အကုသိုလ်ဝင်တယ်ဆိုတာ
။
။
ပါဠိ အ ကုသလ ကနေ ဗမာမှုပြုမွေးစားထားတဲ့စကားလုံးလေးကို
အဘိဓါန်မှာတော့ #မကောင်းမှု လို့ ပြန်ဆိုပါတယ်
ဒီမှာစိတ်ဝင်စားစရာက မကောင်းသောအကျိုးရလဒ်လို့ သက်ရောက်လာတဲ့အရာကို ဆိုတာမဟုတ်ဘဲ
မကောင်းမှုရယ်လို့ လုပ်ဆောင်မှုအခြင်းအရာကို တိတိကျကျဖော်ညွှန်းထားတာ သတိချပ်ဖို့လိုတယ်
ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အများအားဖြင့် အကုသိုလ်ဝင်တယ်လို့ သုံးနှုံးရာမှာ ပြုမှုလုပ်ဆောင်ခြင်းသဘောထက် အကျိုးသက်ရောက်မှုဖြစ်ပေါ်လာချိန်မှ ဒီစကားကို သုံးတာမို့ပါ
____________________________
ထပ်ဆင့်ရှင်းပါရစေ
ကိုယ်က မကောင်းမှုတခုကို ပြုမိပြောမိလုပ်မိတယ်ဆိုပါတော့ ထိုပြုစဲပြောစဲခိုက်ဟာ အကုသိုလ်စဝင်နေပြီလို့ ဆိုရမှာပါ
ဒါပေမယ့် ကျွန်တော်တို့မသိဘူး သတိမထားမိဘူး
ထိုပြုလုပ်ခဲ့တဲ့မကောင်းမှုတို့ ဗူးပေါ်သလိုပေါ်ပြီး အကျိုးသက်ရောက်မှုရှိလာချိန်မှ အကုသိုလ်ဂြိုဟ်ဆိုး ဝင်ပါပကောရယ်လို့ ဖြစ်ကြရတာ
____________________________
ဆိုပါတော့ လုပ်ငန်းခွင်မှာ မကျေနပ်မှုတစုံတရာကြောင့် ဖောက်သည်ကို အရည်အသွေးပြည့် စီမံပေးမှုမရှိဘဲ တမင်ပညာပြလိုက်တယ်ပေါ့
ဒါကိုအကုသိုလ်ဆိုတဲ့ မကောင်းစိတ်ဝင်လို့ပြုမိခြင်းမျိုးလို့ ရုတ်တရက်မမြင်ကြဘူးမို့လား အဲ့ဒီအခိုက်တော့ ကိုယ်မှန်တယ် လုပ်သင့်တယ်လို့ ယူဆကောင်းယူဆမိမယ်ပေါ့
ဒီလိုနဲ့တစတစ တယောက်စနှစ်ယောက်စကနေ ဖောက်သည်ကြဲပါးသွား အလုပ်ပါးပါးလာချိန်မှာမှ ငါ့မှာအကုသိုလ်ဝင်နေတယ်ထင်ပ လုပ်ငန်းကိုင်ငန်းတယ်အဆင်မပြေချင်ဘူးရယ်လို့ သတိပြုမိစဖြစ်လာတယ်
ဒီလို အကျိုးရလဒ်အကောင်ကြီးရှင်းရှင်းလင်းလင်းပြတာတောင် အရိပ်ကလေး မှန်မှန်ကန်ကန်မြင်တတ်ရင်တော်ရဲ့
ကိုယ်ရှေးကပြုခဲ့ဖူးတဲ့ မကောင်းတဲ့ပြုမှုလုပ်ဆောင်မှု အကုသိုလ်ကြောင့်လို့ ဆင်ခြင်သုံးသပ်နိုင်ရင်တော်ရဲ့
သတိကပ် ပြုပြင်မယ်ဆိုရင် မှားပြီးတာတွေမပြင်ဆင်နိုင်သည့်တိုင် နောင်အလားတူအမှားမျိုး မပြုမိအောင် နည်းပါးသွားအောင်ဆင်ခြင်နိုင်တာမို့
နောင်ကောင်းဖို့ရာဖြစ်နိုင်ကောင်းရဲ့
ဒီလိုမှမဟုတ်ဘဲ ဘယ်သူကတိုက်လို့ ဘယ်သူကခိုက်လို့ ဘယ်သူကအပုတ်ချလို့ ဘယ်သူကသပ်လျှိုလို ဘယ်သူကကျော်လို့ခွလို့ဆိုတဲ့ ဗဟိဒ္ဓအကြောင်းအရာတွေချည်း လက်ညှိုးလိုက်ထိုးနေမယ်ဆိုရင်တော့
အနာတခြားဆေးတလွဲနဲ့ ပြဿနာရဲ့မှုလဇစ်မြစ်ကိုမသိတာမို့ အရှည်သဖြင့် ဆုတ်ယုတ်ဆုတ်ယုတ်သွားဖို့သာရှိတယ်မဟုတ်လား
____________________________
လူမှုရေးပြဿနာတွေမှာလည်း ထိုနည်း၎င်းပေါ့
တဒင်္ဂစိတ်သာယာတိမ်းမှုဖွယ်တွေနောက်လိုက်လို့ ဖောက်လွဲဖောက်ပြန်ကြံစည်စိတ်ကူးပြီး ပြုမိလုပ်မိပြောမိသည်ဆိုပါတော့
ထိုအခိုက်မှာ ငါ မကောင်းမှုပြုမိပြီ အကုသိုလ်ဝင်ပြီလို့ ဆင်ခြင်နိုင်ခဲ သိနိုင်ခဲပါတယ် ဆန္ဒရာဂ ဣိဿာ မစ္ဆရိယဖုံးနေတော့ စိတ်လိုလက်ရ ကျေကျေနပ်နပ်ကြီးကို ပြုမိနေတတ်တာပါပဲ မပေါ်သမျှထိလည်း ခုံခုံမင်မင်ထပ်ဖန်တလဲလဲပြုမိနေမိပြန်ရော
ထိုကိစ္စဖုံးမနိုင်ဖိမရ ပြင်ပလူတွေပါသိသွားချိန်မှာမှ ငါ့အကုသိုလ်ဝင်ပါပကောရယ်လို့ ပူပန်ကြောင့်ကျစိတ်သောကရောက်ကြရတာမဟုတ်လား
ကိုယ့်ကိုယ်ကိုတောင်မလေးစားနိုင်တော့ဘဲ အရှက်ရခြင်းမျိုးတွေဖြစ်ရတာမဟုတ်လား
____________________________
အကုသိုလ်ကို ပြုစဲ ဝင်စဲခိုက်မှာပဲ ကာဆီးနိုင်ကြပါစေကြောင်း ....
.
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
ကိုလေး ☆ အင်းတဲ

No comments:
Post a Comment