တဒင်္ဂ
။
တနွေကပေါ့
ငယ်ငယ်ကကျောင်းသွားဖက် CDM ဆရာလေးနဲ့ ဆရာမလေးရဲ့ လက်ထပ်မင်္ဂလာပွဲ
သတို့သမီးအိမ် ဧည့်ခံမဏ္ဍပ်မှာတော့ မင်္ဂလာပွဲတက်ရောက်လာတဲ့ တချိန်ကနိုင်ငံအဝှမ်းဟိုးလေးတကျော် ပေါက်ခဲ့တဲ့ အဆိုတော်ကြီးကသူ့ရဲ့ အတိတ်ကိုမှန်းဆမြင်ယောင်
ချစ်ရတဲ့သူရယ် မျက်လုံးလေးများဝင့်ကာ ခေါ်နေတာကိုလှည့်ကြည့်ပါအုံး
လို့ တမ်းတမ်းတတသီဆိုရင်း ခံစားမှုတွေမျှဝေနေချိန်
ရွာရဲ့မိန်းလမ်းမကြီးနားဘေးက သတို့သားရဲ့အိမ် အကျွေးအမွေးပြုရာမှာ ကိုယ်ကဝိုင်းကူလုပ်ပေးနေတာ
ဒီမှာ လက်နက်ကိုင်ဝတ်စုံအပြည့်နဲ့ကားတစီးဖြတ်သွားတာကိုတွေ့လိုက်တယ်
ကြည့်နေရင်းကပဲ ရှေ့မလှမ်းမကမ်းမှာသူတို့ရပ်သွားပြီး ကွမ်းဝယ်ကြ အနီးအပါးထိုင်သူတွေနဲ့ ရယ်ရယ်မောမော စကားစမြည်ပြောနေတာတွေ့ရမှ ဪ ဒေသခံ PDF တွေပဲလို့ သဘောပေါက်သွားတယ်
ဒီလိုနဲ့မေ့မေ့ပြောက်ပြောက်ပါပဲ ကူညီညာလုပ်ပေးနေရင်းက ရွာဦးပိုင်းဆီက သေနတ်သံ ကျယ်ကျယ်လောင်လောင်ကြားရတယ်
ကိုယ့်ဇာတိဆိုပေမယ့် ကိုယ်ကရွာမှာသိပ်မနေဖြစ်တော့ ရွာကိုစစ်ခွေးတွေဒုက္ခပေးလို့ ပြေးကြရတာ ခဏခဏကြားဖူးနေပေမယ့် ကိုယ်တိုင်ကတခါမှမကြုံဖူးတော့ အမေက မသွားခင်ကတည်းက မှာလိုက်တာရှိတယ်
တခုခုကြားတာနဲ့ မူမမှန်တာနဲ့ ပတ်ဝန်းကျင်ကိုမေးမြန်းပြီး ပြေးသင့်ကပြေး အမေတို့လည်းပြေးမှာ စိတ်ပူပြီး အိမ်ကိုတကူးတကပြန်မလာနဲ့ ကွိကနဲ့နေမယ်တဲ့
ဒီတော့ပတ်ဝန်းကျင်ကို မေးရမြန်းရစနည်းနာရတယ်
ဘာမှမဟုတ်ပါဘူးကွာ စောစောကတဖွဲ့တက်သွားတာတွေ့တယ်မဟုတ်လား သူတို့လေ့ကျင့်ကြတာတဲ့ သူတို့ကနီးစပ်တော့ အကြောင်းကြားပြီး သတင်းပေးပြီးကြားသိပြီးဖြစ်မှာပေါ့ ကိုယ်ကသာ အထူးအဆန်းဖြစ်နေတာရယ်
ဒီလိုနဲ့ သတို့သားအိမ်ကို လူကြီးတွေကန်တော့ဖို့ ငှက်ပျောသီးတွေလာသယ်တဲ့ သတို့သမီးရဲ့သူငယ်ချင်း ကုမ္မာရီမိန်းကလေးတစုရောက်လာတယ် မနိုင်မနင်းဖြစ်နေလို့ ကူသယ်ပေးဖို့တောင်းဆိုတော့ ကိုယ်လည်းငှက်ပျောဖီးတွေကို ဘယ်ညာဆွဲလို့ သူတို့နောက်ပါးကနေ သတို့သမီးအိမ်ဖက် လိုက်လာခဲ့တယ်
သေနတ်သံတွေထပ်မံကြားရပေမယ့် ကိုယ်ကအေးဆေးပါ သိထားပြီးသားကိုး
ဒီလိုနဲ့ ရွာလယ်လမ်း သတို့သမီးအိမ်ဖက် ချိုးကွေ့မယ်အလုပ်မှာ တောင်ဖက်ဆီကနေ ရွာလယ်လမ်းအတိုင်း ကသုတ်ကယက် ဖုန်တထောင်းထောင်ထလို့ လူကြီးတစုပြေးလာတာမြင်တယ်
အနီးရောက်တော့မှသေချာကြည့်မိတယ် ရွာ့လက်သမားဆရာကြီးတွေဘဲ လွန်ခဲ့တဲ့ ၅နှစ်၆နှစ်လောက်က ကိုယ်တို့အိမ် အုတ်ကန်ကို အဲ့သည်ဆရာကြီးလုပ်ပေးတော့ မျက်နှာတန်းမိနေတာကို
ရွာမှာက လက်သမားရယ်ပန်းရံရယ်လို့ ပညာရပ်တခုစီနဲ့ ရပ်တည်လို့မရဘူး မရပ်တည်ကြဘူး လက်သမားဆရာဆိုတာနဲ့ ပန်းရံလည်းတီးမိခေါက်မိပြီးသားပါ
ပြီးတော့ ဆိုင်ကယ်ပြင်တယ်ဆိုရင်လည်း မြို့မှာလို့ ဝါယာရိမ်း ၊ လေထိုးကျွတ်ဖာ ၊ စက်ပိုင်းရယ်လို့ သီးသန့်ပညာနဲ့ ရပ်တည်လို့မရဘူး ဆိုင်ကယ်ပြင်ဆရာဆိုရင် အားလုံးတတ်ကျွမ်းပြီးသူဖြစ်နေမှရတာ သတို့သမီးရဲ့အစ်ကိုက ဆိုင်ကယ်ပြင်ဆရာ
ထားပါတော့
စောစောကစကားလေးပြန်ဆက်ရရင် ပြေးချလာတဲ့ လက်သမားဆရာကြီးတွေက ကိုယ်တွေအနားရောက်တော့ ရပ်ပြီး အနီးအပါးမှာရှိနေသူတွေကို သတင်းစကားပါးတယ်
သူတို့ရွာဦးပိုင်းက အိမ်တအိမ်မှာလက်သမားဝင်နေရင်း ရွာဦးဆီကသေနတ်သံကြားလို့ စနည်းနာရာမှာ ရွာဖက်ကို စစ်ခွေးတအုပ်တက်လာတာတွေ့တယ်တဲ့ အဲ့ဒါကြောင့်ရွာဦးပိုင်းအရပ်ကတချို့ ပြေးလာကြပြီတဲ့
ဟုတ်တယ်သူ့နောက်ကြည့်လိုက်တော့လည်း ကိုယ့်ငယ်သူငယ်ချင်း အုပ်ချုပ်ရေးပိုင်းက CDM တယောက်လည်း လမ်းမလျှောက်နိုင်တဲ့ သူ့အဖွားကို ဆိုင်ကယ်ပေါ်တင်လို့ စီးချလာတာတွေ့တယ်
ဒီတော့မှ ကိုယ်လည်းထိတ်ကနဲ့ ပြာကနဲ့ဖြစ်သွားတယ်
ဘယ်စီကိုပြေးရမည်မသိ ကြုံကလည်းမကြုံဖူးဆိုတော့ ဇောချွေးတွေပြိုက်ကနဲ့ပဲ
ဒါပေမယ့် ကိုယ်နဲ့အတူ ငှက်ပျောဖီးသယ်လာတဲ့တယောက် ဘာမှမဟုတ်ဘူး ကိုယ်လူတွေပါ စောစောကနှုတ်ဆက်သွားသေးတယ် လေ့ကျင့်ဖို့တဲ့ သတင်းပေးသွားတာမကြာသေးလို့ အားလုံးကိုအသိမပေးရသေးတာဆိုမှ သက်မချနိုင်တော့တယ်
တကယ်မကြုံလိုက်ရပေမယ် စစ်ခွေးတို့ကြောင့် မလုံမခြုံနဲ့ အချိန်တိုင်း တထိတ်ထိတ် ကျီးလန့်စာစားနေနေကြရတဲ့ ဇာတိက အမျိုးတွေရဲ့ဘဝကို ကိုယ်တိုင်ထပ်တူခံစားလိုက်ရတဲ့ တဒင်္ဂခဏပေါ့ဗျာ
.
.
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
သန်းထွန်းလေး ☆ အင်းတဲရွာ


No comments:
Post a Comment