သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Monday, February 18, 2019

နွေရောက်ပြီလေ


ဥတုရာသီတွေထဲမှာ နွေကိုအကြိုက်ဆုံးပဲ
အချိန်အခါအသက်အရွယ်တွေ ပြောင်းလဲလာပေမယ့် ကျွန်တော့်ကို အပျော်ရွှင်စေဆုံး ရင်အခုန်စေဆုံးက ခုချိန်ထိတော့ နွေပါပဲ

ငယ်စဥ်က အလှူအတန်း မင်္ဂလာဆောင်တွေပေါလို့ မျှော်ရပျော်ရတယ်
ကျောင်းနေစဥ် သုံးလရက်ရှည်ပိတ်မှာမို့ မျှော်ရပျော်ရတယ်
ရပ်ဝေးမှာ တဝမ်းတခါးစီးပွားရှာတော့ သင်္ကြန်နားရပ်ရှည်မို့  မွေးရပ်ပြန်ဖို့ မျှော်ရပျော်ရတယ်

အရင်ရန်ကုန်ကနေရွာပြန်ဖို့ အခုလိုတိုက်ရိုက် ကားတွေမရှိသေးဘူး​ဗျ မန္တလေးကို ရထားနဲ့ ပြီးမှ ကားနဲ့ထပ်သွားရတယ် ကားစီးရင်တော့ ခေါင်မိုးပေါ် အမြဲတက်စီးဖြစ်တယ် အညာရဲ့ အရသာကို စက္ခုနဲ့ကော ဃာနနဲ့ပါ ခံစားနိုင်တာမို့ပါ

ကြွေလုလုရွက်ဝါတွေနဲ့ ရိုးတံကျဲကျဲနဲ့ ပင်အိုကြီးတွေပင်အိုကြီးတွေ
သင်းပျံ့တဲ့ တမာတွေကိုပေါ့



နွေရဲ့ပုံရိပ်တွေကအများသား
အ​တာရေဖျန်းတဲ့ သင်္ကြန်နဲ့အတူ ပိတောက်ကိုလည်း ညွှန်းကြတယ်
ပူပြင်းခြောက်သွေ့ရာအရပ်မှာ အပူပြင်းအခြောက်သွေ့ဆုံးအချိန်မှာမှ ပင်ယံထက်ဖျားက စီးကျပြီး သဘာဝအပူ ရင်တွင်းအမောတွေကို အေးမြချမ်းမြေ့စေတဲ့ ထန်းပင်ကိုလည်း ဆိုကြတယ်
အချို့ကလည်း နွေနှောင်းပိုင်းမှာသီးပြီး ​အသီးမှာသရက်ဆိုသလို ထူးကဲတဲ့အရသာ မွေးပျံ့တဲ့ရနံ့ရှိတဲ့ သရက်ဟာ နွေရဲ့သရုပ်မှန်လို့ ဆိုကြတယ်
အလွမ်းဓာတ်ခံနဲ့ ဂီတဝါသနာရှင်တွေကတော့ ချွဲချွဲနွဲ့နွဲ့  ဟစ်ကြွေးသီကျူးတတ်တဲ့ ဥသြမှဥသြဆိုပဲ

အရင်ကတော့ ဖာသိဖာသာပါပဲ ကိုယ်သိပ်နှစ်သက်တဲ့ 3idiots ဇာတ်ကားထဲမှာ သူ့အကြောင်းပါတော့ စိတ်ဝင်စားမိတယ်

ဒီငှက်က အတော်တော့စိတ်ဝင်စားစရာကောင်းတယ်
နွေဦးမှာကတည်းက တောက်လျှောက်သူ့ရဲ့ သီကျူးမှုကို ကြားနေရပေမယ့် အကောင်ကိုတော့ မြင်ဖို့သိပ်ခက်တယ် အများအားဖြင့် ပင်ယံထက်ဖျား သစ်ရွက်တွေကြားမှာပဲ နေတတ်တာမို့ပါ


သူကကိုယ်တိုင်အသိုက်မဖွဲ့ဘဲ အခြားငှက်တွေရဲ့ အသိုက်မှာ ဥ ဥလေ့ရှိတယ် သူ့ရဲ့ဒါဏ်ကို အခံရဆုံး​က ကျီးကန်းပဲ လေ့လာမှုတစ်ရပ်အရ ကျီးငန်းအသိုက်တစ်ခုမှာ ဥ​သြငှက်ဥ သုံးလုံးလောက်အထိရှိနေတတ်တယ်လို့ဆိုတယ်

ဒါကြောင့်ပဲ ထင်ထင်ပေါ်ပေါ်မနေရဲတာဖြစ်မလားလို့ ယူဆစရာပဲ

ဝီရိယပညာတို့ဖြင့် ရဲဝံ့နိုင်ပါစေကြောင်း....

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဒီအချိန်ဆိုရင် ..... ရွှေချို

  မူရင်း အင်တာနက်ပေါ်မှာ ရွာက ကလေးတွေ ကြာပန်းတွေနဲ့ပုံရိုက်တင်ကြတာမြင်ရင် ရွာလွမ်းစိတ် အိမ်လွမ်းစိတ်ဟာ နင့်နင့်သည်းသည်းပါပဲ။ ဒီချိန်ဆို အင်း...