သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Wednesday, April 1, 2026

ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာတို့ကြောင့် မိန်းကလေးတို့အတွက် ကိုယ်မကျူးလွန်ရဘဲ အသားလွတ်ဒဏ်ခတ်ခံရတဲ့ မွေးရာပါပြစ်ဒဏ်တခု


 ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာတို့ကြောင့် မိန်းကလေးတို့အတွက် ကိုယ်မကျူးလွန်ရဘဲ အသားလွတ်ဒဏ်ခတ်ခံရတဲ့ မွေးရာပါပြစ်ဒဏ်တခု

ကိုယ်တွေနိုင်ငံမှာမှရယ်လို့တော့မဟုတ်ပါဘူး အတိတ်တချိန်က အမျိုးသမီးတို့အတွက် မြိုသိပ်နိုင်ခြင်း စောင့်စည်းနိုင်ခြင်း ထိမ်းချုပ်နိုင်ခြင်းက ဂုဏ်ဒြပ်တခုအဖြစ် နိုင်ငံလူမျိုးအတော်များများက လက်ခံခဲ့ကြတာပါပဲ


နှစ်ဆယ်ရာစုနှောင်းပိုင်းမှစလို့ အနောက်ကမ္ဘာမှာ အမျိုးသမီးတို့လည်း အမျိုးသားများနည်းတူ တန်းတူအခွင့်အရေးရရမယ်ဆိုတဲ့ အတွေးအခေါ်တော်လှန်မှုတရပ်ဖြစ်ပေါ်လာခဲ့ရာက ကမ္ဘာ့မြေပုံရဲ့အရှေ့ပိုင်းနိုင်ငံတွေကိုပါ ကူးစက်လာခဲ့တယ်


ဒီလိုနဲ့နှစ်ဆယ့်တစ်ရာစုမှာတော့ အမျိုးသမီးတို့က အချို့ကဏ္ဍတွေမှာ တန်းတူရုံမက ပိုမိုသာလွန်အောင်စွမ်းဆောင်နေနိုင်ကြပြီ


ထားပါတော့ 


ခုပြောလိုတာက မြန်မာ့ယဉ်ကျေးမှုနဲ့ အမျိုးသမီးတို့ရဲ့ ဂုဏ်ဒြပ်ပါ ဒီထဲကမှ ခံစားမှုနဲ့ဆိုင်တဲ့ ချစ်ရေးချစ်ရာတခုပဲပြောချင်တာပါ

_________________________


👩‍❤️‍👨 မိန်းကလေးကဖွင့်ပြောရင် ....

_________________________


ကိုယ်တွေငယ်ငယ်က ကိုရီးယားကားတွေခေတ်စားလာချိန်မှာ ထိုမှအတုယူလို့ အမျိုးသမီးကသူ့ခံစားချက်ကို ဖွင့်ဟဝန်ခံခြင်းသဘော စာအုပ်တချို့ သီချင်းတချို့ ဗီဒီယိုတချို့မှာ အနည်းငယ်တွေ့ဖူးပေမယ့် ကိုယ့်နိုင်ငံရဲ့ လူမှုယဉ်ကျေးမှုက လုံးဝလက်မခံလို့နဲ့တူတယ် ကျိုကြားကျိုကြားအနည်းငယ်လောက်ကလွဲလို ရေစီးကြောင်းပြောင်းသွားပြီလို့ဆိုရလောက်အောင် လှိုင်လှိုင်ကြီးမတွေ့ဖူးဘူး

_________________________


😁 ယောက်ျားလေးတို့တယူသန်အတွေး ...

_________________________


ယောက်ျားတယောက်အနေနဲ့ စဉ်းစားကြည့်ကြည့်တော့ အရိုးအစဉ်ကိုက အမျိုးသားကသာဖွင့်ပြောလာခဲ့တာကြီးဆိုတော့ အမျိုးသမီးကဖွင့်ပြောလာတယ်ဆိုပါတော့ 


ပထမဆုံး ဘဝင်မြင့်သွားတော့တာပဲ 

ဒီစိတ်က ဒီအတိုင်းလေးကိုယ့်ဖာသာဖြစ်နေရင်အကြောင်းမဟုတ်ပေမယ့် ဂုဏ်ယူစရာတခုအဖြစ်ကိုယ်ရည်သွေးလို့ ရင်းနှီးသူတွေကို ပြောမိကြွားဝါမိမှာပဲ


ပတ်ဝန်းကျင်ယောက်ျားလေးအသိုင်းအဝိုင်းက ထိုမိန်းကလေးကို သူ့ကိုသဘောကျတယ်ဆိုတာထက် လွယ်တယ်လို့ရှုမြင်ပြီး ရရင်အမြတ်ရယ်သဘောထားကာ ထိုမိန်းကလေးကို သွေးတိုးစမ်းရင်းက မရတော့ တမျိုးတမည်အပုတ်ချစကားတင်းဆိုကြမျိုး ကြုံလာရတတ်တာပေါ့


ပြီးတော့ မည်သူ့ကိုမှပြန်မပြောသည်ထားပါ ဖွင့်ဟလာသူက ကိုယ်ရည်ရွယ်သူမိန်းကလေးဖြစ်လင့်ကစား ဒီကိစ္စမှာယောက်ျားလေးကသာ စရမယ်ဆိုတဲ့ထုံးတမ်းဓလေ့ကစွဲနေတာဆိုတော့ ယောက်ျားလေးတို့မှာ အတွေးတမျိုးကဝင်လာပြန်ရော


ခက်ခဲမှတန်ဖိုးထားချင်တတ်တဲ့လူ့သဘာဝအရ ကြွေကျလာခြင်းအပေါ် ချစ်ခြင်းမေတ္တာရယ်လို့မရှုမြင်မိဘဲ အညှာမခိုင်လို့လေလား ပိုးထိုးနေလို့လား အမှည့်လွန်နေပြီလား စသည်ဖြင့် သံသယထားကာ လက်ခံဖို့ စိတ်ထဲသရိုးသရီဖြစ်လာတတ်ပြန်တယ်  


😁 တံပိုးတပ်တာလား နှာဖားကြိုးထိုးတာလားဆိုပြီးတော့လေ


ဒါကယောက်ျားလေးဖက်က ကိစ္စ

_________________________


🌹အမျိုးသမီးတို့ဆန္ဒကိုမှန်းဆကြည့်ခြင်း

_________________________


မိန်းကလေးဖက်ကပြန်တွေးကြည့်ရင် သူ့ကိုသာ သူ့ကိုမို့ ဖွင့်ဟဝန်ခံတာပဲ သူမကိုသာတိုက်ရိုက်တုံ့ပြန်မှုပြုသင့်ရဲ့နဲ့ အရပ်ကိုမောင်းထုကြေညာနေတာက တယ်လည်းစိတ်ပျက်စရာ


ဒါကဖွင့်ဟသည်ဆိုပါစို့ဆိုတဲ့သဘောတရားအပေါ်မှာ အခြေခံတွေးကြည့်တာပါ

_________________________


🍓ယဉ်ကျေးမှု့အစဉ်အလာနဲ့မိန်းကလေးတို့တန်ဖိုး

_________________________


ကိုယ်တွေယဉ်ကျေးမှုမှာက အမျိုးသမီးတို့ရဲ့ဂုဏ်ဒြပ်က

မြိုသိပ်နိုင်ခြင်း စောင့်စည်းနိုင်ခြင်း စောင့်ထိမ်းနိုင်ခြင်းအပေါ်မှာမှီတည်လို့အကဲဖြတ်ကြတာဆိုတော့


ယောက်ျားလေးတယောက်က မြင်မြင်ခြင်းသဘောကျသူကို ချက်ခြင်းဆိုသလို ဖွင့်ဟနိုင်ခွင့်ရှိပေမယ့် မိန်းကလေးတယောက်က လာရောက်တောင်းဆိုမှသာ ပြန်တုံ့နိုင်တာကိုး


ဒါကိုသတိမမူမိဘဲ ဖိုဝါဒီတို့က မြင်မြင်ခြင်းအချစ်ဆိုတာယောက်ျားလေးတို့မှာသာဖြစ်နိုင်ပြီး မိန်းကလေးတို့မှာတော့ စဉ်းစားဆင်ခြင်တွက်ချက်မှုကနေသာ အချစ်ဖြစ်ပေါ်လာတာပါတဲ့


အမှန်တော့ ကျားဖြစ်စေ မဖြစ်စေ ဖြစ်ပေါ်လာနိုင်တဲ့စိတ်စေတသိက်ခြင်းကအတူတူမို့ သူမတို့မှာလည်း အလားတူဖြစ်ပေါ်နိုင်တာပါပဲ ဒါပေမယ့်သက်ဆိုင်ရာ ထုံးတမ်းဓလေ့လူမှုယဉ်ကျေးမှုတွေကြောင့် မပြောသာတာ ပြောခွင့်မရှိတာ စောင့်ထိမ်းရတာမျိုးမဟုတ်လား

_________________________


🌹ကမ်းလာမှတုံ့လှယ်နိုင်ခွင့်ရှိတယ်

_________________________


သူမရဲ့မေတ္တာတုံ့မှုကို လာရောက်တောင်းဆိုသူများစွာရှိကောင်းရှိမယ် ပတ်ဝန်းကျင်အမြင်မှာ သူမနဲ့ထိုက်တန်သူ သင့်တော်သူတွေပါကောင်းပါတယ် ဒီထဲကမှအကောင်းတကာ့အကောင်းဆုံးကို ခေါင်ခေါက်ရွေးချယ်ခွင့်ရှိကောင်းရှိမယ် ဒါပေမယ့် သူမမျှော်လင့်သူကတခြားတယောက်ဖြစ်နေမယ်ဆိုရင်စဉ်းစားကြည့်


ကမ်းလင့်နိုးနိုးမျှော်ကိုးရင်း အကယ်၍ ရည်ရွယ်ရာကို မျှော်လင့်ချက်မရှိတော့ရင် သင့်တော်ရာအစားထိုးရွေးချယ်ဖို့ ယတိပြတ်ငြင်းဆိုပြစ်ဖို့ကလည်းခက် ဒီတော့မျက်နှာများတယ်ဖြစ်ရပြန်ရောမဟုတ်လား


ဒီသဘောမဖြစ်ရလေအောင် အခြားသူတွေကိုပယ်ချ ကမ်းလင့်နိုးနိုးမျှော်ကိုရာက ရနိုင်တာတွေကမလိုချင် လိုချင်ရာကမရ တဒုက္ခ

_________________________


🌹လျှောက်ပြန်သံပေး

_________________________


အမျိုးသားတို့ကတော့ ဟိုင်းသွားပစေ မွေးရာပါအခွင့်ထူးခံတွေအလား မြင်မြင်ရာလက်ညှိုးထိုးတောင်းဆိုနိုင်ခွင့်အပြည့်ရှိပြီး မရတိုင်စေ အနည်းဆုံးတော့ ကြိုးစားကြည့်ခွင့်ရကြတာကိုး 


သူမတို့မှာက လျှောက်ပြန်သံပေးထက်ဘာမှ ပိုချပြခွင့်မရှိ


တောင်းဆိုမှတုံ့ပြန့်ခွင့်ရှိတဲ့ အစဉ်အလာယဉ်ကျေးမှုမှာ ရည်ရွယ်ရာငနဲက လျှောက်ပြန်လို့လည်းမမြင်အသံပေးလို့လည်းမကြားဆိုရင်မောကြောပဲ 


ကိုယ့်ကိုလုံးဝစိတ်မဝင်စားဘူးအခြားတယောက်နဲ့ဖြစ်နေပြီဆိုရင်တော့ ကိုယ်လည်းယတိပြတ်စိတ်ဖြတ်လို့ အခြားသင့်တော်ရာကို ပြတ်ပြတ်သားသား ရွေးချယ်နိုင်ပေမယ့် ဖွင့်ပြောဖို့အသားလွတ်စိုးထိတ်နေသူ အူတူတူအတတဆိုရင်တော့ အားမလိုအားမရစောင့်ပေအုံးရော တထောင့်တည

_________________________


🌹အလှရဲ့ဆိုးကျိုးများ

_________________________


မိန်းကလေးတယောက်အတွက် လှပခြင်းကဆုလဒ်လည်းဖြစ်သလို တဖက်ကကျိန်စာလိုလည်းဖြစ်သွားတတ်ပြန်တယ်


ရှေးလူရွှင်တော်ကြီးများပြက်သလိုပေါ့

ခုနှစ်ညခုနှစ်လီလမ်းထွက်တောင် အပျိုရည်မပျက်နိုင်တဲ့ရုပ်ဆိုပြီး ရုပ်ဆိုးလို့ အကာလ ညအခါလူခြေတိတ်ချိန်မှာတောင်ပြစ်မှားမယ့်သူမရှိဆိုတဲ့သဘောပေါ့


မိန်းမလှလေးတယောက်များ ထွက်ကြည့်ပါလား မလွယ်ကြောကို ဒါကြောင့်ပဲ အလှကကျိန်စာလိုပဲလို့ဆိုချင်တာ


မိန်းမလှလေးတယောက် မဖိတ်ခေါ်ရပါပဲလာရောက်ယစ်ဝဲနေကြတဲ့ ပျားရိုင်းတွေကြောင့် စိတ်မွန်းကျပ်ညစ်ညူးရပုံနဲ့ ထိုအရာတို့က ရည်ရွယ်ကကမ်းလာနိုးတဲ့လက်တစုံအတွက်အတားအစီးသဏ္ဍန်ဖြစ်လာတော့ စိတ်ပျက်ရပုံကို ဆရာတက္ကသိုလ်ဘုန်းနိုင်က သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင် စာအုပ်မှာ ထိထိမိမိသရုပ်ဖော်ရေးသားထားတာဖတ်ရတော့


သူမဘာမှားလို့လည်းလို့ရေရွတ်မိရင်း ခိုင့် နည်းတူ မွန်းကျပ်လာတယ် လှပခြင်းကိုစိတ်ပျက်လာတယ် ထုံးတမ်းဓလေ့အစဉ်အလာတွေကိုအရွဲ့တိုက် အပြစ်ဆိုချင်မိလာတယ်

_________________________


🍓အိမ်ထောင်ရေးကံ

_________________________


ပြီးတော့ လှပသူတို့ဟာ အိမ်ထောင်ရေးကံအားနည်းတတ်သတဲ့


ဘာကြောင့်လဲဆိုတော့ လှပကျော့ရှင်းမှုကြောင့်ပဲ ချစ်ခြင်းမေတ္တာအစစ်အမှန် ကိုရနိုင်ခဲတယ်တဲ့ 


ပုရိသတို့က သူမရဲ့အလှကိုယစ်မှုးလို့ ပိုင်ဆိုင်ရယူနိုင်ဖို့ အကြိုက်ဆောင်လိုက်လျှောတာ အလျှော့ပေးဆက်ဆံကြတာကို မေတ္တာလို့ထင်မှတ်မှားပြီး ရွေးချယ်မိတတ်တာမို့ပါ

_________________________


✍️ နိဂုံး

_________________________


ဒီထုံးတမ်းဓလေ့အစဉ်အလာကြောင့် အမျိုးသမီးတို့က အကောင်းဆုံးကိုတော့ရွေးချယ်ခွင့်ရှိပေမယ့် အကြိုက်ဆုံးအရာကိုတော့ ရနိုင်ခဲတယ် ရဖို့ခက်တယ်လို့ဆိုခြင်တာပါ


ရုပ်ရည်စီးပွားဥစ္စာဘယ်လောက်ပြည့်စုံနေပါစေ ဆန္ဒနဲ့ဘဝ ထပ်တူကျဖို့က ကံအကြောင်းပေါင်းများစွာ အလိုက်သင့်ထောက်ကူပေးမှ ရနိုင်မယ့်အထူးဆုကြီးတခုလိုဖြစ်နေတော့တာပေါ့


ဒါကမိန်းကလေးတို့အဖို့ ကိုယ်မကျူးလွန်ရဘဲ အသားလွတ်ဒဏ်ခတ်ထံရတဲ့ မွေးရာပါပြစ်ဒဏ်တခုလေလားလို့တွေးမိတယ်

ညွှန်းဆိုခဲ့တဲ့အဆိုပါ စာအုပ်တွေကို 5/ nway oo revo ယူကျုချန်နယ်မှာ #အမောင်နွားကျောင်းသား ဖတ်ပြထားတာရှိတယ်ဗျ အဲ့သည်မှာ သွားရောက်နားစဉ်လို့ တော်လှန်ရေးမှာတတပ်တအားပါဝင်နိုင်ပါတယ်


လူကြီးမင်းတို့ရဲ့အားထုတ်မှု အဟောသိကံမဖြစ်ဖို့ VPN ခံဖို့လည်း မမေ့နဲ့အုံးဗျနော

ဒါမှမဟုတ် စာအုပ်ဝယ်ဖတ်မယ်ဆိုရင်လည်း ‌ဆရာ့ရဲ့မိသားစုမျိုးဆက်တို့အတွက် အသီးအပွင့်ခံစားရစေမှာပါလို့

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ



No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာတို့ကြောင့် မိန်းကလေးတို့အတွက် ကိုယ်မကျူးလွန်ရဘဲ အသားလွတ်ဒဏ်ခတ်ခံရတဲ့ မွေးရာပါပြစ်ဒဏ်တခု

 ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာတို့ကြောင့် မိန်းကလေးတို့အတွက် ကိုယ်မကျူးလွန်ရဘဲ အသားလွတ်ဒဏ်ခတ်ခံရတဲ့ မွေးရာပါပြစ်ဒဏ်တခု ။ ကိုယ်တွေနိုင်ငံမှာမှရယ်...