သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Thursday, January 15, 2026

ကြက်နပေါင်းနွယ်






ကြက်နပေါင်းနွယ်
.
နာမည်လေးက အချို့ဒေသကလူတွေအတွက် စိမ်းနေ ဆန်းနေမယ်ထင်တယ် 

ကိုယ်တွေစီမှာတော့ ယာတောစည်းရိုးစပ်တွေမှာ သိပ်ပေါတာရယ်

သူက မြေကပ်နွယ်ပင်မျိုးပဲ

ဗူးတို့ဖရဲတို့လောက်တော့ 
နွယ်ရိုးကမထွားဘူး မပွယောင်းဘူး မပျော့ဘူး 
မာဂုဏ်ရှိတယ် အသားကျစ်တယ်
ဒါပေမယ့် သစ်သားတွေလိုလည်း မာဆတ်နေတာမဟုတ်ဘူး
ကွေးလို့ညွှတ်ရတယ် နွယ်ဆိုပေမယ့် ခတ်ထန်ထန်အရိုးအကြောရှိတယ် 

ဒါကြောင့်ပဲထင်ရဲ့
သူ့နွယ်ရိုးက ကိုယ်တွေဖက်မှာ အိမ်သုံးအသေးစားတောင်းလေးတွေ ဖန်တီးကြတယ်

အသားကျစ်တော့ အချိန်ကာလ ရက်ပိုင်းလပိုင်းလောက်ကြာတာနဲ့ မူလအလုံးအထည်ကနေ ချောက်ကပ်သေးသွယ်သွားတာမျိုးမရှိဘူး

ကိုယ်တွေလို အပူပြင်းရာဒေသမှာတောင် 
သုံးလေးနှစ်သုံးပါလေရော

လွန်ခဲ့တဲ့ငါးနှစ်ကျော်က ကိုယ်ရွာပြန်တော့ တောကအတူခြေချင်ပြန်လာတဲ့အစ်မက သင်္ချိုင်းနားဘေး လှည်းလမ်းလေးဘေးဘက်က ဒီနွယ်ပင်လေးတွေတွေ့တော့ ထိုင်နှုတ်နေတော့ ကိုယ်လည်းနွားစာလားလို့မေးမိတယ် 

အတာအတာ 😄

သူကပြန်ပြောတယ် အိမ်ရောက်ရင်သိမပေါ့တဲ့

ဒီလိုနဲ့ အိမ်ပြန်ရောက်တော့ သူကအရွက်တွေသပ်ချပြီး ရိုးတံလေးတွေနွာယူတယ်
ပြီးတော့ တောင်းကလေးတွေစထိုးတယ်

ဒီတော့မှသိတော့တယ် 

ဒီတောင်းလေးတွေက ကိုယ်တွေမျက်စိရှေ့မှာ အချိန်တိုင်းရှိနေခဲ့တာ လက်ပွန်းတတီးအသုံးပြုနေခဲ့တာပဲ လူကြီးတွေထိုးနေခဲ့တာလည်းတွေ့ဖူးပါရဲ့ ဒါပေမယ့် အမှတ်တမဲ့ရှိနေခဲ့တာ

သက်တမ်းတမတ်ကျော်မှ ဒီတောင်းရဲ့မူလအစဇစ်မြစ်နဲ့ အမည်နာမကို တိတိကျကျသိတော့တယ်ရယ်

ဘုရာစူးအညာသား ဘုရားစူးတောသားပါဗျာ 😁

ဒါနဲ့နည်းကြည့်ပြီး ကိုယ်တိုင်ထိုးပြီး အသက်မွေးရာဒေသကိုယူလို့ အလုပ်ခုံမှာ ပစ္စည်းပစ္စယလေးတွေတင်ထားတယ်

ခုဆိုရင် ပုံပါတောင်းလေးတွေရဲ့သက်တမ်းက ငါးနှစ်ကျော်ဆယ်နှစ်နီးပါးရောက်လာပြီ ရိုးတံလေးတွေက မာဆတ်သွားပေမယ် ကျိုးကြေမသွားသေးတာ 

ဟိုရွှေ့ဒီရွှေ့မလုပ်တာရယ် 
ဒေသရဲ့ ရာသီဥတုနဲ့လည်းဆိုင်မယ်ထင်ပါရဲ့
.
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
ကိုလေး ☆ အင်းတဲ


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ကြက်နပေါင်းနွယ်

ကြက်နပေါင်းနွယ် . နာမည်လေးက အချို့ဒေသကလူတွေအတွက် စိမ်းနေ ဆန်းနေမယ်ထင်တယ်  ကိုယ်တွေစီမှာတော့ ယာတောစည်းရိုးစပ်တွေမှာ သိပ်ပေါတာရယ် သူက မြေကပ်နွ...