သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Tuesday, January 27, 2026

ဒီဇမ္ဗူငါလိုလူရှိသလားဟေ့


 
ဒီဇမ္ဗူငါလိုလူရှိသလားဟေ့

.

လောကသတ္တဝါတွေထဲမှာ လူသာလျှင် အမြင့်မြတ်ဆုံးရယ်လို့ တွေးတတ်ခေါ်တတ် စဉ်းစားတတ်စကတည်းက လူသားတို့လက်မထောင်ခဲ့ကြ


ကမ္ဘာဦး ပထမဆုံးလူသားအာဒံကို ဘုရားသခင်က သူရဲ့ပုံသဏ္ဍာန်အတိုင်းဖန်ဆင်းခဲ့တာပါဆိုတဲ့ ခရစ်ယာန်သမ္မာကျမ်းစာအရ လူသားဟာထာဝရဘုရားရဲ့ကိုယ်ပွားဖြစ်တယ်ဆိုတော့ လူရဲ့ဖြစ်တည်မှုဟာအတော်ထည်ထည်ဝါဝါရှိခဲ့ပြီး တိရစ္ဆာန်တွေကတော့ လူသားတို့ကိုအထောက်အကူပြုဖို့ ထပ်ဆင့် ဖန်ဆင်းပေးထားပါတယ်ဆိုတော့ကား 


ကဲလောကသတ္တဝါထဲ လူကအမြင့်မြတ်ဆုံးရယ်လို့ ပြောတာ 

လက်မထောင်တာ အဆိုးတော့မဆိုသာဘူးမဟုတ်လား 


ဒီလိုကော့နေအောင်ထောင်ထားတဲ့ လူသားရဲ့ဂုဏ်ထည်ဝါမှုက ချားဒါဝင်ရဲ့ အီဗော်လူးရှင်းသီဝရီ ပေါ်ပေါက်လာချိန်မှာ မြောင်းထဲရောက်တော့တာပဲ


သူက ရှေးဦးလူသားတွေဟာ တခြားတိရစ္ဆာန်တွေနဲ့ဘာမှမခြားဘဲ

တဖြည်းဖြည်းတိုးတက်ပြောင်းလဲလာတဲ့ဖြစ်စဉ်ကြောင့်သာ ယနေ့လူသားတွေဖြစ်လာတာတဲ့လေ သွားပါလေရာ


အဲ့ဒီအရင်ကလည်း ဘုရားသခင်က ကမ္ဘာမြေကြီးကိုဖန်ဆင်းပြီးနောက် နေ လ ကြယ်တို့ကိုပါ တပါတည်းဖန်တီးပြီး ကျွန်တော်တို့ရဲ့မြေကမ္ဘာကြီးကို လှည့်ပတ်ခညောင်းနေစေတယ်လို့ ယုံကြည်ခဲ့ကြတယ်


ဒါပေမယ့် ကမ္ဘာကိုနေကပတ်နေတာမဟုတ်ဘဲ ကမ္ဘာကသာနေကိုပတ်နေရတာလို့ သိပ္ပံပညာရှင်တို့ တွေ့ရှိခဲ့ကြတယ်  


ကျွန်တော်တို့ တနင်္ဂနွေဂြိုဟ်မင်းလို့ခေါ်တဲ့ နေဟာ ကျွန်တော်တို့ကမ္ဘာထက် အဆပေါင်း ၃၃၀၀၀၀ ကြီးပါသတဲ့ ထိုကြီးမားလွန်းတဲ့နေမင်းကြီးကိုလှည့်ပတ် နေရတာဟာလည်း ကမ္ဘာတခုတည်းသာမဟုတ်ဘဲ ကမ္ဘာထက်အဆများစွာကြီးတဲ့ ဂြိုဟ်တွေလည်းပါတယ်လို့ ဆိုလာကြတယ်


ဒီထဲကမှ ဂျူပီတာဆိုတဲ့ မြန်မာတို့ အခေါ်ကြာသာပတေးဂြိုဟ်ဆိုရင် ကျွန်တော်တို့ကမ္ဘာကြီးထက် အဆပေါင်း ၁၃ဝဝ ပိုကြီးသတဲ့ ထိုဂြိဟ်ကြီးမှာ သူ့ကိုပြန်လှည့်ပတ်နေတဲ့ ဂြိုဟ်ရံ လ ၈၀ ရှိပြီး ထိုထဲက အကြီးဆုံးလက ကျွန်တော်တို့ လ ထက် သုံးဆကြီးတယ်တဲ့ 


ဒီကြီမားလွန်းတဲ့ ကျွန်တော်တို့ကမ္ဘာ လှည့်ပတ်ခညောင်းရတဲ့ နေအဖွဲ့အစည်းကြီးတခုလုံးဟာလည်း ဒီစကြာဝဠာမှာဘာမှမဟုတ်ဘဲ သူ့လိုနေအဖွဲ့အစည်းများစွာနဲ့အတူ အခြားဂြိုဟ်အစုအဝေး အခြားနဂါးငွေ့တန်းတခုကို ထပ်ဖန်လှည့်ပတ်နေရပြန်သတဲ့ 


ဒါဟာလည်းလတ်တလောတွေ့ရှိချက်သာဖြစ်ပြီး ထိုအရာကလည်း ဘယ်အရာကိုထပ်ဖန်လှည့်ပတ်ခညောင်းနေရလဲမဆိုနိုင်ဘူး


ဒီတွေ့ရှိချက်တွေကြောင့် လူသားရဲ့ဂုဏ်သိက္ခာ ဖြစ်တည်မှုနဲ့ ထိုလူသားတို့ရှင်သန်ရပ်တည်နေတဲ့ကမ္ဘာမြေကြီးရောပါ စကြာဝဠာမှာ ဘာထည်ဝါမှုမရှိတော့ပဲ အတော့်ကိုသိမ်ငယ်သေးနုတ်သွားစေခဲ့ပါတယ်


ကဲဘယ်လိုလုပ်ကြမလဲ 

တကိုယ်ရည်အတ္တတွေနဲ့ လက်မထောင်နေကြတဲ့လူသား

သူတို့က ကမ္ဘာမြေကြီးနဲ့ယှဉ်လိုက်ရင် အစက်အပြောက်မျှသာ

ထိုမြေကမ္ဘာကြီးကလည်း နေကိုလှည့်ပတ်နေရတဲ့ဂြိုဟ်တွေထဲကသာမန်ဂြိုဟ်တခု

ထိုနေမင်းကြီးရဲ့အစုအဝေးကြီးတခုလုံးကလည်း အခြားသူထက်ကြီးမားတဲ့ အစုအဝေးကြီးကို လှည့်ပတ်နေရ


ထိုအရာအစုအဝေးမျိုးတွေကလည်း အနန္တစကြာဝဠာကြီးမှာ အများအပြားရှိနေသေးတယ်ဆိုပြန်တော့ကား 


ဘုရားဘုရား လူသားမဆိုထားနဲ့ ကျွန်တော်တို့ရဲ့အင်မတန်ကြီးမားတဲ့ နေမင်းကြီးကတောင် အနန္တစကြာဝဠာကြီးထဲမှာ မြူတမှုံစာတောင်မရှိတဲ့ ဘာမှမဟုတ်တဲ့ ပြောပလောက်စရာမရှိတဲ့ အရာလေးတဲ့လေ


ဗုဒ္ဓဒေသနာမှာဆိုရင် အင်မတန်သေးငယ်တဲ့မြူမှုံလေးကစလို့ ကြီးကျယ်လှပါတယ်ဆိုတဲ့ စကြာဝဠာကြီးအထိူ ဘယ်အရာမှတည်တံ့နေတာမဟုတ်ဘဲ ဥပါဒ် ထီ ဘင် ဆိုတဲ့ ဖြစ်ရင်းတည်ရင်းပျက်ရင်း စဉ်ဆက်မပြတ်ပြောင်းလဲဖြစ်ပျက်နေတဲ့ အရာကြီးပါဆိုတော့ကား


ဒီလိုဘာမှမဟုတ်တဲ့သတ္တဝါလေးက

မတော်လောဘတွေ အတ္တမာနတွေနဲ့ 

လက်မတထောင်ထောင်မာန်တကြွကြွဖြစ်နေတော့ကား ရယ်စရာတော့အကောင်းသားကလား


ဒါပေမယ့် ထိုအခြင်းအရာတွေကိုထိုးထွင်းသိမြင်နိုင်တဲ့ ဉာဏ်ပညာဟာ သတ္တလောကမှာ လူသတ္တဝါပဲ ရှိတာမို့ကြီးမြတ်ရတာပါလို့ ချေပကြပြန်သော်လည်း ထိုဉာဏ်ပညာကို ကောင်းမြတ်ခြင်းနေရာမှာထက် တကိုယ်စာ အတ္တမာနအတွက် ဘယ်သူသေသေငတေမာရင်ပြီးရော စိတ်သဘောနဲ့ အသုံးချနေကြတော့ကား


ခေါင်းစဉ်လေးနဲ့ပြန်ချိတ်ဆက်ရရင် ဒီဇမ္ဗူငါလိုလူတွေအများကြီးပါ 

ဒါပေမယ့် အားလုံးက ဘာမှလည်းမဟုတ်ပါဘူး

.

.

https://youtu.be/8mWbUy2GE-o?si=agoR5QqiUSiQZuTY

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဒီဇမ္ဗူငါလိုလူရှိသလားဟေ့

  ဒီဇမ္ဗူငါလိုလူရှိသလားဟေ့ . လောကသတ္တဝါတွေထဲမှာ လူသာလျှင် အမြင့်မြတ်ဆုံးရယ်လို့ တွေးတတ်ခေါ်တတ် စဉ်းစားတတ်စကတည်းက လူသားတို့လက်မထောင်ခဲ့ကြ ကမ္...