သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Sunday, November 18, 2018

ကြိုးတန်း ခင်ခင်ထူး အစအဆုံး

♒ ကြိုးတန်း ♒

#ခင်ခင်ထူး

(၁)

ကိုကျောက်နီဟာ သဲပြင်ပေါ်မှာ ပယ်ပယ်နယ်နယ်ကြီး ထိုင်ချလိုက်တယ်။ တစ်နေကုန် တရွရွ ပူထားတဲ့ သဲတွေဟာ ရေတစ်ပိုင်း စိုနေတဲ့ ကိုကျောက်နီရဲ့ ပုဆိုးရေစိုကို ဖောက်ပြီး ပူနေသေးတယ်။ဒါပေမယ့် ကိုကျောက်နီမှာ ပူခြင်းအေးခြင်းရယ်လို့ ဘာခံစားချက်မှ ရှိပုံမရဘူး။ နီကြင်ကြင်ဆံပင်တွေ အုပ်နေတဲ့ နားရွက်ကြားက ဆေးလိပ်တိုကို မီးညှိပြီး အေးအေးဆေးဆေး ဖွာလိုက်လို့။ ကိုကျောက်နီ ဖွာလိုက်တိုင်း ရဲခနဲ ရဲခနဲ တက်လာတဲ့ ဆေးလိပ်မီးစကို ကြည့်ရင်း မနက်တုန်းက သူ ပစ်လိုက်တဲ့ ကွန်ချက်ကို ပြန်ပြီး သတိရလေရဲ့။

မနက်က သူပစ်လိုက်တဲ့ ကွန်ဟာ ရေပြင်ပေါ်ကို ရွှမ်းခနဲ ပုံကျသွားတာမှ တကယ့်ကို ဝိုင်းဝိုင်းစက်စက်ကြီး။ ခဲသီးတွေလည်း မညိဘူး။ ကွန်လည်း မထပ်ဘူး။ ဒါကိုပဲ ကိုကျောက်နီ သဘောကျနေတာ။ ကွန်ထဲမှာ ငါးပါပါ မပါပါလေ။ ကွန်ချက်ကျအောင် ပစ်တတ်တာကိုက ငါးဖမ်းသမားရဲ့ အရည်အချင်းတစ်ခု မဟုတ်လား။ ဒါကြောင့်လည်း ကိုကျောက်နီ တစ်ယောက် သူ့ကိုယ်သူ အကျေနပ်ကြီး ကျေနပ်နေတာပေါ့။

အဲသည် ကွန်ချက်နဲ့ ငါးပိဿာစီး ငါးပတ်ကြီးတစ်ကောင် ဖမ်းမိခဲ့တာထက်ကို သူ့ကွန်ချက် ဝိုင်းဝိုင်းစက်စက်ကြီးကို သူ ကျေနပ်နေတာက ပိုသေးတယ်။ သည့်ထက် ကျေနပ်တာက သူ့စားကျက်ကို တစ်ဖက်တဲက ကိုလှဆောင်း မသိသေးတာပဲ။

အဲသည် နေရာကို မနေ့မနက် စောစောကြီးကတည်းက သူ စပြီး တွေ့ခဲ့တာပေါ့။ မြစ်ကမ်းပါးခြေ တစ်နေရာမှာ ငါးတွေ၊ ပုစွန်တွေ အုံဖွဲ့ကျင်းဖွဲ့ နေတတ်တဲ့ ကလိုင်ပေါက်ကြီးကို သူစတွေ့ခဲ့တုန်းကတော့ သိပ်စိတ်ဝင်စားလှတာ မဟုတ်ပါဘူး။ သူတို့လို ကွန်သမားတွေအတွက် မြှုံးသမား၊ ပိုက်သမားတွေလို ငါးနုတ်ပေါက်ကလေးတွေကို ငါးလုပ် ဖမ်းချင်ကြတာမှ မဟုတ်ဘဲ။ ကွန်သမား ဆိုတာက ငါးပတ်ကြီးတွေ၊ ငါးချောင်းကြီးတွေ၊ ငါးအုံတုံကြီးတွေကို ကိုယ့်ကွန်ယက်ထဲ ပါအောင် ဆွဲချင်ကြတာကလား။ ဒါမှလည်း ကွန်သမားဆိုတဲ့ ဂုဏ်သိက္ခာ ရှိတော့မှာပေါ့။ ငါးစင်ရိုင်းလောက်၊ ငါးဖယ်အောင်းလောက်နဲ့ ကွန်သမား လုပ်ချင်လို့ မကောင်းဘူးလေ။ တစ်ခါလောက် ဖြစ်ဖြစ် ငါးကြီးငါးကောင်း တစ်လက် ဖမ်းဖူး၊ ရဖူးပါမှ ဒါ ကွန်သမား။ ကိုကျောက်နီကတော့ ကွန်သမား ပီရုံတောင် မကတော့ပါဘူး။ ကွန်ဝါတောင် ရင့်နေပြီ။ ကွန်ကျောက်နီလို့တောင် ခေါ်နေကြပြီပဲ။ ဒါကြောင့် မနေ့တုန်းက တွေ့ခဲ့ရတဲ့ ကလိုင်ကြီးဆီကို သည်ကနေ့ တစ်ခေါက် ထပ်သွားခဲ့တာပေါ့။

မြစ်ရေပြင်ပေါ်မှာ လေဖြူးကလေး ရှပ်တိုက် ပြေးသွားတော့ ရေဂယက်ကလေးတွေက အရာထင်တယ် ဆိုရုံကလေး တပွက်ပွက် ထလို့။ ပလုံကလေးတွေတောင် စီနေလိုက်သေး။ ဒါဆိုရင် ငါးကလေးတွေ၊ ပုစွန်ကလေးတွေ တိုးနေတဲ့ သဘော။ ဒါပေမယ့် သူတစ်ဖက်ကို လှေဦး မလှည့်ခင်လေးမှာပဲ ဗွက်ခနဲ ထပွက်လိုက်တဲ့ ရေဂယက်ကြီးကို သူ သေသေချာချာ မြင်လိုက်တယ်။ လှေကို ညင်ညင်သာသာကလေး လှော်ရင်း ကွန်ကို အသာမ ယူရင်း ခဏ စောင့်နေလိုက်တယ်။ ရေအောက်မှာ လှိုင်းကလေးတွေ တွန့်ကာကွေးကာ ရေယက်ကလေးတွေ ထလာတော့မှ သေချာသွားပြီလို့ တွက်လိုက်တယ်။ ဒါ ဇာတ်တူသား စားတတ်တဲ့ ငါးကြီး တစ်ကောင်ကောင် ဆိုတာ ကိုကျောက်နီ အတပ် တွေးလိုက်ပြီးသား။

ကွန်ရဲ့ သုံးပုံတစ်ပုံလောက်ကို ဘယ်ဘက်တံတောင်နဲ့ ချိတ်မြှောက်ထားပြီး ကျန်တဲ့ သုံးပုံနှစ်ပုံကို ညာဘက်လက်နဲ့ အသာဆွယူတယ်။ ပြီးတော့ ဂယက်ထနေတဲ့ နေရာဆီကို ရွှမ်းခနဲ အုပ်ချလိုက်တယ်။ ကွန်အနားတွေက ရေပြင်ပေါ်မှာ လှလှပပ ဝိုင်းဝိုင်းစက်စက်ကြီး ပုံကျသွားလေရဲ့။ တအောင့်ကလေးပါပဲ။ သူ့လက်ထဲမှာ ကိုင်ထားတဲ့ ကွန်ထိပ်ပိုင်းဟာ တဆတ်ဆတ် ခါလာတယ်။ ရေပေါ်မှာ ရှိနေတဲ့ ကွန်စတောင် သည်လောက် ခါနေရင် ပိုက်ထဲမှာရှိနေတဲ့ ငါးက သေးသေးကွေးကွေးတော့ မဟုတ်နိုင်ဘူးဆိုတာ ကိုကျောက်နီရဲ့ လက်က သိတယ်။ အာရုံခံစားမှုနဲ့ သိတယ်။ ထင်တဲ့အတိုင်းပါပဲ။ ငါးပိဿာနီးနီးလောက် ရှိတဲ့ ငါးပတ် ဖွေးဖွေးကြီး တစ်ကောင်ကို ကိုကျောက်နီ ဖမ်းမိခဲ့တာပါ။ ပိုက်ထဲမှာ ဖျပ်ဖျပ်ခါ ရုန်းနေတဲ့ ငါးပတ်ကြီးကို မိပြီးခါမှ လျှောထွက်မသွားအောင် ကိုကျောက်နီ ခဲရာခဲဆစ် ဖမ်းယူခဲ့ရသေးတယ်။ သည်လို အကောင်က သိပ် အကင်းပါးတယ် မဟုတ်လား။ ကွန်ကွက်က စိပ်ပေမယ့် ဘယ်နေရာက လျှောထွက်ရင် ရနိုင်မလဲဆိုတာ သင်းတို့ကလည်း သိတယ်။ ရေထဲမှာတောင် သည်လောက် အကောင်ကြီးအောင် နေလာနိုင်တဲ့ သတ္တဝါပါပေပဲ။ ဒါပေမယ့် သည်တစ်ချီတော့ သူ့ထက် အတွေ့အကြုံကြီးတဲ့ ကိုကျောက်နီနဲ့ တွေ့သွားတော့ ငါးပတ်ခမျာ လှေဝမ်းထဲမှာ ဖျပ်ဖျပ်ကို လူးလို့။ ကိုကျောက်နီက ကွန်ထဲကနေ သတိနဲ့ ထုတ်ပြီး လှေကပ်ကြမ်းထဲ ဖိပိတ်ပစ်လိုက်တယ်။ လှေကြမ်းပြင်ကို မာန်ကြီးကြီးနဲ့ တဖြန်းဖြန်း ခါရိုက်နေလိုက်တာမှ လှေဝမ်းတောင် ကွဲသွားမလား မှတ်ရတယ်။ ဒါပေမယ့် ကိုကျောက်နီက လှေကို သောင်စပ်ဘက် ခပ်သွက်သွက်ကလေး လှော်သွားပြီး သူ့မိန်းမ မကျော့လက်ထဲ အပ်လိုက်တော့ သည်အကောင် ကိစ္စချောပြီပေါ့။

သည်ငါးပတ်ကြီးကို ခံတောင်းထဲ ထည့်ုပြီး အရှေ့ဘက်ကမ်းမှာ ရောင်းဖို့ လှေလှော်ကူးသွားတဲ့ မကျော့ မျှော်ရတာတောင် နေ့ဝက်ကျိုးခဲ့ပြီ။ ပေါ်မလာသေးဘူး။ ကိုကျောက်နီကတော့ မကျော့ကို မျှော်တယ် ရယ်လို့လည်း မဟုတ်ပါဘူး။ သည်လိုငါးမျိုးက သေချာပေါက် အရောင်းသွက်တာ။ ဈေးကောင်းရတာ သူသိပြီးသားပဲ။ သည်တော့ သဲပြင်ပူပူကြီးပေါ် ပယ်ပယ်နယ်နယ်ကြီး ထိုင် ဆေးလိပ်ဖွာရင်း သူ့စိတ်ကူးနဲ့ သူ ကက်ဆက်တစ်လုံး မျက်စိထဲ မြင်ကြည့်နေမိတယ်။ ကိုကျောက်နီ ကက်ဆက်လိုချင်တာ ကြာပြီလေ။ သည်တစ်ခါတော့ ဝယ်နိုင်လောက်ပါရဲ့။ ကက်ဆက် ဝယ်ဖြစ်ရင်တော့လား။ ကိုကျောက်နီ ပြုံးတယ်။

(၂)

ကိုကျောက်နီတစ်ယောက် ကက်ဆက်တစ်လုံး လိုချင်နေခဲ့တာ တော်တော့်ကို ကြာဆို သူတို့နေတဲ့ နေရာကလေးမှာ ကက်ဆက်တစ်လုံးကတော့ ရှိကို ရှိသင့်တယ်လို့ ကိုကျောက်နီ ထင်တယ်လေ။

သူတို့နေတဲ့ နေရာကလေးက ဧရာဝတီမြစ်ရဲ့ ဟိုဘက်ကမ်း သည်ဘက်ကမ်း ဘယ်ကမ်းနဲ့မှ မနီးတဲ့ ရေလယ်ကောင်က သောင်ကျွန်းကလေး တစ်ခု ဆိုပါတော့။ သောင်ကျွန်းလို့သာ ခေါ်ရတာပါ။ တကယ်တော့ ဧရာဝတီမြစ်ကြီးထဲ ကျောက်ပျဉ်ကလေး တစ်ချပ် ချထားသလို ဝိုင်းဝိုင်းမို့မို့လေး ပေါ်နေတဲ့ သောင်ကတုံးကလေးပါ။ အဲသည် သောင်ကတုံးပေါ်မှာ ကိုကျောက်နီတို့ တံငါတဲကလေးရယ်၊ ကိုလှဆောင်းတို့ တံငါတဲကလေးရယ်။ သည်တဲကလေး နှစ်လုံးပဲ ရှိတယ်။ ဘေးပတ်လည်မှာက တသွင်သွင်စီးဆင်းနေတဲ့ မြစ်ရေပြင်ကြီးပဲ ရှိတယ်။ ကမ်းနှစ်ဖက်ကတော့ တော်တော်ဝေးဝေးဆီမှာ ရှိတယ်။ ကိုလှဆောင်းကလည်း ကိုကျောက်နီလို ကွန်သမားပါပဲ။ သည်တော့ သူတို့နဲ့ အဆင်ပြေရာ သောင်ကတုံးကလေး ပေါ်မှာ တဲထိုးပြီး နေကြရတဲ့ ဘဝတူတွေပဲ ဆိုပါတော့။

သောင်ကတုံး ဆိုတာမျိုးကလည်း နေရာအတည်တကျ ရှိတာမျိုး မဟုတ်ဘူးလေ။ သည်နှစ် သည်နေရာမှာ ပေါ်ပေမယ့် ဟုတ်နှစ်ကျ ဟုတ်ချင်မှ ဟုတ်တော့တာ။ ရေထဲမှာ ရှိတဲ့ နေရာဆိုတော့ မရေရာဘူးပေါ့။ သည်တော့ သောင်ကတုံးကလေးတွေ ပေါ်ရာနောက်ကို သူတို့ နှစ်စဉ်လိုလို လိုက်ကြရတယ်။ ကမ်းနားသစ်ပင်ကမှ မြဲချင် မြဲဦးမယ်။ သူတို့ရဲ့ သောင်ကတုံးကလေး ကတော့ မမြဲဘူး။ တစ်ခါတလေများ ဧရာဝတီမြစ်ကြီးက သူတို့အတွက် နေရာကလေး တစ်နေရာစာတောင် သဘောထားကြီးကြီး မထားနိုင်ဘဲ လောဘကြီးချင် ကြီးနေတတ်သလို တစ်ခါတလေ ကျပြန်တော့လည်း ဧရာဝတီက သူတို့အတွက် ငါးတွေ ဝှက်ချင် ဝှက်ထားတတ် ပြန်ရော။

သည်နှစ်တော့ ဧရာဝတီက သူတို့အတွက် နေသားတကျ သောင်ကတုံးကလေး တစ်ခု မွေးဖွားပေးခဲ့ပြန်ပြီ။ သည်တော့လည်း ကိုကျောက်နီနဲ့ ကိုလှဆောင်းတို့ တဲနားနီးချင်း မိတ်ဆွေ ဖြစ်ခဲ့ကြတာပေါ့။ အစကတော့ သူတို့ တစ်ယောက်ကို တစ်ယောက် ကူညီ စောင့်ရှောက်ခဲ့ကြ ပါသေးတယ်။ တစ်ယောက်ဟင်း တစ်ယောက်စား၊ တစ်ယောက်သွား တစ်ယောက်လိုက်နဲ့ အဆင်ပြေခဲ့ကြတယ် ပြောပါတော့။ အလုပ်တူ၊ ဘဝတူချင်းတွေကိုး။ ဆင်းရဲသွားကြမှာ၊ ငတ်သွားကြမှာလည်း မကြောက်ကြဘူး။ သူတို့အတွက် ဆင်းရဲတာ ဘာမှ မဆန်းဘူး။

ဒါပေမယ့် ထူးဆန်းတာက သူတို့မှာ တစ်ဦးဦးက ကိုယ့်ထက် ပိုပြီး ရှိသွားမှာကိုတော့ ကြောက်ကြတယ်။ သည်တော့ တစ်ဖက်ကိုတစ်ဖက် စောင့်ငဲ့ကြည့်ရင်းနဲ့ မသိမသာ ဝန်တိုမှုကလေးတွေ ကိန်းအောင်းလာခဲ့တာ သိပ်မကြာလှသေးဘူး။ ကိုကျောက်နီက ကွန်ပစ်ကောင်းသလို ကိုလှဆောင်းကလည်း ဧရာဝတီမြစ်ကြီးကို နောကျောနေတဲ့ လူတစ်ယောက်ပါပဲ။ မြစ်ရေ အတက်အကျကို ကြည့်ြုပီး ငါးရှာတတ်တယ်။ “ကျ မ ဆွဲ” ရင် ငါးတွေ ဘယ်လို ကျတတ်တာ၊ ရေတိုးငါးတွေ ဘယ်လို မြူးတတ်တာ ကိုလှဆောင်း သိသားပဲ။ ဒါပေမယ့် ကိုကျောက်နီကို မပြောဘူး။ ကိုကျောက်နီကလည်း သူ့ကွန်ပစ်ပညာထဲက သင့်ရာ ကောင်းရာကလေးတွေကို လျှို့ဝှက်ထားတတ်တယ်။ ဒါပေမယ့် ညနေစောင်းလို့ တစ်ဖက်ကမ်းကို လှေနဲ့ကူးပြီး အရက်သောက်ကြတာ ကျတော့ အတူတူ ဖြစ်နေပြန်ရော။ ညတိုင် တဲနှစ်လုံးကြားက သဲပြင်ပေါ်မှာ ရောက်တတ်ရာရာ စကားတွေ ထိုင်ပြောကြတော့လည်း တတွဲတွဲပါပဲ။ လူမနီး သူမနီး ရေပြင်ကြားက တိတ်ဆိတ်နေရာကလေး အတွက် ကက်ဆက်တစ်လုံး လိုချင်နေကြတဲ့ ဆန္ဒကလည်း သည်နေရာမှာ ထပ်တူပါပဲ။ အဲသည် ကက်ဆက်ကလေးကို တစ်ယောက်ယောက်က အရင် စဝယ်ဖြစ်လိုက်မှာ စိုးရိမ်နေကြတာကလည်း တစ်သဘောတည်းပါပဲ။

ဒါကို သိလို့ ကိုကျောက်နီ ကက်ဆက်ကို အလျင်အမြန်နဲ့ အရူးအမူး လိုချင်နေခဲ့တာပေါ့။ သူ့မိန်းမ မကျော့ ကိုယ်တိုင်ကလည်း ဝတ်ဖို့စားဖို့အတွက် ဘာတစ်ခုမှ မပူဆာဘဲ ကက်ဆက်တစ်လုံးသာ ဝယ်ပေးဖို့ ပူဆာနေခဲ့တာ အကြိမ်ပေါင်း မနည်းတော့ဘူး။ မကျော့က သီချင်းဆိုလို့ ကလေးချော့ တေးကလေးတောင် ညည်းတတ်တာ မဟုတ်ဘူး။ ဒါ တစ်ဖက်တဲက ကိုလှဆောင်းရဲ့ မိန်းမ မလှစိန်ကို ကြွားချင်တာ သက်သက်ပဲ ဆိုတာ ကိုကျောက်နီ အတပ်သိတယ်။ ဒါကြောင့်လည်း မကျော့အလိုကို ပိုဖြည့်ချင်နေမိတာကလည်း ပါတယ်။

(၃)

မကျော့ ပြန်လာတော့ နေတောင် အတော်စောင်းနေပြီ။ အနောက် မိုးကုပ်စက်ဝိုင်း ဆီက တဖြည်းဖြည်း ငိုက်ဆင်းသွားတဲ့ နေလုံးရဲ့ လိမေ္မာ်နီရောင် အသွေးတွေက ရေပြင်ပေါ်မှာ ပတ္တမြားရည်တွေ ဖြန်းချထားတယ်။ ကိုကျောက်နီရဲ့ အတွေးထဲမှာတော့ တွံတေးစိုးအောင်ရဲ့ သီချင်းတွေပေါ့လေ။ မကျော့ ပြန်လာတာကိုတောင် မသိနိုင်လောက်အောင် လေတဖြူးဖြူး သဲသောင်ကမ်းနဖူးမှာ ကိုကျောက်နီတစ်ယောက် ပက်လက်လှန်ရက်ကြီး အိပ်ပျော်နေတယ်။

“ကိုကျောက်နီ … ကိုကျောက်နီ”

မကျော့က တဲဘေးမှာ ဆော့နေတဲ့ နို့စို့ကလေးကိုတောင် ကောက်မချီအားသေးဘူး။ ကိုကျောက်နီ ရှိရာ သောင်စပ်ကို အပြေးကလေး သွားပြီး ကိုကျောက်နီကို လှုပ်နှိုးတယ်။ အိပ်မက်မှာ ကက်ဆက် အကျယ်ကြီး ဖွင့်နေတဲ့ ကိုကျောက်နီ တစ်ယောက် မကျော့က ခလုတ်ကို ချောက်ခနဲ ပိတ်လိုက်တော့ အိပ်မှုံစုံမွှားနဲ့ ထထိုင်တယ်။

“ဟင် … မကျော့ ပြန်လာပြီလား”

မကျော့က ပါးစပ်က မဖြေဘဲ ခပ်ပြုံးပြုံးကြီး လုပ်ရင်း ရင်ဘတ်ကြားထဲက ငါးရာတန်တွေကို ထုတ်ပြပြီး အဖြေပေးလိုက်တယ်။ ကိုကျောက်နီ မျက်နှာကြီး ဝင်းထိန်သွားလိုက်ပုံက နေလုံးကြီးကတောင် အရှုံး ပေးရလောက်ပါရဲ့။ ဝမ်းသာအားရနဲ့ မကျော့ လက်ထဲက ပိုက်ဆံတွေကို လှမ်းယူပြီး တဲထဲကို အပြေးဝင်သွားတယ်။ နောက် ခေါင်းအုံးချုပ်ရိုးထဲ လက်လျှိုစမ်းပြီး အရင်က ထည့်ထားတဲ့ ငွေစကလေးတွေကို ထုတ်ရေတယ်။ မှို့တွေက တဲကလေးထဲမှာ လွင့်လို့။ မကျော့က ကိုကျောက်နီဘေးမှာ တင်ပျဉ်ခွေထိုင်ပြီး ကလေးပါးစပ်ကို နို့တပ်ရင်း

“ပြည့်လုပြီလား ကိုကျောက်နီ”

ကိုကျောက်နီက မျက်မှောင်ကြုတ်ပြီး စဉ်းစားဟန် ပြုတယ်။ တော်တော်နဲ့ အဖြေမပေးတော့ မကျော့က အားမလို အားမရနဲ့ ကိုကျောက်နီ လက်ထဲက ငွေတွေကို ဆတ်ခနဲ လုပြီး ကိုယ်တိုင်ရေတယ်။ ရင်ခွင်ထဲက ကလေးက အံဝင်ခွင်ကျ မဖြစ်သေးတဲ့ အစာကို ဟိုဟပ်သည်ဟပ် လုပ်ရင်း ဒေါသတကြီး တစ်ချက် ကော့ထိုးတယ်။ ဒါကို မကျော့က ငွေ အရေပျက်ရပါ့မလား ဆိုပြီး ကလေးရဲ့တင်ပါးကို ဖြန်းခနဲ တစ်ချက် ချလိုက်တာ ကလေးက ဝါးခနဲ ငိုတော့တာပဲ။

သည်ဘက် တဲကလေးထဲမှာ ကလေးငိုသံတွေ စီစီညံနေတုန်းမှာ ဟိုဘက်တဲက ကိုလှဆောင်းမိန်းမ မလှစိန် တစ်ယောက်ကတော့ တစ်နေ့လုံး ရောင်းမကုန်ခဲ့တဲ့ ငါးဖျဉ်းတောင့်တွေကို ချေးဖောက်နေတယ်။ သူ့ယောကျ်ား ကိုလှဆောင်းကို စိတ်တိုတိုနဲ့ ငါးချေးတွေ တဗျစ်ဗျစ်နဲ့ ညှစ်ထုတ်နေလိုက်တာ နဂိုက နွမ်းရိနေတဲ့ ငါးဖျဉ်းတောင့်ကလေးတွေ ဆိုတာ ပျော့ဖတ်လို့။ မလှစိန် သဘောကတော့ သည်ငါးတွေကို ကုန်အောင် စောင့်ရောင်းခဲ့ချင်တာပါ။ လေးငါးဆယ်ရလည်း နည်းတာ မှတ်လို့။ ဒါပေမယ့် ကိုလှဆောင်းက တဂျီဂျီလေ။

“လှစိန် … ငါ ဟိုဘက်ကမ်း သွားစရာ ရှိသေးတယ်။ နင့်ကို စောင့်မပေးနိုင်တော့ ဘူးဟာ၊ ကြုံရာလှေနဲ့သာ ပြန်ခဲ့တော့”

ဆိုတော့ မလှစိန်မှာ ကူးတို့စက်လှေ နောက်ဆုံးခေါက်နဲ့ အပြေးအလွှား ပြန်ခဲ့ရတယ်။ ဟိုဘက်တဲက မိကျော့ လှေကြုံကိုတော့ အမြင်သား။ ဒါပေမယ့် မနက်တုန်းက မြင်လိုက်ရတဲ့ သူ့ဗျတ်ထဲက ငါးပတ်ကြီးကြောင့် မိကျော့လှေနဲ့ မပြန်ချင်တော့တာ။ အပြန်လှေပေါ်မှာ ငါးပတ်ကြီး ရောင်းရတဲ့ ငွေကလေး တပြပြလုပ်ရင်း ကြွားနေမှာကို မခံချင်လို့ပဲ စက်လှေကို ဆယ့်ငါးကျပ် ပေးစီး လိုက်လာခဲ့တာလေ။

“လှစိန် … နင့်ယောကျ်ား လှဆောင်းရောဟ”
“အနောက်တောင်ဘက် ကမ်းတဲ့ တော်ရေ၊ နေ့လယ်ကတည်းက ကူးသွားတာပဲ”
“ဟုတ်လား … ဒါဆို ငါ လိုက်သွားဦးမယ်”

ကိုကျောက်နီက လှေကလေးနဲ့ အနောက်ဘက်ကမ်းကို ကူးလိုက်သွားတယ်။ မြစ်ရေပြင်ပေါ်မှာ ခဲသားရောင် ရေလှိုင်းကလေးတွေ တလွန့်လွန့် လူးလို့။ မကြာခင် မှောင်တော့မယ့် လက္ခဏာမျိုးနဲ့ ကောင်းကင်ကြီး တစ်ခုလုံး မှုန်ရီလို့ လာပြီ။ မကျော့က တဲအပြင် ထွက်ရင်း တစ်ဖက်တဲကို လှမ်းကြည့်လိုက်တော့ မလှစိန် တစ်ယောက် ငါးချေးတွေ ဖောက်နေတာ တွေ့လိုက်ရတယ်။ မလှစိန်တို့ကတော့ ငါးစားရတော့မယ် ဆိုတဲ့ အတွေးနဲ့ ပီတိကလေးတောင် ဖြစ်သွားရသေး။ ပီတိက မလှစိန်တို့ ငါးဟင်းစားရလို့ ဖြစ်ပေါ်တဲ့ စေတနာပီတိ မဟုတ်တာတော့ သေချာတယ်။ ဘာလို့လဲဆိုတော့ သူတို့တစ်တွေမှာ ရေထဲက ငါးတွေသာ ဖမ်းရောင်းနေကြတာ။ ငါးကုန်မှ ငွေရမယ် မဟုတ်လား။ ငါး မကုန်တော့ ကိုယ့်ဟာကိုယ် ချက်စားရုံကလွဲလို့ ဘာတတ်နိုင်မှာတဲ့လဲ။ သည်တော့ တံငါသည် ငါးစားရတာဟာ ကိစ္စကောင်း မဟုတ်ဘူးလေ။

သူ့ကို မကျော့ လှမ်းကြည့်နေတာ မြင်တော့ မလှစိန် ရင်ထဲ အောင့်သွားရတယ်။ လက်ထဲက ငါးဇလုံကို ထမင်းအိုး အဖုံးပေါ် ခွပ်ခနဲ ပစ်ချရင်း …

“ဟင်း … အိမ်က သေနာတော့ အရင်တုန်းကနဲ့ကို မတူတော့ဘူး၊ သည်ရောက်မှ အပေါင်းအသင်း ဖျက်တာနဲ့ သင်း ပျက်စီးနေတာ”

နဲ့ ဆိုလိုက်တော့ မကျော့ တစ်ကိုယ်လုံး ဆတ်ခနဲ မတ်သွားတယ်။ အပေါင်းအသင်း ဖျက်တယ် ပြောရအောင်က သည် သောင်ကတုံးကလေး ပေါ်မှာ သူနဲ့ကိုယ်နဲ့ နှစ်ယောက်တည်း။ ရှိတာကမှ သည်တဲကလေး နှစ်တဲ။ မိသားစု နှစ်ခုတည်း မဟုတ်လား။

“သည်မှ လှစိန်၊ ညည်း စကားပြောရင် ကြည့်ပြောပါအေ့။ စောင်းလား ချိတ်လား မလုပ်ပါနဲ့”
“အလိုတော်… ကျုပ် မစောင်းရ မချိတ်ရပါလား၊ ကျုပ်က တည့်ပြောနေတာအေ့၊ တည့်ပြောနေတာ”

နဲ့ လုပ်တော့ တစ်ယောက်တစ်ခွန်း စကားများကြတယ်။ မိန်းမချင်းဆိုတော့ သိကြတဲ့အတိုင်း အပြန်အလှန် မပြီးနိုင် မစီးနိုင်။ ငယ်ကျိုးငယ်နာ ဖော်ကြ၊ တစ်ယောက် မကောင်းတာ တစ်ယောက် ပြောကြနဲ့ပေါ့။ မကျော့က …

“ညည်းက ငါတို့ စီးပွားတက်တာကို မနာလိုနေတာ မဟုတ်လား”

လို့ ဇိုးခနဲ ဇတ်ခနဲ မေးလိုက်တော့ မလှစိန်ကလည်း မခံပါဘူး။

“စီးပွားတက်တာ ဟုတ်လား။ ဟား … ဟား … ရယ်ချင်လိုက်တာ ဖက်ဖက်မော ရင်ဘတ်နောက်က ကျော။ ဟွန်း … စီးပွားတက်ရအောင် ညည်းက ဘာတွေများ ဝတ်ရစားရလို့တုန်း။ ဘယ်လိုများ နေရ ထိုင်ရလို့တုန်း ကောင်မရဲ့။ သည်သောင်ယံကတုံးပေါ် တဲချင်း အတူတူပါပဲအေ။ အရှေ့ဘက်ကမ်းက မကျင်လွှမ်လို တိုက်နဲ့တာနဲ့ဆိုလည်း ဟုတ် … ဟုတ်သေးတော့”
“ငါသာ တိုက်နဲ့ နေနိုင်တဲ့ အဆင့်ဆိုရင် သည်သောင်ကတုံး ပေါ်မှာ ညည်းတို့ကို မထားဘူး။ သောင်တစ်ပြင်လုံး အပြည့် တိုက်ကြီး ဟီးထနေအောင် ဆောက်ပစ်လိုက်မယ်အေ့”
“ကောင်းပါလေ့တော်၊ ကောင်းပါလေ့။ အဲသည်ကျတော့မှ ကျုပ်က ဒုံးပျံကြီး စီးပြီး အလည် လာရဦးမယ်”

တစ်ယောက်နဲ့တစ်ယောက် သဲကြီးမဲကြီး ပြောဆို နေလိုက်ကြတာ ဧရာဝတီရဲ့ လှိုင်းပုတ်သံကိုတောင် သူတို့ မကြားနိုင်ကြပါဘူး။ အဲသလို မလှစိန်က အညှောင့်ထောင်လိုက်၊ မကျော့က ပြန်ချေလိုက်။ မကျော့က လေလုံးပစ်လိုက်၊ မလှစိန်က အဆစ်ခွပ်ချလိုက်နဲ့။ မီးခွက်ထွန်းချိန်သာ ရောက်ရော အနိုင်အရှုံး အဖြေမပေါ်သေးဘူး။ အရှေ့ဘက်ကမ်းမှာရော၊ အနောက်ဘက်ကမ်းမှာရော မီးရောင်လဲ့လဲ့တွေနဲ့ ထိန်ညီးနေပြီ။ သူတို့ သောင်ကတုံးကလေး ပေါ်က အမှောင်ထဲမှာတော့ ခွန်းကြီးခွန်းငယ် အော်ကြတုန်း။

(၄)

“အဲသာပဲ … ကိုလှဆောင်း၊ တော့်ကြောင့် ကျုပ် အချိုးအနှိမ်ခံရတာ၊ တော်ညံ့လို့ ကျုပ် လူအစော်ကား ခံရတာတော့ ဟီး”

ယောကျ်ားသားတွေ ပြန်လာတော့ မိန်းမတွေက ငိုကြီးချက်မနဲ့ အသီးသီး အသက အသက ဆီးတိုင်ကြတယ်။

မလှစိန်ရဲ့ စကားကို ကြားတော့ ကိုလှဆောင်းရဲ့ ရင်ထဲမှာ ဖျဉ်းခနဲ ဖြစ်သွားတယ်။ တော့်ကြောင့်၊ တော်ညံ့လို့ ဖြစ်ရတာ ဆိုတဲ့ စကားလုံးတွေကို သူ့ကို အတော်ကလေး ထိသွားတာကိုး။ ကိုလှဆောင်း ဆိုတာက တံငါဘဝနဲ့ စခဲ့သူမှ မဟုတ်ဘဲ။ ငယ်စဉ်ကတည်းက ဧရာဝတီမြစ်ကြီးနဲ့ ဖက်ပြီး ကြီးပြင်းခဲ့တာ ဆိုပေမယ့် ကိုလှဆောင်းက တောင်သူ တစ်ယောက်ပါ။ မြစ်ဘေးက သူတို့ ရွာကလေးမှာပဲ နှမ်းလေး စိုက်လိုက်၊ ပဲကလေး စိုက်လိုက်နဲ့ နေလာခဲ့တဲ့သူ။

မြစ်ရေတွေ တိုးတိုင်း သူတို့ရွာကလေးကို ရေတွေ လွှမ်းခဲ့တာ။ ရေတွေ လျော့သွားတိုင်း ပေါ်လာတဲ့နုံးတင် မြေကလေးပေါ်မှာ ထွန်ဟယ် ယက်ဟယ် စိုက်ပျိုးခဲ့ကြတာ အခါပေါင်း မရေတွက်နိုင်တော့ဘူး။ အဲသည်လို တိုးလိုက် လျှော့လိုက် လုပ်ရင်းနဲ့ပဲ ဧရာဝတီဟာ သူတို့ရွာကလေးကို ဖဲ့စားသွားခဲ့တယ်လေ။ ကမ်းပါးတွေပြို၊ မြေတွေပျက်ပြီး သူတို့ရွာကလေးတောင် နောက်ကို ဆုတ်ခဲ့ရပြီ မဟုတ်လား။ သူလည်း ငါးရှာစားရတော့တာပါ။ အခြေအနေကြောင့်သာ ကွန်ကို ကိုင်ခဲ့ရပေမယ့် ကိုလှဆောင်းမှာ မြေနုကျွန်းကလေး ပေါ်နိုးပေါ်နိုး မျှော်ကိုးရင်း တံငါသည်ဘဝနဲ့ သက်တမ်း ရှည်နေခဲ့တာ ကြာပါပကော။

“တောက် … သည်ကောင် ကျောက်နီတို့ လင်မယား ငါတို့ကို သက်သက် ကျေးဇူးကန်းတာ”

သည် သောင်ကတုံးကလေး ပေါ်မှာတော့ ကိုလှဆောင်းက အရင် စပြီး တဲထိုးနေခဲ့တာပါ။ နောက်တစ်ပတ်လောက် ကြာမှ ကိုကျောက်နီတို့ ရောက်လာခဲ့တာလေ။ သည်တုန်းကတော့ လူသူဝေးတဲ့ သောင်ကတုံးကလေး ပေါ်မှာ ကိုယ်တစ်ဦးတည်းနဲ့ စာရင် တိုးတိုးဖော်ကလေး ရယ်လို့ ရှိလာတာမို့ ကိုလှဆောင်း ဝမ်းသာခဲ့ရသေးတယ်။ ကိုကျောက်နီတို့ တံငါလှေကလေး သောင်စပ်မှာ ထိုးကပ်လာတော့ ပစ္စည်းတွေ ကူချပေး၊ တဲကလေး ကူဆောက်ပေးနဲ့၊ ငါးရှာတာက အစ အရက်သောက်ကြတာက အဆုံး နှစ်ယောက်သား တရုန်းရုန်းနဲ့။ သူ့ရှိတာ ကိုယ်စား၊ ကိုယ့်ရှိတာ သူ့ကျွေးနဲ့ နှစ်တဲကို တစ်တဲလုပ် နေခဲ့ကြတာပါ။ အခုမှ ငါးကြီးငါးကောင်း ရတယ်ရယ်လို့ ငွေကလေး ရွှင်လာတာနဲ့ပဲ ကိုကျောက်နီ ဆောင့်ကြွားကြွား လုပ်တာကို ကိုလှဆောင်း သတိထားမိတာ ကြာပြီ။ သူတို့ဘက်ကမှ သည်လို အသံထွက်လာရင် ကိုယ့်ဘက်ကလည်း အဆင်သင့်ပဲလို့ ကိုလှဆောင်း တွေးလိုက်တယ်။

“သည်မှ လှစိန်၊ ဘာမှ အားမငယ်နဲ့၊ ငါတို့က သင်းတို့လို ရေမျောကမ်းတင်တွေ မဟုတ်ဘူး။ ကိုယ့်မှာ ရပ်နဲ့ရွာနဲ့ ရှိတယ်။ သည်နှစ်သာ မြေနုကျွန်းကလေး ပေါ်ကြည့်စမ်းပါလား၊ ဟင်း …”

ကိုလှဆောင်းက အံတွေ တင်းတင်းကြိတ်ထား လိုက်တာ မေးကြောကြီးတွေများ ထောင်လို့။ ကိုလှဆောင်းရဲ့ စကားကို ကြားလိုက်တော့ မလှစိန် အငိုရပ်သွားတယ်။ သူတို့မှာ အဲသည် မျှော်လင့်ချက်ကလေး ရှိနေသေးတာကို မလှစိန် မေ့နေတယ်။ ဟိုတစ်လောက ဈေးတန်းမှာ ရွာကလူတွေနဲ့ တွေ့တော့ သူတို့ရွာမှာ သည်နှစ် မြေနုကျွန်းကလေး ဖော်နိုင်မယ် ထင်တယ်လို့ ပြောတာ သူကြားသား။ စောစောကသာ သတိရလိုက်မိရင် မိကျော့ကို ဘယ်အရှုံးပေးမှာတုန်း။ မြေနုကျွန်းနဲ့ ကိုင်ပေါက်လိုက်ပါရဲ့။

“မြေနုကျွန်း ပေါ်ရင် ဘာလုပ်မှာလဲ ကိုလှဆောင်း”

မလှစိန်က အားတက်သရော ရှေ့ကို တိုးလာတယ်။ မလှစိန် မေးလိုက်မှပဲ ကိုလှဆောင်းမှာ အခက်တွေ့သွားတော့တာပါ။ မျှော်လို့သာ မျှော်ရတာလေ။ ဘာဆက်လုပ်ရမယ် ဆိုတဲ့ စီမံကိန်းက ချထားတာ မဟုတ်တော့ စဉ်းစားရ ကျပ်သွားတယ်။ မြေပေါ်မှာ စိုက်ခင်းကလေး ဖြစ်ဖို့ဆိုတာ အရင်းရှိရမယ်လေ။ သူတို့မှာက လက်ချည်းပဲ မဟုတ်လား။ ချေးငှား လုပ်ရအောင်ကလည်း အတိုးနဲ့ပဲ ရတာလေး ထိုးဆပ်ရမယ့် ကိန်းပဲ ရှိတယ်။ စဉ်းစားရကျပ်နေတဲ့ ကိုလှဆောင်းကို မလှစိန်ကတော့ အကြံကောင်း ဉာဏ်ကောင်းပေးတယ်။

“ဟုတ်ပြီ၊ သည်မှာ ကိုလှဆောင်း၊ မြေရရင် ကျုပ်တို့ ငှားစားကြမယ်တော်” တဲ့။

သည်တစ်ခါတော့ သူ့မယား မလှစိန်ကို ကိုလှဆောင်း အတော်ကလေး အထင်ကြီးသွားတယ်။ သူ တွေးမထားတဲ့ ထွက်ပေါက်ကို မလှစိန်က ဖွင့်ပေးလိုက်တာ မဟုတ်လား။

သည်ဘက် တဲမှာလည်း မကျော့က ငိုကြီးချက်မနဲ့ပါပဲ။

“ကိုကျောက်နီရယ်၊ မနာလိုဖြစ်ရအောင် ညည်းက ဘာများ ဝတ်ရစားရလို့တုန်းတဲ့။ သောင်ကတုံးပေါ်က တဲချင်း အတူတူပါပဲအေ တဲ့။ ကျုပ် ဘာပြန်ပြောနိုင်မှာတုန်းတော် … ဟော့”

ကိုကျောက်နီကတော့ တိုဝင်နေတဲ့ ဆေးလိပ်ကိုပဲ ဖိဖွာနေတယ်။ ကိုလှဆောင်းတို့ လင်မယား သူတို့အပေါ်မှာ အမူအရာတွေ ပြောင်းနေတာ ကိုကျောက်နီ ရိပ်မိသားပဲ။ အခုတလော အရက်သောက်ချိန်က လွဲရင် သူတို့ချင်း မဆုံမိကြတော့ဘူး။ တစ်ခါတလေ မြစ်လယ်မှာ လှေချင်း တွေ့နေတာတောင် လှမ်းစကား မပြောဖြစ်ကြတဲ့ အထိ။ မိန်းမချင်းလည်း အစေးမကပ်ကြတာကို ကိုကျောက်နီ သိတယ်။ သည်မိန်းမတွေရဲ့ ပါးစပ်တွေဟာ တစ်နေ့ သည်လို ဖြစ်လာကြလိမ့်မယ် ဆိုတာ သူထင်ပြီးသားပါ။ ကိုကျောက်နီ တွေးကောင်းနေတုန်း လက်ကို ပူခနဲ ဖြစ်သွားတော့မှ အစီခံပါ လောင်နေတဲ့ ဆေးလိပ်တိုကို သဲထဲ လွှတ်ချလိုက်တယ်။

“ငိုမနေစမ်းပါနဲ့ မကျော့ရယ်၊ ငါတို့က သင်းတို့ထက် သာပြီးသားပါ။ သည်တစ်ခါ ငါးတစ်ပွက်သာ ပွက်ကြည့်၊ ကက်ဆက်တစ်လုံး သေချာပေါက် ဝယ်နိုင်ပါပြီဟ၊ ငွေက ပြည့်လုပြည့်ခင် ဖြစ်နေလို့သာ။ မနေ့တုန်းကတောင် ငါ ကိုကျစ်တီးဆိုင်ကို ရောက်ခဲ့သေးတယ်။ အပေါင်ဆုံး ဆိုပေမယ့် ခပ်လတ်လတ်ထဲကပါ။ ဘက်ထရီအိုးရယ်၊ တိတ်ခွေကလေး လေးငါးခွေရယ် ဝယ်ရမှာမို့ ငါ ငွေစောင့်နေရလို့ပါဟာ”
“ငွေစောင့်နေရလို့ ဟုတ်လား၊ ဘယ်သူ့ဆီက ငွေတုန်း”

ကြောင်စီစီနဲ့ မကျော့ရဲ့ အူတူတူ အမေးကြောင့် ကိုကျောက်နီ ဒေါသတွေ ထောင်းခနဲ ဖြစ်သွားရတယ်။

“ရေထဲက ငါးတွေဆီကဟေ့၊ ရေထဲက ငါးတွေဆီက၊ အဟုတ်ဗျာ၊ တို့က ဘယ်သူ့ဆီကများ ရစရာရှိတာလိုက်လို့ … ဟွန်း”

ကိုကျောက်နီလို ခြေသလုံးအိမ်တိုင် တံငါသမားတစ်ယောက် အဖို့ရာက ဘယ်သူ့ဆီကမှ ရစရာ မရှိဘူးဆိုတာ သူတို့အတွက် အမှန်တရားပဲ မဟုတ်လား။

(၅)

မိုးကောင်းကင်ပေါ်မှာ တိမ်ညိုတွေက ခပ်မြန်မြန်ကြီးကို ရွေ့လျားနေတယ်။ အရောင်ပျောက်လုဆဲ နေလုံးကြီးကတော့ တိမ်ညိုတွေအောက်မှာ ဖုံးအုပ်သွားခဲ့ပြီ။ သောင်ပြင်ပေါ်က သဲပွင့်ကလေးတွေတောင် ဖြူလွလွ အရောင်ကနေ ခဲပုပ်ရောင် မှိုင်းလို့။ မလှစိန်က လှေကို သောင်စပ်မှာ ထိုးကပ်ရင်း တစ်ဖက်တဲကို အရင် လှမ်းကြည့်လိုက်တယ်။ သည်နေ့ ငါးတန်းမှာ မကျော့ ဈေးလာရောင်းတာ မမြင်ဘူးလေ။ သူထင်တဲ့ အတိုင်းပါပဲ။ မကျော့ဟာ တဲဘေးက သဲပြင်ပေါ်မှာ ဆောင့်ကြောင့်ကြီး ထိုင်ပြီး ဆေးလိပ် ဖွာနေလေရဲ့။ သူ့ကို ကျောပေးထားပေမယ့် မကျော့ရဲ့ မျက်နှာမူရာ ဘယ်လို ရှိနေမယ် ဆိုတာ မလှစိန်က အတပ်သိနေတယ်။ ဒါကြောင့်လည်း ကွပ်ပျစ်ပေါ်မှာ ထိုင်ပြီး ပိုက်ဖာနေတဲ့ သူယောကျ်ား ကိုလှဆောင်းကို လှမ်းအော်ပြောလိုက်တယ်။

“ကိုလှဆောင်းရေ၊ သည်နေ့ ငါးဈေး ကောင်းချက်တော့ ရက်စက်တယ်။ ငါးစင်းရိုင်းတောင် ငါးရာဈေးနဲ့ ရခဲ့သတော်။ ဟင်း ဟင်း သည်နေ့ ငါးရောင်းရတာ အသားအပါဆုံးပဲ”

မလှစိန်ရဲ့ ခနဲ့တဲ့တဲ့ စကားကို ကြားတော့ မကျော့ ကိုကျောက်နီကို ပိုပြီး စိတ်တိုလာတယ်။ အခုတစ်လော လေရိပ်မိုးရိပ် ပြေးနေတာ အကြောင်းပြပြီး ကိုကျောက်နီ ငါးရှာလို့မရ ဖြစ်နေတာ ကြာပါပကော။ ငွေလိုပါတယ် ဆိုကာမှ ငါးက ရှားသွားလိုက်တာတော်လို့ မကျော့ ပါးစပ်ကနေ ဗျစ်တောက် ဗျစ်တောက် လုပ်တော့ ကိုကျောက်နီက …

“ငါးက ရှားသွားတာ မဟုတ်ပါဘူးဟ၊ လူတွေကိုက လောဘကြီးလွန်း နေတာပါ။ လောဘကြီးတော့ ရသလောက် မတင်းတိမ်နိုင်ဘူး။ ခါတိုင်းလည်း သည်လိုပဲ ရတဲ့အခါ ရ၊ မရတဲ့အခါ မရပါဘူး မကျော့ရာ”

ဆိုတော့ မကျော့က …

“ရအောင် ရှာရမှာပေါ့၊ ရအောင် ရှာရမှာ တော့်အလုပ်၊ တကတည်း အရေးထဲ လောဘတွေ မောဟတွေ လုပ်နေသေးတော်။ ဒါပဲ မနက်ဖြန် ငါးကြီး မရမချင်း တော် ပြန်ကို မလာခဲ့နဲ့”

လို့ အမိန့်ထုတ်လိုက်တယ်။ တကယ်လည်း မိုးသာချုပ်ရော ကိုကျောက်နီ ပေါ်မလာသေးဘူး။ ကိုကျောက်နီကို မျှော်ရတာလည်း မကျော့မှာ ဗျိုင်းဖြစ်နေပြီ။ မြစ်ထဲမှာလည်း ကိုကျောက်နီရဲ့ တံငါလှေကို မှုန်မှုန်တောင် မမြင်ရသေးဘူး။ မကျော့က စိတ်ဆိုးဆိုးနဲ့ တဲထဲက ကွပ်ပျစ်ပေါ် ဝင်ခွေနေလိုက်တယ်။

“အမေရေ … အဖေ ပြန်လာနေပြီ”

မကျော့ တစ်ကိုယ်လုံး ဆတ်ခနဲ ဖြစ်သွားပေမယ့် မထဘဲ ပေအိပ်နေလိုက်တယ်။ အချိန်က မီးခွက်ထွန်းချိန် ရောက်နေပြီလေ။ ကိုကျောက်နီ ပြန်လာလို့ ငါးပါလာရင်လည်း ဘယ်လိုလုပ် သွားရောင်းတော့မလဲ။

“မကျော့ရေ … ဟေ … မကျော့ … လာစမ်းပါဦး၊ ငါးတွေ ငါတစ်ယောက်တည်း မနိုင်လို့ လာကူလှည့်ပါဦး”

ကိုကျောက်နီရဲ့ အသံက လိုအပ်တာထက် ပိုကျယ်လောင်နေတယ်။ တစ်ဖက်တဲက ကြားအောင် ခပ်ကြွကြွကလေး မြှောက်ပြောနေတာ ဆိုတာ တစ်သက်လုံးပေါင်းလာတဲ့ လင်ရဲ့အသံကို မကျော့ ကျက်မိတယ်။ တကယ်လည်း ငါးတွေမှ တစ်ထွေးကြီး။

ငါးနုသန်းတွေရော၊ ငါးဖမ်းမတွေရော၊ ငါးသလဲထိုးတွေရော၊ ပြီးတော့ ရှစ်ပိဿာထက် မငယ်တဲ့ ငါးချောင်းကြီးက တစ်ကောင်။

“ကိုကျောက်နီရယ် ဒါတွေ ရတာများ စောစောပြန်ခဲ့ပါတော့”

မကျော့မှာ အသံတွေတောင် တုန်နေတယ်။ သည်ငါးတွေကို ရောင်းလို့ရမယ့် ပိုက်ဆံကို သူ သိပြီးသား။ ကက်ဆက်ဖိုး ပြည့်ရုံအပြင် လျှံတောင် ထွက်လာဦးမှာ မဟုတ်လား။

“ဟောသည် ကောင်ကြီးကြောင့်ပေါ့၊ ငါ့မှာ တစ်နေကုန် စောင့်ဖမ်းနေရတာ။ ကူးတို့သမား ဖိုးအေးကိုတောင် အကူအညီ ခေါ်ရသေး။ မနက်ကတည်းက သည်ကောင်ကြီးက ငါ့ကို လှည့်စားနေခဲ့တာဟ။ ညနေစောင်းမှ အုပ်မိတော့တယ်။ ကဲ … ကဲ … မကျော့ ငါးတွေ အကုန် စည်ပိုင်းထဲ ထည့်စမ်း၊ မနက်ကျ စောစောကလေး သွားရောင်းကြတာပေါ့ဟာ”

ကိုကျောက်နီ အသံကလည်း ဝမ်းသာလုံး ဆို့နေတဲ့ အသံလုံးလုံးကြီးနဲ့။ မကျော့က တဲဘေးက သစ်သား စည်ပိုင်းထဲကို ရေလှယ်ပြီး ငါးတွေ ထည့်လိုက်တယ်။ လင်မယား နှစ်ယောက်စလုံး ပျော်လိုက်ကြတာ ညစာတောင် ပေါ့သလား ငန်သလား မသိလိုက်ကြတော့ပါဘူး။

မနက်လင်းတော့ မကျော့က ရေစပ်ကို သွား မျက်နှာသစ်ရင်း ငါးစည်ပိုင်းကို ငုံ့ကြည့်လိုက်တော့မှ ပြဿာနာက ပေါ်တော့တာပဲ။ စည်ပိုင်းထဲမှာ ငါးတစ်ကောင်မှ မရှိတော့ဘူး။ မကျော့ စည်ပိုင်းပြတ်ကို ကြက်သေသေ ကြည့်ရင်း ခဏနေတော့မှ ထအော်တယ်။

“ကိုကျောက်နီ … ကိုကျောက်နီရေ သည်မှာ ငါးတစ်ကောင်မှ မရှိတော့ပါလားတော့်”

စူးစူးဝါးဝါး အော်ချလိုက်တဲ့ မကျော့ အသံကြောင့် ကိုကျောက်နီတင် မကပါဘူး။ တစ်ဖက်တဲက ကိုလှဆောင်းတို့ လင်မယားပါ အကုန်လုံး နိုးကုန်ကြတာပါပဲ။

“ဟင် … ဟုတ်ပါရဲ့၊ ဘယ်လို ဖြစ်တာပါလိမ့်။ ငါးတွေကတော့ ခြေထောက်ပေါက်ပြီး မြစ်ထဲ ခုန်မချပါဘူး”

ကိုကျောက်နီ ဘာမှ မစဉ်းစားတတ်အောင် ဖြစ်နေတယ်။ မကျော့မှာတော့ စည်ပိုင်း ဟောင်းလောင်းကြီးကို ကိုင်ရင်း ငိုတော့မလို မျက်နှာနဲ့ မဲ့လို့ပေါ့။ တစ်ဖက်တဲက မလှစိန်ကလည်း တအံ့တသြနဲ့ စည်ပိုင်းကြီးကို လာငုံ့ကြည့်တယ်။ တကယ်ပဲ စည်ပိုင်းထဲက ငါးတစ်ကောင်မှ မမြင်တော့ မလှစိန် ဇဝေဇဝါတောင် ဖြစ်သွားရတယ်။ မကျော့က မသင်္ကာတဲ့ မျက်လုံးတွေနဲ့ မလှစိန်ကို ကြည့်ရင်း …

“မနေ့ကမှ စည်ပိုင်းထဲ ထည့်ထားတဲ့ ငါးတွေ မနက်လင်းတော့ ပျောက်ကုန်ပြီ အရပ်ကတို့ရေ။ ကျုပ်တို့ ရေလယ်ကောင်က တဲကို သူခိုး ခိုးခံရပါပေါ့လား တော်တို့ရဲ့”

တအား ဟစ်ငိုလိုက်တော့ မလှစိန်မှာ လန့်ဖျပ်သွားတယ်။ ယောင်ယမ်းပြီး ဘေးဘီကို လှည့်ကြည့်မိသေးရဲ့။ မကျော့စကားက ဘာစကားလဲ ဆိုတာကို မလှစိန် သိတာပေါ့။

“သည်မှာ မကျော့၊ ငါတို့လည်း သည်တဲထဲက တစ်ဖဝါးမှ မရွေ့ရသေးဘူး။ ညည်းတို့ မကျေနပ်ရင် လာရှာကြည့် လှည့်ကြ။ ငါတို့ကို သူခိုးလို့တော့ မစွပ်စွဲနဲ့၊ ညည်း ငါးက သေရာမပါဘူးအေ့”
“သူခိုး … ဟုတ်တယ်၊ ညည်းတို့ပဲ၊ သည်နေရာမှာ ဘယ်သူ ရှိသေးလို့တုန်း၊ ဟင်း … အယုတ်တမာတွေ”

မကျော့က ထဘီတိုတိုပါအောင် ဝတ်တဲ့ပြီး မလှစိန်ကို ဆွဲလုပ်မယ် ပြင်တော့ ကိုကျောက်နီက တားတယ်။ မလှစိန်ကလည်း လာစမ်းဆိုတဲ့ ပုံမျိုးနဲ့ အသင့်ပြင်ထားတယ်။

သည်လောက် ရုန်းရင်ဆန်ခတ် ဖြစ်နေကြတာကို မတုန်မလှုပ် ရှိနေတာကတော့ ကိုလှဆောင်းပါပဲ။ ဝါးလုံးတန်းမှာ လှန်းထားတဲ့ ပိုက်ကွန်ကို ယူပြီး သူ့လှေကလေးဆီကို သွားတော့တာပါပဲ။ ဒါကို မြင်လိုက်တဲ့ ကိုကျောက်နီဟာ ဒေါသတွေ ဆောင့်တက်လာတယ်။ ဒါပေမယ့် ခဏအတွင်းမှာပဲ သူ့ဒေါသကို ပြန်ထိန်းချုပ်ပစ်လိုက်တယ်။ လက်ဆုပ်လက်ကိုင် မရှိဘူး မဟုတ်လား။ မလှစိန်ကတော့ သူ့တဲထဲက ပစ္စည်းတွေကို ဇလုံမကျန် ဖာတောင်းမကျန် သွန်မှောက်ပြနေလေရဲ့။ တကယ်တော့ သူတို့ရဲ့ တံငါတဲကလေးတွေမှာ ငါးဝှက်ထားစရာ နေရာဆိုတာ တကယ်လည်း မရှိပါဘူး။ အားလုံး ဒလဟာ။ ငါးတွေကို မြစ်ထဲ သွန်ပစ်လိုက်တာပဲ ဖြစ်ရမယ်လို့ ကိုကျောက်နီ အတပ်တွေးလိုက်တယ်။

“ရှိပါစေတော့ မကျော့ရာ၊ ငါးပဲဟာ မြစ်ကြီး ရှိနေသရွေ့ ရှာလို့ ရပါသေးတယ်။ ငါ နှစ်ဆတိုးပြီး ကွန်ပစ်ရုံပေါ့”

ပြောရင်း ကိုကျောက်နီက ကိုလှဆောင်းကို လှမ်းကြည့်လိုက်တော့ လှေကလေးကို ကြိုးဖြည်နေပြီ။

“ဟေ့ … လှဆောင်း၊ ထွက်တော့မလို့လား”

ကိုကျောက်နီက မကျော့ကို လွှတ်လိုက်ပြီး ကိုလှဆောင်းဆီကို သွားတယ်။ ကိုလှဆောင်းက မကြားဟန်ပြုပြီး လှေကလေးကို ကမ်းပေါ်က ချနေပြီ။ ကိုကျောက်နီ အနားကို ရောက်လာမှ မရဲတရဲ မော့ကြည့်ရင်း …

“လိုက်တော့မလားဟေ့ ကျောက်နီ”

လို့ အသံထိန်းပြီး မေးတယ်။ ကိုကျောက်နီက ခပ်တင်းတင်း တစ်ချက် စိုက်ကြည့်လိုက်တော့ ကိုလှဆောင်းကို ခေါင်းငုံ့သွားတယ်။

“သွားနှင့် လှဆောင်းရေ့”

လှေကို ဦးလှည့်ပြီး ထွက်သွားတဲ့ ကိုလှဆောင်းရဲ့ ကျောပြင်ကို ကြည့်ရင်း တစ်ခုခုတော့ လုပ်မှ ဖြစ်မယ်လို့ ကိုကျောက်နီ တွေးတယ်။

(၆)

မိုးသားတိမ်ရိပ်တွေက ဆင်းလာနေပြီ။ ကိုကျောက်နီက ငါးဆိုလို့ ဟုတ်တိပတ်တိ မရသေးဘူး။ စားကျက်ပြောင်းပြီး ရှာပေမယ့် ငါးတွေက လေသံမိုးသံ ကြားလို့လား မသိဘူး။ တစ်ကောင်မှ ပွက်မလာသေးဘူး။ လေရိပ်မိုးရိပ်ကလည်း နေ့လယ်ကြီးကတည်းက မှုန်မှိုင်းနေတော့တာကလား။ လေကျရင်တော့ ငါးရှာရ ခက်တော့မယ်။ သည့်ထက်များ မိုးရော လေရော ရက်ဆက် ရွာနေရင်တော့ သွားပြီ။

ကိုကျောက်နီက ပလုံစီနေတဲ့ ရေဂယက်ကလေးပေါ်ကို ကွန်ကြီး အုပ်ချလိုက်တယ်။ ဘာငါးမှ တိုးပုံ မရပါဘူး။ ကွန်ကို အသာရုပ်လိုက်တော့ ရွှံ့နှစ်တွေနဲ့ ငါးသေးငါးမွှား၊ တစ်ကောင်စ နှစ်ကောင်စသာ ပါလာတယ်။ စိတ်ကလည်း မပါ။ ခံပြင်းတဲ့ စိတ်ကလည်း ဖြစ်နေဆိုတော့ ခါတိုင်း ကွန်ပစ်သလို လက်မတွေ့ဘူး။ ဒါနဲ့ပဲ ကမ်းပါးခြေက မြက်တောစပ် လှေချည်ပြီး ဆေးထိုင်ဖွာနေလိုက်တယ်။

ဆေးဖွာရင်းနဲ့ မနေ့ညက စည်ပိုင်းထဲက ငါးတွေအကြောင်းကို စဉ်းစားတယ်။ ငါးတွေ ဘယ်ရောက်သွားသလဲ။ ဘယ်သူ့လက်ချက်လဲဆိုတာ ရှည်ရှည်ဝေးဝေး စဉ်းစားနေစရာ မလိုပါဘူး။ အိနြေ္ဒပျက်နေတဲ့ လှဆောင်းရဲ့ မျက်နှာက သက်သေ ခံနေပြီပဲ။ သည်ကောင် သည်လောက် စိတ်ယုတ်မာ မွေးလိမ့်မယ်လို့ သူ မထင်ခဲ့မိဘူး။ မနေ့ညတုန်းက အရက်ဝိုင်းမှာ စည်ပိုင်းထဲက ငါးတွေ ရောင်းလိုက်ရင် သူ ကက်ဆက် ဝယ်နိုင်ပြီလို့ ပြောလိုက်မိတာကိုက သူ့အမှားပါ။ သည်ကိစ္စကို သင်းမယား လှစိန်တောင် သိပုံမရဘူး။ မိန်းမလောက်တောင် စိတ်ထား မကောင်းတဲ့ လှဆောင်းကို လက်စားချေဖို့သာ သူ့ခေါင်းထဲမှာ ရှိနေတယ်။ သူ စဉ်းစားနေတုန်းမှာပဲ မိုးစက်မိုးမှုန် ကလေးတွေ တဖွဲဖွဲ ကျလာတယ်။ ငါးမရချင်နေ၊ လေမိမှ တဲကို မပြန်နိုင် ဖြစ်နေရင် ဒုက္ခဆိုပြီး ကိုကျောက်နီ လှေကို ပြန်လှော်ခဲ့တယ်။

မိုးလေ ကောင်းတာက သူတို့အတွက် မကောင်းဘူး။ မနက်ပိုင်းကလေး အချိန်လုပြီး ငါးရှာတာတောင် ဟင်းဖိုး ကျွေးဖိုးကလေး မရချင်ဘူး။ ညနေပိုင်းမှာဆို လေက ပုံမှန် လာနေတော့တာ။ စုထားတဲ့ ကက်ဆက်ဖိုးကလေးက တဖြည်းဖြည်းနဲ့ ပဲ့ပဲ့လာတယ်။ အခုတော့ သောင်ကတုံးပေါ်က တံငါတဲကလေး နှစ်လုံးဟာ မိုးစက်မိုးမှုန်  အောက်မှာ ပြားပြားဝပ်လို့ပါ။ သောင်ပြင် တစ်ကွင်းလုံး စိုစွတ်နေတဲ့ကြားက တဲကလေး နှစ်လုံးဆီက မီးခိုးငွေ့တွေကတော့ အူထွက်နေတုန်းပါ။

“ကိုကျောက်နီ ဟိုဘက်တဲက ကိုလှဆောင်းတို့ မြေနုကျွန်း ရလို့တဲ့တော်”
“ဘာ”
“လန့်လိုက်တာတော်၊ တကတည်း။ နေ့လယ်က ဈေးတန်းမှာ လှစိန် ပြောနေတာ ကြားတာပဲ”
“တော်စမ်းပါ မိကျော့ရာ၊ သူတို့ဟာ သူတို့ ဘာကြီးတွေ ရရ ငါတော့ အားမကျပေါင်။ သင်းတို့လို ရေသာခို အချောင်လိုက် ကံတိုက်သမား မဟုတ်ဘူး။ အေး … ကျောက်နီတို့ ပွဲကြမ်းရင်တော့ လမ်းမရွေးဘူး ဆိုတာ နင် သိထား”

ကိုကျောက်နီက ပြောပြောဆိုဆို ထရံမှာ ထိုးထားတဲ့ ဓားမြှောင်ကို အိပ်ရာဘေး ပစ်တင်ရင်း လှဲချလိုက်တယ်။ သည်လိုဆိုတော့လည်း မကျော့ မျက်လုံးပြူးသွားရတယ်။

“ကိုကျောက်နီ တော် … လက်လွန်ခြေလွန်တော့ မလုပ်နဲ့နော်။ ကျုပ်တို့မှာ တော့်ကိုပဲ အားကိုး နေရတာ။ ကလေးတွေ မျက်နှာလည်း ထောက်ဦး”

ကိုကျောက်နီကတော့ ဘာမှ ပြန်မပြောတော့ပါဘူး။ မကျော့လည်း စိတ်မသက်မသာနဲ့ပဲ မီးခွက်ကို ဖူးခနဲ မှုတ်ငြိမ်းပစ်လိုက်တယ်။ အဲသည်ညက ကိုကျောက်နီ အရက်သွားမသောက်ဘူး။ ကိုလှဆောင်းက ခေါ်တော့ နေမကောင်းလို့ပါကွာ လို့ပဲ လေသံ ပျော့ပျော့ကလေးနဲ့ ဖြေလိုက်တယ်။ ရင်ထဲကတော့ သင်းကို အစိမ်းလိုက် ဝါးစားပစ်လိုက်ချင်နေတာပါ။

“ဟာ … လှစိန်ရေ သည်မှာ ကွန်ကြီး စုတ်နေပါလားဟ”

မနက် မိုးလင်းလင်းချင်း တစ်ဖက်တဲက ကိုလှဆောင်းရဲ့ အော်သံကြီးကို ကြားလိုက်ရတယ်။ ကိုကျောက်နီကတော့ အိပ်ရာထဲကနေ ပြုံးနေလိုက်တယ်။ မကျော့ကတော့ မိန်းမပီပီ တဲအပြင်ထွက် စပ်စုပြီး လှမ်းကြည့်လိုက်သေးတယ်။

“ဟုတ်ပါရဲ့ တော်၊ မနေ့ညက ကျုပ်လှန်းတုန်းက အကောင်းကြီးပါ၊ ဟင် … ဓားရာတော့် ဓားရာ၊ ဒါ တမင်သက်သက် ဓားနဲ့ ထိုးခွဲပြီး ဖြဲသွားတာ၊ ယုတ်မာလိုက်တာတော်”

မကျော့ အတော် အ့ံသြသွားတယ်။ သူတို့နေတဲ့ လူမရောက် သူမရောက် သောင်ကတုံးလေးမှာ တစ်ပတ်အတွင်း ခိုးမှုနဲ့ ဖျက်ဆီးမှုနှစ်ခု ဖြစ်သွားတယ် မဟုတ်လား။ သည်သောင်ကတုံး သည်တဲကလေး နှစ်လုံးကို ဘယ်ကများ လာပြီး ဂြိုဟ်ဆိုး ထိုးနေပါလိမ့်။

“ဟေ့ … မိကျော့ နင့်လင်ရော”

မကျော့ ဖျတ်ခနဲ တုန်သွားတယ်။ ကိုလှဆောင်းရဲ့ ဒေါသ မျက်နှာကြီးကို ကြည့်ရင်း ကြောက်လာတယ်။ ကိုကျောက်နီဟာ တဲကလေးထဲကနေ အေးအေးဆေးဆေးပဲ ထွက်လာခဲ့တယ်။

“ဘာဖြစ်လို့လဲ လှဆောင်းရ”
“အံမာ … မင်းက မသိချင် ယောင်ဆောင်လို့။ ငါ့ကွန်ကို မင်း ဖျက်ဆီးပစ်လိုက်တာ မဟုတ်လား”
“သည်လိုပြောလို့ ဘယ်ရမလဲကွ၊ မင်း … မြင်လို့လား”
“ဟေ့ကောင် သည်သောင်ကလေး ပေါ်မှာ ငါတို့တဲ နှစ်လုံးရှိတာ၊ မင်းမဟုတ်လို့ ဘယ်သူ ဖြစ်မလဲကွ”

ကိုကျောက်နီက မခန့်ပြုံး ပြုံးလိုက်တယ်။

“အေး … မင်းပြောတာ ဟုတ်သားပဲ။ သည်သောင်ကတုံးကလေး ပေါ်မှာ တို့တဲကလေး နှစ်လုံးပဲ ရှိတာ။ အင်း … ငါ့စည်ပိုင်းထဲက ငါးတွေ ပျောက်တာလည်း ဒါဆိုရင် မင်းလက်ချက်ပေါ့”

သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် စူးစူးဝါးဝါး ကြည့်ကြတယ်။ လက်သီးတွေ ကျစ်ကျစ်ပါအောင် ဆုပ်ရင်း မာန်စောင် နေလိုက်ကြတာ အကြာကြီး။ မိန်းမတွေက ကိုယ့်ယောကျ်ားကို ကိုယ်ဆွဲဖို့ ပြင်ကြတယ်။ ဒါပေမယ့် သူတို့ရန် ဆက်မဖြစ်ကြပါဘူး။

(၇)

အခုတော့ သည်သောင်ကတုံး ကျဉ်းကျဉ်းကလေးကိုပဲ နှစ်ဦးသဘောတူ စည်းခြား လိုက်ကြပါပြီ။ သောင်ရဲ့ ဟိုဘက်စွန်း သည်ဘက်စွန်း ရေစပ်စပ်မှာ ဝါးလုံးတိုင်တွေ စိုက်ပြီး အလယ်တည့်တည့်က ပလတ်စတစ်ကြိုး တန်းလိုက်ကြတယ်။ ကြိုးတန်းပေါ်မှာ ကျွတ်ကျွတ်အိတ် ကလေးတွေ ချည်ထားတယ်။ လေတိုက်လိုက်တိုင်း တဖျပ်ဖျပ် ခါနေတဲ့ ကျွတ်ကျွတ်အိတ် ကလေးတွေဟာ တချို့က စုတ်ပြဲတောင် ကုန်ပါပြီ။

ကိုလှဆောင်းလည်း မြေနုကျွန်း တစ်သီးစာ မြေငှားရ ငွေကလေးနဲ့ ကွန်အသစ် တစ်လက် ဝယ်လိုက်ရတယ်။ ကိုကျောက်နီကလည်း ပဲ့ပဲ့ထွက်သွားတဲ့ ငွေကလေးအတွက် အစားရှာ မဖြည့်နိုင်သေးဘူး။ အခုထိလည်း ဘယ်သူမှ ကက်ဆက်တစ်လုံး မဝယ်နိုင်သေးဘူး။

အဝေးကနေ လှမ်းကြည့်ရင် သောင်ကတုံးကလေး ပေါ်မှာ တဲနှစ်လုံးအပြင် ကျွတ်ကျွတ်အိတ် ကြိုးတန်းကလေးကိုပါ မြင်ကြရမှာပါ။ ကလေးတွေကတော့ ဘာနားလည်မှာတုန်း။ ကြိုးတန်းကို ကစားစရာ အောက်မေ့ပြီး ကျွတ်ကျွတ်အိတ်တွေကို တဖြန်းဖြန်းနဲ့ ရိုက်ဆော့နေကြလေရဲ့။ မိန်းမတွေကတော့ တစ်ယောက်က အရှေ့ဘက်ကမ်း ငါးသွားရောင်းရင် တစ်ယောက်က အနောက်ဘက်ကမ်းကို ငါးသွားရောင်း နေကြပြီ။ ကိုကျောက်နီနဲ့ ကိုလှဆောင်းကတော့ သူတို့ သောင်ကတုံးလေးပေါ် နောက်ထပ် ဘယ်လို အမှုမျိုး ဖြစ်လာဦးမလဲ ဆိုတာ စောင့်ကြည့်နေကြတုန်း။

ခါတိုင်း အရက်သောက်ထွက်ရင် တွဲတွဲသောက်နေကျ လူနှစ်ယောက် တကွဲတပြားစီ ဖြစ်ကုန်တော့ လူတွေက ဘယ်လို ဖြစ်ကြတာလဲပေါ့။ သည်တော့ သူတို့အဖြေတွေက “စီးပွားပြိုင်ကြတာပါဗျ” တဲ့လေ။

မသေချာ မရေရာတဲ့ မြစ်လယ်ကျွန်း သောင်ကတုံးကလေး ပေါ်မှာ စုတ်တီးစုတ်ချာ တဲကလေးနှစ်လုံးနဲ့ နေကြသူတွေက စီးပွားပြိုင်ကြတာလေ ဆိုတော့ လူတွေက ရယ်တယ်။

ပြိုင်ချင်လို့သာ ပြိုင်နေကြတာပါ။ လက်ထဲ ကွန်တစ်လက်စီ ရှိနေကြပေမယ့် ရေထဲက ငါးလည်း သေချာတာ မဟုတ်ဘူး။ သူတို့နေတဲ့ သောင်ကတုံးကလေး ကလည်း မြစ်ရေမတိုးခင်သာ သေချာတာလေ။ ပြီးတော့ ဧရာဝတီမြစ်ကြီး ကိုယ်တိုင်ကကော သေချာရဲ့လား။ ပလတ်စတစ်ကြိုး စည်းခြားထားတဲ့ တဲကလေး နှစ်လုံးဆီက တွံတေးစိုးအောင် သီချင်းသံလည်း ခုထိ မကြားရသေးဘူး။



ခင်ခင်ထူး

ရွှေအမြုတေ မဂ္ဂဇင်း၊ အမှတ် ၁၁၈၊ စက်တင်ဘာ၊ ၁၉၉၉။
* ၂၀၁၃ ခုနစ် အမျိုးသားစာပေဆုရ “ဖက်စိမ်းကွမ်းတောင် ရွှေဝတၳုတိုများ” စ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရေသံသရာ