သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Monday, March 23, 2026

မြို့လယ်ကမဏ္ဍပ် အရပ်မှာတဲ့ကုသိုလ် ဆိုတဲ့အကြောင်း

 

မြို့လယ်ကမဏ္ဍပ် အရပ်မှာတဲ့ကုသိုလ် ဆိုတဲ့အကြောင်း

.

ရှင်ပြုနားသအလှူလို့ဆိုလိုက်ရင် ကိုယ့်ရင်သွေးကို သာသနာ့ဘောင်အတွင်း သွပ်သွင်းတဲ့ ဘာသာရေးပွဲလမ်းသဘင်တခုအဖြစ် ချက်ခြင်းမှတ်ယူမိကြပါလိမ့်မယ်


မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်

ဒါပေမယ့် အပြည့်အဝတော့မမှန်ပါဘူး


ဘာကြောင့်လည်းဆိုတော့ သညာထားတဲ့အမည်နာမအတိုင်း ရှင်ပြုဆိုတာကသာ သာသနာ့ဘောင်အတွင်းသွပ်သွင်းတာ ဘာသာရေးနဲ့သက်ဆိုင်တာဖြစ်ပြီး နားသဆိုတာက နာထွင်းတာ တနည်း နားဖောက်တာပါ  


ဒီတော့ ဒီနားသဆိုတာကတော့ ဘာသာရေးနဲ့မသက်ဆိုင်ဘူးလို့ဆိုရမှာပေါ့ 


ပြီးတော့သားရှင်ပြုသမီးနားသရယ်လို့ ခွဲခြားပြောကြတာရှိတယ်

ဒါလည်းမှားနေသလားပဲ


ရှင်ပြု

သမီးကိုလည်း သာသနာ့ဘောင်အတွင်းသွပ်သွင်းလို့ သီလရှင်ဝတ်စေတာမျိုးရှိတာမို့ ((သားနဲ့သမီးကို သာသနာ့ဘောင်အတွင်း (ကိုရင် သီလရှင် အဖြစ်) သွပ်သွင်းတာမို့ )) ရှင်ပြုဆိုတာက သားနဲ့သာမက သမီးနဲ့ပါ သက်ဆိုင်တဲ့ဝေါဟာရပဲပေါ့


နားသ

ပြီးတော့ နားသ (( နားဖောက် နားထွင်း)) ဆိုတာကလည်း မိန်းကလေးတွေသာမက ရှေးအတိတ်က ယောက်ျားတွေလည်းနားဖောက်တဲ့ဓလေ့ရှိတာမို့ သားရှင်ပြု သမီးနားသရယ်လို့ခွဲပြောဖို့မသင့်ဘူးလို့ဆိုရမှာပါ


ထားပါတော့ 

ဒါကဝေါဟာရကိုထောက်ပြီး စဉ်းစားကြည့်တာပါ


ခုပြောလိုတာက မြို့လယ်ကမဏ္ဍပ် အရပ်မှာတဲ့ကုသိုလ် ဆိုတဲ့စကားလေးအကြောင်းပါ

______________________________


ကိုယ်တွေ‌ဒေသမှာ ကိုယ်တွေငယ်ငယ်က အလှူတခုပြုတော့မယ်ဆိုရင် လေးငါးလလောက်အလိုကတည်းက ချက်ဖို့ပြုတ်ဖို့ အတွက်ထင်းစုဆောင်းရတယ် ဒီမှာအလှူ့ရှင်သာမက ဆွေမျိုးတွေနဲ့ အရပ်ထဲကလူတွေက ကူညီညာထင်းခုတ်ပေးကြတယ်


နီးကပ်လာချိန် နှစ်ပတ် ဆယ်ရက်အလို‌လောက်မှာတော့ အလှူမှာကျွေးမွေးဖို့ ပဲချဉ်ပေါက်ပြုလုပ်ဖို့ အပင်ပေါက်လေးတွေရအောင် ပျိုးပေးဖို့ ပျိုးတတ်သူလူကြီးသူမတွေဆီ ပဲစေ့လေးတွေသွားရောက်အပ်နှံရပါတယ်


ဒီလိုနဲ့အလှူပွဲမတိုင်ခင် ဆယ်ရက်လောက်အလိုမှာ အလှူမဏ္ဍပ်ဆောက်ဖို့အတွက် လူရွယ်တွေစုပြီး ထန်းရွက်ချိုင်ကြတယ် 


ခုခေတ်မှာမိုးကာနဲ့ အလွယ်ဆောက်လို့ရပေမယ့် ကိုယ်တွေဖက်ကတော့ ခုချိန်ထိ ထန်းရွက်မှထန်းရွက်ပဲ 


ဘာကြောင့်လဲဆိုတော့ မိုးကာမဏ္ဍပ်ကပူတယ်ဗျ


လူအယောက်တရာတရာ့ငါးဆယ်လောက် စုဝေးပြီးတရားနာယူရာမှာ လူအပူ ရာသီဥတုအပူမှာ မိုးကာအပူကပါထပ်ဆင့်ရင်တော့ လူကိုပေါင်းအိုးထဲထည့်ပြုတ်လိုက်သလိုပဲရယ် ချွေးတလုံလုံးနဲ့ ဘယ်လိုမှနေလို့ရမှာမဟုတ်ဘူး


ထန်းရွက်ကနေရောင်အပူကို ကာစီးပေးရုံသာမက အေးမြစေတာမို့ အညာသားတို့သည်းခြေကြိုက်ဖြစ်နေတာ


နောက်ရက်အနည်းငယ်မှာတော့ အလှူရက်အစဉ်က အကြားအလပ်မရှိဆက်တိုက်လာပါတော့တယ်


______________________________


ပထမရက် - မဏ္ဍပ်ဆောက်

ဒီရက်မှာ အလှူဧည့်ခံပင်မ မဏ္ဍပ်ကြီးဆောက်ကြတယ်

______________________________


ဒုတိယရက် - ဆန်စင်

ကိုယ်တွေငယ်ငယ်ကအထိ ဆန်စက်တွေက ခုလိုအသန့်ထွက်သေးဟန်မတူဘူး စပါးလုံးတွေ ကျောက်ခဲတွေ ဆန်ပိုးလေးတွေ ကြွက်ချေးတွေပါတတ်တယ် ဒါကိုသန့်စင်ဖို့အတွက် အမျိုးသမီးတွေက ကိုယ်စီစကောတွေယူလာလို့ ဆန်ကိုသန့်စင်ပေးကြတာ 


(ခုတော့ ဆန်စက်တွေက လုံဝအသန့်ရတာမို့ မလိုတော့ဘူးပေါ့)


ပြီးတော့ဒီရက်မှာပဲ ရှေ့မှာအပ်ထားတဲ့ ပဲပင်ပေါက်လေးတွေကို အချည်သိပ်ကြတယ် ဒါက စားပွဲအတွက် ဟင်းတခွက်ပေါ့ ကြက်သွန်လေးနဲ့သုပ်သိပ်ကောင်း 


အမည်ကတော့ ပဲချဉ်ပေါက်သုပ်လို့ခေါ်တယ်

အခြားဟင်းလျာကတော့ ငြုပ်သီးကြော်ပါမယ်

ကုလားပဲထိုးပါမယ်

အရေသောက်အဖြစ် မှန်ရောင်ဟင်းပါမယ်ပေါ့ ပြောရင်းသွားရေတောင်ကျလာပြီ

______________________________


တတိယရက် - မုန့်ထောင်း

မုန့်‌ထောင်းဆိုတာက အလှူမှာဧည့်ခံကြွေးမွေးဖို့နဲ့ မိဆိုင်ဖဆိုင်ိရုးရာနတ်တွေတင်မြှောက်ပသဖို့ မုန့်ဆီကြော် မုန့်ဩဇာ ပဲကြော် စသည်ဖြင့်လုပ်ဖို့ ကောက်ညှင်းဆံလုံးကို ထောင်းရတဲ့နေ့ပေါ့ 


ဒါကိုမိန်းမပျိုလေးတွေက တူရာအစုလေးတွေဖွဲ့လို့ တပြည်နှစ်ပြည် စသည်ဖြင့် တာဝန်ယူကြတယ်

______________________________


စတုတ္ထရက် - မုန့်ကြော်

ခုများတော့ ကာလပေါ်မုန့်တွေနဲ့ အစားထိုးဧည့်ခံကြပေမယ့် ရိုးရာနတ်တို့ကိုပူဇော်ဖို့ကျ ရိုးရာမုန့်တွေက မဖြစ်မနေကြော်ရမြဲပါပဲ ပမာဏတော့နည်းသွားတာပေါ့ ဒါကိုတော့ သက်လတ်ပိုင်းအမျိုးသမီးတွေက တာဝန်ယူကြတယ်

______________________________


ပဉ္စမရက် - ဖိုကျင်တူး

အလှူမှာကျွေးမွေးရာချက်ပြုတ်ဖို့ မီးဖိုကျင်းတူးတယ်ပေါ့ ဒီနေ့မှာပဲ ထမင်းကျွေးရုံပါ တပါတည်းတည်ဆောက်ကြတယ်

______________________________


ဆဋ္ဌမရက် - မဏ္ဍပ်ဝင် (ရှင်လောင်းလှည့်)

ဒီရက်မှာတော့ ရွာသားတွေသာမက ရွာနီးချုပ်စပ် ဆွေမျိုးတွေနဲ့ပါသက်ဆိုင်တဲ့ တကယ့်ပွဲကြီးကျင်းပတဲ့နေကြီးရောက်လာပါပြီ အလှူလည်နေ့ပါ


မဏ္ဍပ်ဝင်နေ့လို့လည်းခေါ်ပါတယ်


ရပ်နီးရပ်ဝေးဧည့်သည်တွေကို ကျွေးမွေးဧည့်ခံရင်း ညနေပိုင်းမှာတော့ ရှင်လောင်းတွေကို မင်းခမ်းမင်းနားနဲ့ ဘုန်းတော်ကြီးကျောင်းမှတဆင့် အရပ်ထဲရွာထဲလှည့်လည်ပြသလို့ အလှူမဏ္ဍပ်ကို ပြန်လည်ဝင်ရောက်ရာနေ့ပေါ့

______________________________


သတ္တမရက် - တရားနာ

ဒီနေ့နံနက်ပိုင်းမှာ ဥရပုတ္တရင်သွေးရတနာတို့နဲ့ ဆွေမျိုးနီးစပ် တူတူမလေးတွေကို သာသနာ့ဘောင်အတွင်းသွပ်သွင်းအပြီးမှာ ညနေချမ်းမှာတော့ တရားဒေသနာနာယူကြပါတယ်


တနည်းအားဖြင့် အလှူတော်မင်္ဂလာပွဲတော်ကြီးရဲ့ နောက်ဆုံးအောင်ပွဲနေ့လို့လည်းဆိုနိုင်ပါတယ်

______________________________


ဒါကတော့ ကိုယ်တွေဒေသရဲ့ အလှူတခုဖြစ်လာဖို့ ဖြတ်သန်းရတဲ့ ရက်အစဉ်ပါ

______________________________


အရပ်မှာတဲ့ကူသိုလ်ဆိုတာ

အလှူစတင်ချိန်ကစလို့ ဆက်ကျော်သက် ယောက်ျားလေး မိန်းကလေးတွေက အလှူမှာကူညီညာလုပ်ဆောင်ပေးဖို့ ရွာတွင်းကလူကြီးသူမတွေကို လှည့်လည်ဖိတ်မန္တကပြုတဲ့အလုပ်ကို တာဝန်ယူကြတယ်


ကလေးသူငယ်တွေကတော့ အလှူတန်းနောက်ကနေ သျှိုးလိုက်ရတုလိုက်ပါရွတ်ဆိုလို့ပေါ့


အလှူတော်မင်္ဂလာမဏ္ဍပ်ကိုမကြွရောက်နိုင်တဲ့ သက်ကြီးရွယ်အိုလူကြီးသူမတွေကို အိမ်တိုင်ရာရောက်ထမင်းဦးဟင်းဦးသွားရောက်ပို့ဆောင်ပေးတဲ့အလုပ်ကိုတော့ မိန်းမပျိုလေးတွေက တာဝန်ယူကြတယ်


((ဒါကြောင့်ဘဲ တရွာလုံးမီးခိုးတိတ်လို့ခေါ်တာ လာရောက်မစားနိုင်ရင်တောင် ချက်ပြုတ်နေစရာမလိုပဲ အိမ်တိုင်ရာရောက်ပို့ဆောင်ပေးတာမို့ အလှူအိမ်ချက်ဖိုမှအပ ရွာလုံးကျွတ်ချက်ဖို့ပြုတ်ဖို့အတွက် မီးမွှေးနေစရာမလိုဘူး မီးခိုးမထွက်ဘူး တိတ်စေတယ်ပေါ့))


မဏ္ဍပ်လှပတင့်တယ်အောင်ဆင်ယင်ဖို့ ရှင်လောင်းလှည့်စဉ်ကိုင်ဆောင်မယ့်ရွေပန်းခိုင်ငွေပန်ခိုင် ကွမ်းတောင်း ပန်းတောင်း တံခွန်ကုက္ကားတွေကို သက်ကြီးပိုင်းယောက်ျားတွေက တာဝန်ယူဖန်တီးပေးကြတယ်


(ဒါကိုအလှူမဏ္ဍပ်အတွင်းက သံဃာစင်အပေါ်မှာပြုလုပ်တာမို့ ဒီကဏ္ဍတာဝန်ယူသူတွေကို သံဃာစင်တက်သူတွေလို့ခေါ်တယ်)


သက်လတ်ပိုင်းယောက်ျားကြီးတွေကတော့ ချက်ဖို့ပြုတ်ဖို့တာဝန်ယူပြီး ရပ်နီးရပ်ဝေးဧည့်သည်တို့ကို လိုလေသေးမရှိအောင် ထမင်းကျွေးမွေးဧည့်ခံဖို့က လူရွယ်တွေရဲ့တာဝန်ပါ


အမျိုးသမီးကြီးတွေက အလှူတော်မင်္ဂလာမဏ္ဍပ်တွင်းဧည့်ခံမှုနဲ့ မိန်းမရွယ်တွေကတော့ ဆိုခဲ့သလို မကြွရောက်နိုင်သူတွေကို ထမင်းဦးဟင်းဦးပို့ဖို့နဲ့ ကြွရောက်ချီးမြှင့်လာကြသူတွေကို အချိုပွဲနဲ့ဧည့်ခံဖို့ ပြင်ဆင်ကြရတယ်

______________________________


ပြောက်ကွယ်သွားတဲ့အရာ

အရင်ကတော့ ရှင်လောင်းလှည့်ရက်မတိုင်မီ တရက်အလိုလောက်မှာ အလှူမှာအသုံးပြုဖို့ ကာလသားကာလသမီးပျိုလေးတွေစုပြီး ပန်းခူးတဲ့ဓလေ့ရှိပေမယ့် ခုများတော့ စက္ကူပန်းတွေ ပလပ်စတစ်ပန်းတုတွေဝင်ရောက်နေရာယူလာတာမို့ ဒီဓလေ့ပြောက်သွားပြီပေါ့ 


ပြီးတော့ ဆိုခဲ့သလို သန့်စင်တဲ့ဆန်တွေရနိုင်ပြီမို့ ဆန်စင်ရက်ကလည်း ကွယ်ပြောက်လာသလိုရှိပြီပေါ့


ဒီလို ဓလေ့လေးတွေတစတစကွယ်ပြောက်လာတာမို့ မှတ်မိသမျှမှတ်တမ်းပြုတဲ့သဘောပါ

______________________________


ပြီးတော့ တွံတေးကြီးရဲ့

မြို့လယ်ကမဏ္ဍပ် အရပ်မှာတဲ့ကုသိုလ် ဆိုတဲ့ ဝေါဟာရလေးက မြန်မာတို့ရဲ့ လူမှုယဉ်ကျေးမှုတွေကို ဘယ်လောက်တောင် နက်နက်ရှိုင်းရှိုင်း ကျယ်ကျယ်ပြန့်ပြန့်ကိုယ်စားပြုနိုင်လည်းဆိုတာ ဋီကာချဲ့ပြတဲ့သဘောပါ


တနည်း


ရှင်ပြုနားသအလှူတော်မင်္ဂလာပွဲတော်ကြီးတခု စည်ကားသိုက်မြိုက်စွာ အောင်အောင်မြင်မြင်ကျင်းပနိုင်ဖို့ ရွာရှိလူအားလုံး အသက်အရွယ်အပိုင်းအခြားအလိုက် နိုင်ရာနိုင်ရာတာဝန်ယူလို့ ပါဝင်ကူညီပေးကြခြင်းအကြောင်းဆိုပါတော့

.

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

Satellite Shankar (2019) ဂြိုဟ်တု ရှန်ကာ ရဲ့ အိမ်ပြန်လမ်း (ဇာတ်ကား-တွေး၊ညွှန်း)

Satellite Shankar (2019) (ဇာတ်ကား-တွေး၊ညွှန်း) https://t.me/kolayinde1/1476?single ဒီဇာတ်ကားလေးကို ကိုယ်တော့ "အိမ်ပြန်လမ်း"လို့  န...