သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Tuesday, January 27, 2026

ဆုပ်ကိုင်ပြီးရင်လက်လွှတ်ရိုးထုံးစံမရှိတဲ့ အာကြီး

 

ဆုပ်ကိုင်ပြီးရင်လက်လွှတ်ရိုးထုံးစံမရှိတဲ့ အာကြီး

.


ခုဘောလုံးပရိတ်သတ်တွေ ဆင်ပျံကြီးရယ်လို့ ခေါ်ဝေါ်ကြတဲ့ အာဆင်နယ်က ကိုယ်တွေဘောပွဲအရူးအမူး ခံစားခဲ့တုန်းက သူ့ကိုခေါ်တာ အာကြီး

__________________________


အဲ့ဒီတုန်းက အာကြီးဆိုရင် အားကစားကိုအနုပညာရောယှက်လို့ လှလှပပကစားတတ်တယ်ရယ်လို့ကို ကိုယ်တွေလို ပြိုင်ဘက်ပရိတ်သတ်တွေကအစ တခုတ်တရ အသိအမှတ်ပြုကြရတာ 


အားပေးသူတွေဆိုရင်ပြောမနေနဲ့တော့

ရေလည်ကြွယ်ကြတာ

__________________________


ပဲ့ကိုင်ရှင် အာဆင်ဝင်းဂါးကြီးရဲ့မူကိုကထူးခြားတယ်


သူ့ရဲ့ လှလှပပ ချိတ်ဆက်လို့ ကစားကွက်ဖော်ဆောင်တတ်တဲ့ဟန်ကြောင့် တဖက်က မာမာထန်ထန် ကြမ်းကြမ်းတမ်းတမ်း ညစ်ညစ်ပတ်ပတ် တုံ့ပြန်လို့ အနိုင်ယူသွားမယ်ဆိုရင်တောင် အရှုံးသာခံလိုက်မယ် သူတို့လိုပြန်ကစားပြီး ကိုယ့်ရဲ့မူလကစားကွက်ကိုတော့ မစွန့်လွှတ်ရေးချမစွန့်လွှတ်ပဲ


အဲ့ဒီတုန်းက အင်္ဂလန်ဘောလုံးလောကမှာ အဲ့အသင်းတသင်းကလွဲပြီး ကျန်အသင်းအားလုံးက အနိုင်ရရေးသာအဓိကပဲ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ပေါ့ ဒါကြောင့်သူတို့နဲ့တွေ့ရင် ကြမ်းကြမ်းတမ်းတမ်း အဝင်အထွက်ရဲရဲနဲ့ သူတို့ကစားကွက်ဖော်မရအောင် ကစားကြတာ ညစ်ကြတာ


ပြီးတော့ ဘောလုံးအားကစားမှာ ကစားကွက်ဖော်တယ်ဆိုတာ ယေဘုယအားဖြင့် ဘောလုံးကမြေပေါ်ခြေထောက်ထဲမှာရှိရမယ်မို့လား ဒါကြောင့်ပြိုင်ဖက်အသင်းတွေက သူနဲ့တွေ့ရင် သာမန်ထက်ကို အမြင့်ဘောတွေအသုံးပြုတိုက်ခိုက်ကြတာ


ပြောရရင်တော့ ကျန်ဆယ့်ကိုးသင်းက အားကစားကိုပြိုင်ပွဲလိုကစားပြီး သူတသင်းထဲက အနုပညာပေါင်းစပ်လို့ ဖျော်ဖြေမှုပေးခြင်ခဲ့တာ


ဥရောပမှာဆိုရင်လည်း ဘာကာရဲ့တီကီတာကာအအောင်မြင်ဆုံးကာလမှာကို သူတို့နည်းသူတို့ဟန် လှပတဲ့ကစားကွက်နဲ့ပဲ တုံ့ပြန်ရင်ဆိုင် ယှဉ်ပြိုင်ခဲ့တာ 


ကွင်းလယ်ဗိုလ်ချုပ်လေးတွေကလည်း ငယ်ပေမယ့် ထက်ထက်မြက်မြက်ရဲရဲရင့်ရင့်နဲ့ကို ပြိုင်ဖက်ကြောင့် ကိုယ်မူလစတိုင်ပြောင်းလိုက်ရတာမျိုးမလုပ်ဘဲ ယုံကြည်မှုရှိရှိကို အစားကွက် တန်ပြန်စိုးမိုးနိုင်ဖို့ အားထုတ်ခဲ့ကြတာ ဖာဘရီဂတ်တို့ ဂျက်ဝီရှိုင်းယာတို့ 

__________________________


ခုလက်ရှိအာကြီးကိုလည်းကြည့် ကျန်ဆယ့်ကိုးသင်းနဲ့ တဘာသာကွဲလို့ သူတသင်းထဲချွန်ထွက်နေတဲ့အရည်အချင်းပိုင်ဆိုင်နေပြန်တယ်


ဒါကတည်ကန်ဘောတွေကို အသုံးချနိုင်စွမ်းဘဲ

တကယ်လဲစွမ်းတယ် သူ့ရဲ့ပုံရိပ်လိုဖြစ်လာတဲ့အထိကို တည်ကန်ဘောတွေမှာ ပြောင်ပြောင်မြောက်မြောက် အသုံးချစွမ်းကလည်းအံ့မခန်းဘဲ

__________________________


ဒါပေမယ့် ရှေ့တုန်းကလိုပဲ သူတို့အသင်းက တခုခုကိုဆုပ်ကိုင်မိပြီဆိုရင် ဘယ်အကြောင်းကြောင့်နဲ့မှ စွန့်လွှတ်ရိုးမရှိတာက သူတို့ရဲ့ခိုင်မာတဲ့သဓိဋ္ဌာန်လည်းဖြစ်သလို တဖက်ကလည်း ဒီအသင်းကဒီလိုလုပ်မှာပဲဆိုတာကြိုသိနေတဲ့ပြိုင်ဘက်တွေအတွက် ပြင်ဆင်ခွင့်ရတာမို့အားနည်းချက်လည်း ဖြစ်နေပြန်တယ်


ပြီးတော့ ဒီအားသာချက်ကိုချည်း မျှော်ကိုးလုပ်ဆောင်နေတော့ ပုံမှန်ကစားကွက်ကတောင် ဂိုးရဖို့ခက်လာတယ် ဘယ်လိုလဲဆိုတော့ တောင်ပံကစားသမားတယောက်က တိုက်စစ်မှုဆီကို စွန့်စွန့်စားစားလှမ်းကန်တင်ပေးလို့ ဂိုးသွင်းခွင့်ဖန်တီးပေးတာထက် ဂိုးစည်းနားအထိမရမကဆွဲလာလို ထောင့်ကန်ဘောရအောင်ပြုပြီး ထိုကနေမှဂိုးရဖို့ ပိုကြိုးစားလာတာကိုး 


တိုက်စစ်မှူးတွေဂိုးမရတာဘာဆန်းလဲ

__________________________


အမှန်တော့ ဘောလုံးအားကစားဆိုတာ တဖက်အသင်းဂိုးပေါက်ထဲကို ဘောလုံးပစ်သွင်းနိုင်ဖို့သာအဓိကပါ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ပေါ့ ကျန်အသင်းတွေက ဒီလိုနည်းအစုံအသုံးပြုကြတာပါပဲ 


အာကြီးကပဲထူးခြားနေတာ


တခုခုကိုဆုပ်ကိုင်မိရင် ဒါကိုပဲပိုကောင်းအောင်လုပ်ရင်း

တခြားအရာတွေအားလုံး လှည့်တောင်မကြည့်တဲ့သူအကျင့်ကြောင့်

သူ့အားသာချက် သူ့လက်နက်ကပဲ သူ့အောင်ပွဲဆုဖလားတွေအတွက် အတားအဆီးဖြစ်ဖြစ်နေခဲ့တာ


အခြားအသင်းတွေက ဆုဖလားအတွက် ပြိုင်ဖက်အသင်းတွေနဲ့သာယှဉ်ပြိုင်ရတာဖြစ်ပြီး

သူတို့က ခြားနားတယ် ကိုယ့်အားသာချက် ကိုယ့်အရည်အသွေးနဲ့ပါ ပြန်ပြိုင်ပွဲဝင်နေရတာ


__________________________


ပြောရရင်တော့ အာကြီးဖလားရမလားဆိုရင် 

သူ့ရဲ့လက်နက်ကို ကာဆီးနိုင်မယ်နည်းပြိုင်ဘက်တွေမှာမရှိရင်ရမယ်


တကယ်လိုတွေ့သွားမယ်ဆိုရင်ကောလို့ မေးအုံးမလား


ပြောပြီးပါပကော တခြားဘာကိုပဲထားခဲ့ရထားခဲ့ရ

ဆုပ်ကိုင်ထားပြီးအရာကို လွယ်လွယ်နဲ့စွန့်လွှတ်တတ်တဲ့အထဲမှာ အာကြီးမပါဘူးလို့

https://youtu.be/Ve4okZeX1vg?si=cTmUn2-Q16gAshPd

#အရေးတော်ပုံအေ

ာင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဆုပ်ကိုင်ပြီးရင်လက်လွှတ်ရိုးထုံးစံမရှိတဲ့ အာကြီး

  ဆုပ်ကိုင်ပြီးရင်လက်လွှတ်ရိုးထုံးစံမရှိတဲ့ အာကြီး . ခုဘောလုံးပရိတ်သတ်တွေ ဆင်ပျံကြီးရယ်လို့ ခေါ်ဝေါ်ကြတဲ့ အာဆင်နယ်က ကိုယ်တွေဘောပွဲအရူးအမူး ခ...