ကျီးမနိုးပွဲ
။
မြန်မာတို့မှာ တနှစ်တာဆယ့်နှစ်လရှိတဲ့အနက် ဆယ့်နှစ်လလုံးအထိမ်းအမှတ်ပွဲတော်တွေရှိတာကိုမြင်လို့ အပျော်ကျူးကြသူတွေလို့ ယေဘုယအားဖြင့်မှတ်ယူကြလိမ့်မယ်ထင်တယ်
ဆယ့်နှစ်လရာသီပွဲတော်များ
============================
၁။ တန်ခူးလ - သင်္ကြန်ပွဲ၊
၂။ ကဆုန်လ - ညောင်ရေသွန်းပွဲ၊
၃။ နယုန်လ - စာပြန်ပွဲ၊
၄။ ဝါဆိုလ - ဝါဆိုပွဲ၊
၅။ ဝါခေါင်လ - စာရေးတံပွဲ၊
၆။ တော်သလင်းလ - လှေပြိုင်ပွဲ၊
၇။ သီတင်းကျွတ်လ - မီးထွန်းပွဲ၊
၈။ တန်ဆောင်မုန်းလ - ကထိန်ပွဲ၊
၉။ နတ်တော်လ - စာဆိုတော်ပွဲ၊
၁၀။ ပြာသိုလ - မြင်းခင်းပွဲ၊
၁၁။ တပို့တွဲလ - ထမနဲပွဲ၊
၁၂။ တပေါင်းလ - သဲပုံစေတီပွဲ။
************************
ဒီမှာတကယ့်တကယ်စစ်ကြည့်ရင် ပျော်ပွဲရွှင်ပွဲသက်သက်က တန်ခူးလက သင်္ကြန်ရေကစားပွဲရှိပါတယ်
လှေလှော်ပွဲတို့ မြင်းခင်းပွဲတို့က စစ်မှုရေးရာအတွက်ပါ
စာပြန် စာဆို စာရေးတံတို့က အသိပညာလေ့ကျက်ခြင်းနဲ့သက်ဆိုင်ပြီး
ကျန်ပွဲတော်တော်တွေက ထေရဝါဒဗုဒ္ဓဘာသာနဲ့သက်ဆိုင်တဲ့ ဘာသာရေးအခြေပြုကျင်းပတဲ့ ပွဲတော်တွေပါ
_________________________
ဒီထဲကမှ မြူတိမ်ကင်းရှင်းလို့ နက္ခတ်အစုံတွေ့ရတဲ့ တန်ဆောင်မုန်းလမှာကျင်းပတဲ့ ကထိန်ပွဲတော်
ဗုဒ္ဓဘာသာစာပေတွေမှာတော့ ကြတ္တိကာနက္ခတ်ပွဲသဘင်လို့ခေါ်တဲ့ထိုလပြည့်ညဟာ လက်ဝဲလက်ယာအဂ္ဂသာဝကလောင်းနှစ်ပါးဟာ လူသူအကြား ပျော်ရွှင်စွာစီးမျောလိုက်ပါရင်း ရုတ်တရက် ပျင်းမုန်းငြီးငွေ့စွာနဲ့ ဘဝလွတ်မြောက်ရာကို စိတ်ကူးတွေးကြံကာ ရှာဖို့ စတင်ခဲ့တဲ့နေ့တဲ့
_______________________
ဗမာတို့ကတော့ ဖျောက်ဆိပ်ကြယ်ရဲ့အစွမ်းကြောင့် မခိုးရမနေနိုင်အောင် လုံ့ဆော်တာမို့ ထိုညက သူခိုးနက္ခတ်မိနေတယ်လို့ယူဆကြတယ်
ဒါကြောင့်ထိုညမှာ ကျီးမနိုးပွဲ လို့ခေါ်တဲ့ ခိုးပွဲကျင်းပါတာ
တချို့ကလည်း အင်းဝခေတ်က ရွှေတိုက်ဝန် သူခိုးကြီးငတက်ပြားကို ဂုဏ်ပြုထားတဲ့သဘော ယူဆကြတယ်
ထားတော့
__________________
အမှန်က ကျီးမနိုးပွဲရဲ့ရည်ရွယ်ချက်က အများထင်သလို့ ခိုးဖို့ နောက်ပြာင်ကျီစယ်ဖို့သက်သက်မဟုတ်ဘူးဗျ
ဗေဒင်ဆရာအိမ်ရှေ့ မှန်ဘောင်အရောင်းဆိုင်းဘုတ်သွားချိတ်တာမျိုး အပျိုကြီးထမိန်ခိုးလို့ လူပျိုကြီးအိမ်သွားချထားတာမျိုးလောက် ရယ်ရရုံသက်သက်ရည်ရွယ်တာမဟုတ်ဘူး
__________________
ရွာကလသားတွေက ထိုညမှာ ခိုးရသမျှကို စုရပ်သဘော ကျီးမနိုးပဒေသာပင်သတ်မှတ်ရာနေရာမှာ သွားထားရတယ် ဒီနေရာရောက်မှ ခိုးခြင်းတခုအောင်မြင်တယ် ဒီရောက်ပြီးမှ ဖမ်းလို့မရတော့ဘူး
ဒီလိုအောင်မြင်အောင်ခိုးနိုင်တဲ့ကာလသားကတော့ အကောင်ဘဲ
_________________
ဒါပေမယ့် ထိုညမှာခိုးသူတွေနဲ့အတူ သူခိုးဖမ်းမယ့်သူတွေကလည်း တက်တက်ကြွကြွရှိနေတတ်ပြန်တယ် စုရပ်ကိုမပို့နိုင်ခင် မိတယ်ဆိုပါတော့ ဖမ်းစီးကာ သူခိုးညပြီးချိန်မှာခုံရုံးတင်လို့ စစ်တယ်
ခုံရုံးဆိုတာက ရွာ့ကာလသားကာလသမီးခေါင်းတွေပါပဲ သူတို့က လူအများရှေ့မှာပဲ ခိုးသူနဲ့ ပိုင်ရှင်ကိုစစ်မေးတယ် ဘယ်လောက်ပဲခိုးထုတ်ခိုးထည်နဲ့ လက်ပူးလက်ကျပ်မိမိ ကြင်လည်စွာ လျှောက်ထားတတ်ရင် လွတ်တယ်
ဥပမာပေါ့ မောင်မြက မယ်လှရဲ့ သေနတ်ခါးကျောက်ပြင်ကိုခိုးတယ် ဒီမှာအထွက် မယ်လှအမေကြီးနဲ့ ပက်ပင်းတိုးလို့မိတယ်ဆိုပါစို့
မယ်လှတို့သားအမိက ထိုကျောက်ပြင်ကသူမတို့ပစ္စည်းဖြစ်ကြောင်းအတည်ပြုကာ သူခိုးမောင်မြကို စွဲချက်တင်တယ်
ဒီမှာမောင်မြက သူ ခိုးတာမဟုတ်ကြောင်း မယ်လှက သူ့နောက်ခိုးရာလိုက်ဖို့ ချိန်းဆိုပြီး ထည့်ပေးလိုက်တာသာဖြစ်ကြောင်းနဲ့ ချေပလို့ လျှောက်လဲချက်ပေးတယ်ပေါ့
အားလုံးက သူတမင်လီစယ်ပြောနေကြောင်းသိတော့ ဝိုင်းရယ်ကြတယ် ဒါပေမယ့် သူ့ရဲ့ဖြေရှင်းမှုကို မယ်လှက ထပ်ဆင်စွဲချက်တင်ဖို့လိုတယ်
ဒီလိုမှမဟုတ်ဘဲ အရှက်သည်းပြီးငိုဟယ်ပြုဟယ်လုပ်လို့ ထပ်ဆင့်စွဲချက်မတင်နိုင်ရင်ရှုံးတော့တာပဲ သူခိုးကိုလွှတ်ပေးလိုက်ရတယ်ပေါ့
_______________________
ဒါက တကယ့်တရားတဘောင်ခုံရုံးတွေနဲ့ နီးစပ်အောင် စိမ်းမနေရှိန်မနေအောင် ခုခံချေပလျှောက်လဲတတ်အောင် ရည်ရွယ်ပြုလုပ်ကြပုံပဲ
_________________________
လျှောက်လဲချက်မပေးနိုင်တဲ့သူခိုးကျတော့ ခေါင်းတုံးတုံးလို့ နနွင်းသုတ်တယ် ပြီးတော့ သဲဒါဏ်ရေဒဏ်ပေးတယ် သူတို့မျက်နှာက စပ်ဖြီးဖြီးပါပဲ ဒါပေမယ့်ထိုနှစ်အတွက်တော့ခိုးခွင့်မရှိတော့ဘူးပေါ့
အောင်မြင်စွာခိုးယူလို့ ကျီးမနိုးပဒေသာပင် ရောက်ရှိအောင်ပို့ဆောင်နိုင်လိုက်တဲ့ ပစ္စည်းတွေကိုတော့ လေလံပွဲပြန်ကျင်းပတယ်
ခိုးယူလာသူက ပိုင်ရှင်ကိုဈေးစကားဆိုရတယ် ဒီပစ္စည်းတွေကို သင်္ကန်းပရိက္ခရာ ဘယ်နှစ်စုံနဲ့လာရွေးပါစသည်ဖြင့်ပေါ့
ပိုင်ရှင်ကလည်း ဘယ်ဆိုဈေးအတိုင်းပေးမတုန်း စစ်ကြရင်းနဲ့ တည့်သွားကြတာပဲ
ဒါပေမယ့် ပရိက္ခရာဆယ်စုံလို့ဆိုတာကို သုံးစုံပဲပေးမယ်လို့ နင်းကန်ခွစစ်လို့တော့မရဘူး လေလံလို့ ဆိုတယ်မဟုတ်လား အခြားသူတွေက သူ့ထက်ပိုပေးသွားနိုင်တာကိုး
ဒါပေမယ့် အများအားဖြင့် ခိုးသူနဲ့ ပစ္စည်းရှင် ကြေလည်သွားတာပါပဲ ဘာကြောင့်လဲဆိုတော့ ခိုးသူကလည်း သူဖို့ခိုးတာမှမဟုတ်ဘဲကို
တောင်းဆိုတာကလည်း သောက်စားမူးယစ်ပျော်ပါးဖို့ပိုက်ဆံတောင်းတာမှမဟုတ်တာ လှူဒါန်းဖို့နဲ့ နောက်တနေ့ သင်္ကန်စီးကြမယ့် ရွာကယောက်ျားကြီးငယ်တို့အတွက်ကိုး ဒီတော့ ပစ္စည်းရှင်လည်း ကျေနပ်စွာပေးတာပါပဲ
____________________
ဈေးစစ်တယ်ဆိုတာက ရောင်းရေးဝယ်တာရဲ့ သဘောသဘာဝကို လူငယ်တို့ သဘောပေါက်နားလည်ဖို့ရည်ရွယ်ပုံပဲ
_______________________
ခိုးခြင်းကို မနက်အရုဏ်မတက်မီ ကျီးမနိုးခင်အတွင်းပဲ ပြုခွင့်ရှိပါတယ် ဒါကြောင့်ကျီးမနိုးပွဲလို့ခေါ်တာ
နောက်နေ့မှာတော့ ခိုးခြင်းမအောင်မြင်လို့အမိခံရသူတွေကော ရွာ့ယောက်ျားကြီးငယ်တို့ပေါင်းစုလို့ သင်္ကန်းစီးကြတယ် သင်္ကန်းဒကာကတော့ ခိုးခံရတဲ့ပစ္စည်းရှင်တွေပေါ့
။
။
။
ပြောချင်တာက သူခိုးကြီးညလို့အသိများတဲ့ ကျီးမနိုးပွဲက သာမန်စရုံနောက်ရုံသက်သက်မဟုတ်ဘဲ တရားရုံးရေးရာအသိပညာတွေ ဈေးရောင်းဈေးဝယ်သဘောတရားတွေထုံမွှမ်းလို့ ဘာသာရေးကိုရွယ်ပြုတဲ့ပွတော်ဆိုတာပါ
။
။
။
ဒီအကြောင်းလေးကို ဇစ်ဇစ်မြစ်မြစ်သိချင်ရင် ဆရာကြီးရန်ကုန်ဘဆွေရဲ့ ကျီးမနိုးပွဲဆိုတဲ့ စာအုပ်မှာ စုံစုံလင်လင်မှတ်တမ်းပြုထားတာရှိတယ်ဗျ
အဲ့ဒီစာအုပ်ကို doh khit ယူကျုချန်နယ်မှာ ဟေဇယ် ဖတ်ပြထားတာရှိတယ်ဗျ အဲ့သည်မှာ သွားရောက်နားစဉ်လို့ တော်လှန်ရေးအတွက် တတပ်တအားပါဝင်နိုင်ပါတယ်
လူကြီးမင်းတို့ရဲ့အားထုတ်မှု အဟောသိကံမဖြစ်ဖို့ VPN ခံဖို့လည်း မမေ့နဲ့အုံးဗျနော
ရေးဟန်ကြောင့် ပထမ နာရီဝက်လောက်တော့ ဖတ်ရ နားထောင်ရပျင်းကောင်းပျင်းနိုင်ပါတယ် ဒါပေမယ့်အဆုံးထိနားစဉ်ရင်တော့ မြန်မာတို့ယဉ်ကျေးမှုနဲ့ ကျီးမနိုးပွဲရဲ့အငွေ့အသက်ကို ဖမ်းဆုတ်မိလိမ့်မယ်လို့ အာမခံပါတယ်
။
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
ကိုလေး ☆ အင်းတဲ

No comments:
Post a Comment