သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Monday, March 2, 2026

အိုင်းစတိုင်း ၊ ဖာဒီနန် တို့နဲ့ - လူ့ဂုဏ်သိက္ခာ


 အိုင်းစတိုင်း ၊ ဖာဒီနန် တို့နဲ့ - လူ့ဂုဏ်သိက္ခာ

.

ရှေးအတိတ်တုန်းက ဂုဏ်သိက္ခာတို့ အဆင့်အတန်းတို့ဆိုတာကို ရုပ်ဝတ္ထုပစ္စည်းတွေ ခြွေရံသင်းပင်းလို့ခေါ်တဲ့ အစေခံကျွန်တွေကိုတည်ပြီး ဆုံဖြတ်ကြပုံရတယ်


ဒါကြောင့်လူတယောက်က တယောက်ကို စိုးပိုင်တဲ့သဘော ခြေသုတ်ပုဆိုးမြွေစွယ်ကျိုးမျှ ခယဝပ်တွားရတဲ့သဘောတွေရှိခဲ့တာက မထူးခြားဘူးလို့ဆိုရမယ်ထင်တယ်


ဒီအယူအဆတွေကို အနောက်ကမ္ဘာမှာတော့ အတိတ်တော်တော်စောစောကတည်းက တော်လှန်ပြောင်းလဲခဲ့ကြတယ် 


လူသားအားလုံး မည်သည့်အသားအရောင်ရှိရှိ မည်သည့်အဆင်းသဏ္ဍာန် ရုပ်ရည်သွင်ပြင်ရှိရှိ လူသားအချင်းချင်းမို့ တူညီတဲ့အခွင့်အလမ်းရရှိရမယ် လူ့ဂုဏ်သိက္ခာကိုထောက်ထား လေးစားမှုရှိရမယ်တဲ့


ထိုမှတဆင့် သိပ်မကြာသေးတဲ့ကာလမှာတော့ လိင်ကွဲပြားမှုကိုပါ ပဓာနမထားဘဲ အားလုံးတန်းတူညီမျှရှိရမယ်လို့ ထပ်ဆင့်သတ်မှတ်လိုက်ချိန်မှာ လူသားတယောက်ဟာ ဘယ်အသားအရောင် ဘယ်အသွင်သဏ္ဍာန် ဘယ်လိုလိင်ဖြစ်ဖြစ် တူညီတဲ့လွတ်လပ်မှု တူညီတဲ့အခွင့်အလမ်းရရှိရမယ်လို့ဆိုခြင်းသဘောမို့ 


ဒီကမ္ဘာမှာမွေးဖွားလာတဲ့လူသားတယောက်ဟာ ဘယ်သူ့ဘယ်သူကိုမှ တိုးလျှိုးအောက်ကျို့နေစရာမလိုဘဲ ကော့နေအောင်လက်မထောင်နိုင်တဲ့အထိ လူဂုဏ်သိက္ခာကို မြှင့်တင်ထားကြတယ်


ဒါပေမယ့် ဒါကအနောက်ကမ္ဘာအတွက်သက်သက်လိုဖြစ်နေပြီး အရှေ့ကမ္ဘာမှာတော့ ရှေးကလောက်မဟုတ်တော့သည့်တိုင် လူပေါ်လူဇော်လုပ်ခြင်း လူတယောက်ကအခြားတယောက်ကို ခွစီးခြင်းသဘောမျိုးကတော့ ပုံစံတမျိုးပြောင်းပြီး ယနေ့ထက်တိုင်ရှင်သန်နေဆဲလို့ ဆိုရမယ်


ဥပမာလေးတွေပြပါမယ်



အိုင်းစတိုင်းဟာ ကမ္ဘာအနှံ့လှည့်လည်စဉ်မှာ အရှေ့ကမ္ဘာအရောက် လာကြိုသူက လန်ချားပေါ်တက်ရောက်စေကာ လူတယောက်က မြင်းသဏ္ဍာန်ဆွဲမယ်အပြု အထိတ်တလန့်ရပ်ခိုင်းပြီး အောက်ဆင်းပြေးသတဲ့ ပြီးတော့ လူတယောက်ကို တိရစ္ဆာန်လိုသဘောထားပြီးဆွဲစေတဲ့ယာဉ်မှာ ဘယ်လိုစိတ်မျိုးနဲ့ အခန့်သားထိုင်နေရမလဲ ဒါသိပ်ရိုင်းတဲ့အပြုအမူပဲ ဒါသိပ်ရှက်စရာကောင်းတယ်လို့ တရစပ်ပြောဆိုနေသတဲ့


ဒါပေမယ့် ရှိခိုးမတတ်တိုးလျှိုးတောင်းပန်နေတဲ့ လန်ချားဆွဲသူရဲ့ဟန်ပန်ကြောင့် နောက်ဆုံးမှာ မသက်မသာပဲ စီးနင်းလိုက်ပါခဲ့ရတယ်လို့ဆိုတယ်



နောက်ပြီးတော့ များမကြာမီကာလတုန်းက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူဟောင်း ရီယိုဖာဒီနန် မြန်မာနိုင်ငံကို အလည်ရောက်တာတော့ ကြိုဆိုသူတွေက ဇွတ်အတင်းဆိုက္ကားပေါ်တင်ပေးလိုက်ကြတယ် 


ပြီးတော့ ဆိုက္ကာစီးရတဲ့အရသာဘယ်လိုလဲလို့မေးရာမှာ သူကတော့သံတမန်ဆန်တဲ့စကားလေးတွေသုံးပြီး မနှစ်သက်ကြောင်းဆိုသွားတယ် 


ကိုယ်တော့ဖြင့် သူလည်း အိုင်းစတိုင်းလို လူတယောက်ရဲ့အားခွန်အပေါ် သက်သောင့်သက်သာ လိုက်ပါစီးနင်းနေရတဲ့အခိုက်ကနေ ထွက်ပြေးချင်စိတ်ပေါက်နေလိမ့်မယ် ရှက်ရွံ့အားနာမှုဖြစ်နေလိမ့်မယ်လို့ထင်တယ်

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ



No comments:

သန်းထွန်းလေး (အင်းတဲရွာ)

တခါတခါ ဓာတ်ပုံတွေက စကားလုံးထောင်ပေါင်းများစွာရေးဖွဲ့ထားတာထက်ကိုပိုပြီး နင့်နင့်သည်းသည်းခံစားရတယ်

တခါတခါ ဓာတ်ပုံတွေက စကားလုံးထောင်ပေါင်းများစွာရေးဖွဲ့ထားတာထက်ကိုပိုပြီး နင့်နင့်သည်းသည်းခံစားရတယ် အတော်ကြေကွဲရတယ် အသည်းနာရတယ် ။ #အရေးတော်ပုံအ...