ဆရာစန္ဒယားလှထွဋ် ရေးသားခဲ့တဲ့ အချစ်ဘယ်ကစ ဆိုတဲ့သီချင်းကို တပုဒ်လုံးမရရင်တောင်
🎼ကောင်းကင်ပြာကိုဘယ်သူများဆေးရောင်ချယ် 🪄
ဒီစာသားလေးကို လူတိုင်းနီးပါး အမှတ်တမဲ့ပဲဖြစ်ဖြစ် ညဉ်းဆိုဖူးကြလိမ့်မယ်ထင်တယ်
အသံလေးကလည်းသာသလို ယောက်ျားမိန်းမ အဆိုတော်တော်တော်များများလည်းပြန်ဆိုကြတာမို့ ခေတ်ကာလကလေးငယ်တို့လည်း ကြာဖူးနားဝရှိကြမယ်ထင်တယ်
_______________________
ကိုယ်လည်းတွေးကြည့်မိတယ် ကောင်းကင်ကြီးက ဘာကြောင့်ပြာနေရတာလဲ ကောင်းကင်မို့ပြာတာပဲ ကောင်းကင်ပဲပြာရမှာပေါ့ဆိုတာကလွဲလို့ ဘာမှအဖြေထပ်ပေးလို့မရဘူး
ဒီအတွေးတွေနဲ့ဘဝင်မကျသည့်တိုင် ထပ်ဆင့်အဖြေမရှာမိဘဲ လက်ခံထားမိတာ ကာလအတော်ကြာခဲ့တယ်
_______________________
အမှန်တော့ ကောင်းကင်ဆိုတာဘာလဲ ..?
ကျွန်တော်တို့မြင်ရတဲ့ အထက်အာကသကိုခေါ်တာမဟုတ်လား
ကျွန်တော်တို့မြင်ရတဲ့ အထက်အာကာသက ဘာကြောင့်ပြာရတာလဲ ..?
နေကြီးကအပြာရောင်အလင်းတန်းတွေထုတ်လွှင့်နေလို့လားလို့ စဉ်းစားကြည့်ပြန်တော့ နေကြီးက အနီ လိမ္မော် အဝါ အစိမ်း အပြာ မဲနယ် ခရမ်းဆိုတဲ့ ရောင်စဉ်ခုနှစ်ပါးလုံး ထုတ်လွှတ်တာဆိုပြန်တော့ကား
ခွတော့ကျပြီပေါ့
_______________________
စာတွေဖတ်ကြည့်ပြန်တော့ အာကာသလဟာပြင်ကြီးက အပြာရောင်မဟုတ်ဘူးတဲ့
ကျွန်တော်တို့ကမ္ဘာကြီးရဲ့လေထုကိုဖြတ်သန်းလွန်မြောက်လို့ အာကာသအတွင်းရောက်ရှိသွားရင် အမည်းရောင်လဟာပြင်ကြီးက ဆီးကြိုနေလိမ့်မယ်လို့ဆိုတယ်
_______________________
ပြီးတော့ဂြိုဟ်တွေရဲ့ထက်ကောင်းက အားလုံးအရောင်တပြေးညီမဟုတ်ဘဲ အင်္ဂါဂြိုဟ်ဆိုရင် သူ့ရဲ့ကောင်းကင်က အနီရောင်ကြီးလို့ဆိုတယ်
ကျွန်တော်တို့ကမ္ဘာရဲ့အရံဂြိုဟ် လရဲ့ထက်ကောင်းကင်က အနက်ရောင်ကြီးတဲ့ ဒါ့ကြောင့် လပေါ်မှာနေသူတယောက်က နေ့လည်နေခင်းဖြစ်နေရင်တောင် ကြယ်တွေကို မြင်တွေ့နိုင်တယ်လို့ဆိုတယ်
_______________________
ဒီလိုဆိုရင် ကျွန်တော်တို့ကမ္ဘာဂြိုဟ်ရဲ့ကောင်းကင်ကြီးကဘာကြောင့်ထူးပြာနေရလဲဆိုရင် ကမ္ဘာကြီးကိုလွှမ်းခြုံထားတဲ့လေထုကြောင့်လို့ဆိုတယ်
နေကနေထုတ်လွှင့်လိုက်တဲ့ရောင်စဉ်တွေထဲက လှိုင်းအလျားရှည်တဲ့ ရောင်စဉ်တွေက ကမ္ဘာ့လေထုကို လွယ်ကူစွာဖောက်ထွင်းဝင်ရောက်လာနိုင်ပြီး လှိုင်းအလျားတိုတဲ့ အပြာရောင်နဲ့ ခရမ်းရောက်က လေထုရဲ့တားစီးမှုကြောင့် ပြန့်ကားသွားတယ်တဲ့
ထိုထဲကမှ ခရမ်းရောင်ကိုတော့ မမြင်ရဘဲ ဘာကြောင့်အပြာရောင်ဖြစ်နေရလဲဆိုရင် လူ့စက္ခုက ခရမ်းထက်အပြာကို ပိုမိုအာရုံဖမ်းယူနိုင်တာကြောင့်ရယ် ပြီးတော့ နေကထုတ်လွှင့်လိုက်ကတည်းကိုက ခရမ်ထက်အပြာက အဆပိုများတာမို့ရယ်လို့ဆိုတယ်
ဒါကြောင့်ပဲ လှိုင်းအလျားတိုတဲ့ အရောင်တွေက
အရုဏ်တက်ချိန်နဲ့ညနေဆည်းဆာချိန်မှာ ကျွန်တော်တို့ဆီဖြတ်သန်းလာရဲ့ခရီးရှည်လွန်းတာမို့ ပြန့်ကားပြေပြောက်သွားပြီး လှိုင်းအလျားရှည်တဲ့ အနီနဲ့လိမ္မော်ရောင်တို့ကသာ ကျွန်တော်တို့စက္ခုဆီအထိရောက်အောင် ဖြတ်သန်းလာနိုင်တာမို့ ဆည်းဆာချိန်တွေက အနီနဲ့ လိမ္မော်ရောင်ပြေးနေရတာပါလို့ဆိုတယ်
ဒီတော့ ကောင်းကင်ပြာကို ဘယ်သူဆေးရောင်ချယ်လဲဆိုတာ သိလောက်ပြီပေါ့
။
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
ကိုလေး ☆ အင်းတဲ

No comments:
Post a Comment