အိုစာမင်းစာ (ငတိုလှိုင်ရဲ့အဆုံးသတ် / ၄၅)
။
လူ့လောကအသက်အရွယ်အပိုင်းအခြားအလိုက် ကျွန်တော်တို့လူမှုအသိုင်းအဝိုင်းမှာပြောလေ့ရှိတာက
ငယ်ရွယ်စဉ်မှာပညာရှာ
နုပျိုစဉ်မှာ ဥစ္စာရှာ
အိုမင်းချိန်မှာ တရားရှာတဲ့
ဒီမှာနုပျိုစဉ်မှာ ဥစ္စာရှာခိုင်းတာက အိုမင်းလာချိန်မှာ တရားဘာဝနာ အေးအေးဆေးဆေးရှာဖွေအားထုတ်နိုင်စေဖို့လို့ဆိုတယ်
ဒီလိုဆိုလိုက်ရင် ရှင်းလင်းသလို တိလည်းတိကျပါတယ်
ဒါပေမယ့် ဘာကြောင့်လဲမသိ ပြောရိုးပြောစဉ်မှာ စာ ဆိုတဲ့စကားလုံးက နှစ်နေရာခွဲပါပြီး ပုဒ်တခုထဲကို နှစ်ပါဒခွဲထားသလိုဖြစ်နေတယ်
အိုစာ မင်းစာ တဲ့
အိုမင်းစာလို့ အိုမင်းချိန်မှာအသုံးပြုဖို့လို့ ပုဒ်တွဲထားတာမဟုတ်ဘူးနော်
ကမ္ဘာမှာကျွန်တော်တို့နိုင်ငံသားတွေလောက် ဝဋ်ကြီးတဲ့သူတွေရှိနိုင်ပါ့မလားမသိဘူး
ရှေးအတိတ်မင်းတွေလက်ထက်ကထားပါ လွတ်လပ်ရေးရပြီးနှောင်းပိုင်း နှစ်ပေါင်း ၈၀ ကာလအတွင်းမှာတောင် ကိုယ့်စိတ်ကူးကိုယ့်အတွေးတွေကို လွတ်လွတ်လပ်လပ်ထုတ်ဖော်ပြောဆို နေထိုင်လုပ်ကိုင်နိုင်တဲ့ လူသားတယောက်ရဲ့ ပကတိလွတ်လပ်ခွင့်အပြည့်ရှိတဲ့ကာလက ဆယ်စုနှစ်တခုတောင်ရှိပါ့မလားမဆိုနိုင်ဘူး
ပြည်သူတွေရဲ့အရေးအရာကို စီမံဆောင်ရွက်စေဖို့ လစာနဲ့နေစရာပေးပြီးခန့်အပ်ထားသူတွေက အမြဲဓါးကြိမ်းကြိမ်းလို့ သေနတ်မိုးပြီး နိုင်ငံကို ခြင်းထဲကကြက်လို သူ့အပိုင်လိုသဘောထားပြီး အသွေးအသားကို ထုတ်စားမြိုစို့ဖို့ချည်းကြံနေကြတာ
ဒါတွေကြောင့်ပဲထင်ရဲ့ရေ မီး မင်း သူခိုး အမွေခံဆိုး
စတဲ့ နှိုပ်ဆက်ဖျက်စီးတတ်တဲ့ ငါးပါးသောရန်သူတို့နဲ့ ကင်းဝေးပါရစေလို့ နေ့စဉ်ဘုရားရှစ်ခိုးပြီး တောင်းဆုပြုရာမှာ ဆရာတော်ကြီးတွေက တမင်ထည့်ပေးထားတာနေမှာ
ကိုယ်တွေရဲ့ဘိုးဘေးတွေများပြောပါတယ် ဘယ်လောက်တောင်အနှိပ်စက်ခံရပြီး ဘယ်လောက်တောင် စိတ်နာနေလဲမသိပါဘူး မင်းကို သူခိုးနဲ့ အတူတူ တတန်းတည်းသဘောထားတာသာကြည့်ပေတော့
ပြီးတော့ ဘဝနောင်ရေစိတ်အေးချင်ရင်
နုပျိုစဉ်မှာ အိုစာတင်မက မင်းစာပါရှာထားဖို့လိုသတဲ့လေ
။
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
ကိုလေး ☆ အင်းတဲ

No comments:
Post a Comment