရွံ့လို့နေတယ်
ဆွတ်ယူမယ်ဟန်ပြင်ကာပင် ယုယလို့ ထွေးပွေးထားခြင်တယ်ဆိုပြီး 

အမျိုးသမီးတို့ ဘဝကိုလည်း ပန်းလေးတစ်ပွင့်လို   မြတ်နိုးတန်ဖိုးထားကြောင်း သီဆိုထားတယ်

မိန်းမကောင်းပန်းပန် တစ်ပွင့်တန်ဆိုပြီးတော့လည်း ရည်းစားသနားမများဖို့ ဆုံးမကြတယ် 

ရတနာဦးဆိုထားတဲ့ ပန်းနီနီမပေးနဲ့ဆိုတဲ့ သံစဉ်ကလေးကလည်း 
ပန်းနီနီပေးရင် ကွဲတတ်တယ်ဆိုပြီး သမီးရီးစားကြားထဲ အယူအဆယုံကြည်မှုလေး စိမ့်ဝင်သွားတဲ့အထိပဲ

~~~~~~~~~~~~~~~~~~~

ဒီခေတ်မှာတော့ ပန်းပန်ထားတဲ့ အမျိုးသမီးလေးတွေ မတွေ့ရသလောက်ပဲဗျ 

ပန်းနဲ့ဝေးကွာလာတော့ နှလုံးသားတွေ မာလာတယ်လို့လည်း ခံစားရတယ် ကျွန်တော်တို့ ငယ်စဉ်ကထက်  မြတ်နိုးတန်ဖိုးထားတတ်တဲ့့ စံတန်ဖိုးတွေ လျော့ကျလာသလိုပဲ

ပန်းတိုင်း ပွင့်စေ လန်းစေ မွှေးပျံ့စေချင်ပါတယ်.....

သန်းထွန်းလေး အင်းတဲရွာ
အောင်ညီကို ရွှေထည်စက်ဖြတ်လုပ်ငန်း

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...