မြန်မာ့ရိုးရာဝတ်စုံအဆင်တန်ဆာ နဲ့ နက္ကတိုင် (Necktie)
။
မျက်မှောက်ခေတ်မြန်မာအမျိုးသားတို့ရဲ့ ရိုးရာဝတ်စားဆင်ယင်မှုက ရိုးရှင်းလှတယ်လို့ဆိုရမယ်
အောက်ကပုဆိုး အပေါ်ကအင်္ကျီဒီလောက်ပါပဲ သွားရောက်ရာနေရာရဲ့အရေးပါမှုကိုလိုက်လို့ ဟောင်းနွမ်းတာသစ်လွင်တာ တန်ဖိုးကြီးတာနည်းတာတော့ကွာတယ်
_____________________
တိုက်ပုံ
။
ရှေ့မလှမ်းမကမ်းခေတ်မှာတော့ အပေါ်ရုံသဘောမျိုး တိုက်ပုံအင်္ကျီဝတ်တာတော့ရှိတယ် အေးလို့အနွေးထည်သဘောဖြစ်ပုံပဲ
နောက်များတော့ တွံတေးသိန်းတန်တို့ခေတ်မှာ အဆိုပါတိုက်ပုံကို ဝတ်ဆင်တာမျိုးမဟုတ်ဘဲ လက်မှာခေါက်တင်သည့်သဘောခေတ်စားလာရာက ယနေ့ခေတ်တော့ လုံးဝမဝတ်ဖြစ်သလောက်နီးနီးအထိ ကွယ်ပြောက်စပြုလာတယ်
မြန်မာပြည်ကပူလာတော့ အပေါ်ရုံအနွေးထည်ထပ်ဝတ်ဖို့မလိုတာကလည်း အကြောင်းအရင်းတရပ်ဖြစ်လောက်တယ်
_____________________
ပဝါ
။
မြန်မာအမျိုးသမီးတို့ရဲ့ဖက်ရှင်မှာ ပဝါက တောက်လျှောက်ဆိုသလို ခေတ်အဆက်ဆက် ယှဉ်တွဲနေတယ်လို့ဆိုရမယ်
မြန်မာ့ရိုးရာယဉ်ကျေးမှုမှာ ဘာကြောင့်ပဝါကလက်မလွှတ်နိုင်ဘဲ ခေတ်အဆက်ဆက်ယှဉ်တွဲပါနေတာလဲဆိုတော့ ရိုးရာအဝတ်အစားကြောင့်လို့ အချို့ကတွေးယူကြတယ်
ဒီလိုဗျ မြန်မာအမျိုးသမီးတို့ရဲ့ ရိုးရာအင်္ကျီက သိပ်ကျပ်တည်းလွန်းတယ်လို့ထင်တယ် ထို့ထက်မက ရှိုက်ဖိုကြီးငယ်ကို ပိုမိုပေါ်လွင်စေဖို့ ကပ်နေချပ်နေအောင်အထိ လှိုက်ကာနှိုက်ကာမို့ကာဝိုက်ကာချုပ်လုပ်ထားတာဆိုတော့ သိပ်ပေါ်လွင်လွန်းနေတော့ ပဝါလေးနဲ့ ဖုံးကွယ်ဖို့ဖြစ်တန်ကောင်းတယ်လို့ ဆိုကြတယ်
ဒါကြောင့် ရိုးရာဝတ်စုံမှာ ပဝါက ပုခုံးထက်မှ ရှေ့နောက်တွဲလျားချတာမျိုးမဟုတ်ဘဲ လည်တိုင်ကို ဂငယ်ကွေ့ချိုးယူလို့ ပဝါနှစ်စလုံးရှေ့မှာချရတာပါ ဒါမှရှေ့ပိုင်းကို ဖုံးမိကွယ်မိမှာပေါ့
သဘောက မြန်မာတို့ရဲ့ရိုးရာဝတ်စုံမှာ ပဝါဆိုတာက အဆင်တန်ဆာသက်သက် အပိုသက်သက်မဟုတ်ဘဲ ဒီလိုသဘောသဘာဝ ဒီလိုရည်ရွယ်ချက်နဲ့ မဖြစ်မနေဝတ်ဆင်ရတာပါ
မျက်မှောက်ခေတ်မှာတော့ အမျိုးသမီးငယ်လေးတွေက ရိုးရာဝတ်စုံချုပ်လုပ်ဝတ်ဆင်ကြပေမယ့် ပုဝါကိုပယ်လာကြတော့ ဗွင်းဗွင်းရှင်းရှင်းကြီးဖြစ်နေတော့တာပေါ့
_____________________
နက္ကတိုင်
။
အနောက်ကမ္ဘာမှာတော့ နက္ကတိုင်ဝတ်ဆင်မှုက ရိုးရာယဉ်ကျေးမှုလိုဖြစ်ပုံပဲ
သူ့အကြောင်းနဲ့ဘယ်လိုသဘော ဘယ်လိုအရေးပါမှုကြောင့်ဝတ်ဆင်တာလဲလို့ ai ကိုမေးကြည့်ရမှာတော့ ခရိုအေးရှားက စစ်သားတွေ လည်မှာပဝါချည်နှောင်တာကိုမြင်ရာက ပြင်သစ်တို့က သဘောကျနှစ်ခြိုက်ကာ နန်းတွင်အဆင်အယင်အဖြစ်သတ်မှတ်ခဲ့ရာကနေ စတင်တွင်ကျယ်လာတယ်လို့ဆိုတယ်
ရည်ရွယ်ချက်ကတော့ ဖက်ရှင်သဘော
လူကိုပိုပြီး စမတ်ကျသွားအောင် ထောက်ကူပေးတယ်ဆိုတဲ့ ထင်မြင်ချက်သဘောထက် လက်တွေ့ကျတဲ့ အထောက်အကူပေးမှုမျိုး မတွေ့ရဘူး
ကိုယ်တော့ဖြင့်ဒီလိုတွေးကြည့်မိတယ်
နက္ကတိုင်နဲ့ယှဉ်တွဲဝတ်ဆင်တာက ကြယ်သီးပေါက်ပါတဲ့ အင်္ကျီတွေမဟုတ်လား ဥရောပဒေသအများစုက အအေးပိုင်းဒေသတွေဟုတ်
ဒီတော့ အဆိုပါကြယ်သီးပေါက်ကနေ လေဝင်လို့အအေးမိကာ ကျန်းမာရေးမထိခိုက်ရလေအောင် ထိုကြယ်သီးပေါက်တွေကိုဖုံးကွယ်ကာစီးဖို့ နက္ကတိုင်ဝတ်ဆင်တာလေလားလို့ တွေးမိတယ်
။
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
ကိုလေး ☆ အင်းတဲ


No comments:
Post a Comment