.
.
ဘိုးဘေးဘီဘင်တို့အကြောင်း
.
အဖိုးဦးပေါက်ပီဟာ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် အဝမြို့ ကင်မွန်းခြုံရွာဇာတိ ပစ္စည်းဥစ္စာပြည့်စုံပုံလည်းရတယ်
ငယ်စဉ်ကတည်းကမိဖများဆုံးပါးသွားလို့ အဖိုးရဲ့စောင့်ရှောက်မှုနဲ့နေခဲ့ရ
ဒီတော့အဘိုးပေါက်ပီရဲ့ အဘိုးဆိုတော့ ဦးတွတ်ပီရဲ့ ဘီ တော်တာပေါ့နော နာမည်ကိုတော့အထင်အရှားပြမထားပါဘူး
ဒါက ဦးတွတ်ပီတို့မျိုးရိုးမှာ မှတ်တမ်းရှိတဲ့အစောဆုံးသူပါ
ဦးတွတ်ပီရဲ့အဘွားဖြစ်တဲ့ အဘွားနှင်းရဲ့အမေ ဒေါ်ရွှေတင်ကတော့ မျိုးရိုးထဲက အမည်မှတ်တမ်းကျန်ခဲ့တဲ့အစောဆုံးသူပါ
အဘိုးပေါက်ပီဟာအသက် ၁၆ နှစ်ကတည်းက ဘုရင့်တပ်သားဖြစ်လာပြီး
နှစ်အိုးစားအကြပ် ရာထူးဖြင့် တာဝန်ထမ်းဆောင်ရင်း တိုင်းပြည်အင်္ဂလိပ်လက်အောက် ကျွန်သဘောက်ဘဝကျရောက်ချိန်မှာ တပ်ဖြောက်ကာ ကြုံတိုင်းရွာသို့ရောက်ရှိနေရာက
ပစ္စည်းဥစ္စာ လယ်ယာအတန်သင့်ပြည့်စုံ၍ ကုန်စုံဆိုင်ကိုဦးစီးလုပ်ကိုင်ပြီး မိခင်ကြီးဒေါ်ရွှေတင်ကိုလုပ်ကျွေးနေတဲ့ ကြုံတိုင်းရွာသူ မနှင်း နှင့်ဖူးစာဆုံ
ထိုစဉ်က ပေါက်ပီရဲ့အသက်ဟာ၂၁ နှစ်ကျော်ဖြစ်ပြီး မနှင်းက အသက်ဆယ်နှစ်ကျော်ကြီးတယ်လို့ဆိုပါတယ်
သူငယ်ချင်းဖြစ်သူရဲ့အချွန်နဲ့မမှုနဲ့ ဝရမ်းပြေးဘဝတကျွန်းကျနေရာက ထွက်ပြေးလို့ ထိုင်းနိုင်ငံမှာသောင်တင်နေရင်း
နောက်ပိုင်း အသက်၇၀ကျော်လာချိန်မှာ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲအတွက် BIA တပ်သားတယောက်အဖြစ် ထိုင်းနိုင်ငံမှာကတည်းက လိုက်ပါလို့ပြည်တော်ပြန်ဝင်လာသူ
ငယ်ငယ်ကစိတ်မြန်လက်မြန်ရှိတတ်ပေမယ့် ကြမ်းတမ်းသူတယောက်လို့မဆိုနိုင်ဘူး အနေအထိုင်တည်ပုံလည်းရတယ်
ဖြတ်သန်းခဲ့ရတဲ့ခက်ခဲခါးသီးလွန်းတဲ့ဘဝအတွေ့အကြုံကြောင့် ဒီအချိန်ဒီအသက်အရွယ်မှာတော့ ပေါက်ပီရဲ့ လူမှုဟန်ပန်ဟာခြားနားသွားတယ်
ပျော်ပျော်နေတတ်တယ်
နှုတ်ကြမ်းလာတယ်
လေကြီးတယ်
ဘယ်လောက်တောင်လည်းဆိုရင် သားဒဲ့ပီကိုယ်တိုင် မြင်ပြင်းကပ်မိသည်အထိ 😄
ဒီလေကြီးတာက သားဒဲ့ပီမှာငုပ်နေပြီး မြေးတွတ်ပီမှာမှ ကြွားဝါတတ်ခြင်းအဖြစ် တဖန်ပြန်ပေါ်လာပုံပဲ
တနည်းအားဖြင့် ဦးတွတ်ပီက ဘမျိုးဘိုးတူလို့ဆိုနိုင်မယ်ထင်တယ်
အဘိုးက ဘဝအတွေ့အကြုံအရ နှုတ်ကြမ်းသွာသည့်တိုင် စိတ်တော့ကြမ်းတမ်းခက်ထော်သွားပုံမရှိဘူး ဘာကြောင့်လည်းဆိုတော့ ရွာပြန်ရောက်ချိန် သူ့ကိုသားတကွဲမယာတကွဲဖြစ်ဘဝပျက်အောင်ချောက်တွန်းခဲ့တဲ့ သူငယ်ချင်းသာအောင်နဲ့ပတ်သက်ပြီး တုံ့ပြန်ရန်မူတာမျိုးမှမရှိတာကိုး
.
.
အဖေအမေ
.
ကုန်းဘောင်ရွာဇာတိ မဗေထုံ
ကြုံတိုင်းရွာ ဒဲ့ပီတို့ရဲ့ နှစ်အိမ်ကျော်သို့ပြောင်းလာသူ
အမိအဖများကဝမ်းရောဂါကြောင့် ဆုံးပါးသွား၍ ဒဲ့ပီရဲ့အမေမနှင်းက ကြည့်ရှုစောင့်ရှောက်ထားကာ မြနှစ် ဟု အမည်ပေးထား
ဒီတော့ အဖေကသာ ကြုံတိုင်းဇာတိဖြစ်ပြီး အမေက မသေးမျှင်နည်းတူ ကုန်းဘောင်ရွာဇာတိလို့ဆိုရမှာပေါ့
အဖေဒဲ့ပီထက် အမေမြနှစ်က အသက်အတော်အတန်ငယ်ပုံလည်းရတယ်
အဖိုးအဖွားကော အဖေအမေကောက သက်တူရွယ်တူဖူးစာဆုံကြတာမဟုတ်တာတော့ ထူးခြားချက်ပဲ
ကိုယ်တွေငယ်ငယ်ကခေတ်စားခဲ့တဲ့ မျိုးဆက်ခြာနားတဲ့ ဖူးစာစုံတွဲတွေရဲ့လွှမ်းမိုးမှုကြောင့်လားတော့ မဆိုနိုင်ဘူး
မနဲ့မောင် တို့
ဦးနဲ့ခလေးတို့ပေါ့ 😁
အမေမြနှစ်ရဲ့ မိဖတွေကစောလျှင်စွာ ဆုံးပါးသွားပြီး
အဖေဒဲ့ပီရဲ့မိဘနှစ်ပါးလုံးဆုံးပါးချိန်အထိ အဖေနဲ့အမေကအိမ်ထောင်မကျသေးဘူးဆိုတော့ကား ဦးတွတ်ပီက အဖိုးအဖွာတို့ကို မြင်ဖူးစရာမရှိဘူးပေါ့
အဖိုးကောအဖေကောနှစ်ဦးစလုံးက ဥပစ္ဆေတကကံနဲ့ ဆုံးပါးခဲ့ရတယ်လို့ ဆိုမယ်ဆိုရင် ဆိုနိုင်ပါတယ်
အဖေကဆင်နင်းခံရတာ
အဘိုးကတော့ စစ်အတွင်းကျည်သင့်ရာက အနာရင်းပြီးသေတာကိုး
အဖိုးကောအဖေကောက ဘဝတလျှောက်လုံးယုံကြည်ရာအတိုင်းပဲ ဖြတ်သန်းခဲ့ကြတာဆိုတော့ မိဘနဲ့ဇနီးမယားအပေါ် တာဝန်ကျေတယ်လို့တော့မယူဆနိုင်ဘူး
အဖေဒဲ့ပီဆိုရင် ဇနီးကိုနိုင်စားပုံလည်းရတယ်
ဒီဝဋ်တွေ ဆရာတွတ်ကပြန်ဆပ်ရပုံပဲ 😁
အဖိုးကောအဖေကော ဦးတွတ်ပီကော အရက် ဆေးလိပ် ကွမ်း ခုံမင်နှစ်ခြိုက်ခြင်းမရှိဘူး
.
.
ကြုံတိုင်းရွာရဲ့တည်နေရာ
.
ကြုံတိုင်းရွာက မြိုင်သာမြို့နယ်အတွင်းကဖြစ်ပြီး မြိုင်သာမြို့ကပြည်မြို့နဲ့နီးတယ်လို့ဆိုပါတယ်
.
အထက်ပါအချက်အလက်အားလုံးကတော့ အဖိုးပေါက်ပီနဲ့ အဖေဒဲ့ပီရဲ့ ဘဝမှတ်တမ်းကနေ ကောက်နှုတ်ထားတာဖြစ်လို့ ဆရာဆွေမင်း (ဓနုဖြူ) ရဲ့ အစောပိုင်းလက်ရာတွေနဲ့ အသက်မွေးဝမ်းကြောင်းအလုပ်အကိုင် ဘဝဖြတ်သန်းမှု အချို့ကွဲလွဲနိုင်ပေမယ့် အမည်တွေကိုတော့ အတည်ယူလို့ရနိုင်ပါတယ်
.
.
ဒါပေမယ့် ဒါကိုပဲ မုချမူသေအဖြစ်ကိုင်ထားလို့တော့ မဖြစ်ချေဘူးပေါ့
ဘာကြောင့်လည်းဆိုတော့ ဒါကိုသာအမှန်လို့ တရားသေမှတ်ယူလိုက်ရင် တချို့စာအုပ်တွေကိုပယ်ရမလိုဖြစ်နေတာမို့ပါ
.
.
.
ဆရာဆွေမင်း (ဓနုဖြူ) ရဲ့ အစောပိုင်းလက်ရာတွေထဲက ဘဘိုးတို့အကြောင်း
.
ရိုးရိုးတောသူတောင်သား မုဆိုးမျိုးရိုးကဆင်းသက်လာတယ်လို့ ဆရာဆွေမင်းက အစောပိုင်းစာအုပ်တွေမှာ တောက်လျှောက်ဆိုခဲ့တယ်
အဖေဒဲ့ပီကတော့ အင်္ဂလိပ်ခေတ်ကိုဖြတ်သန်းလာသူအားလျှော်စွာ စကားပြောရင် အင်္ဂလိပ်စကားလေးညှပ်ညှပ်ပြောတတ်တဲ့ဝသီရှိတယ်လို့ဆိုပေမယ့် အတန်းပညာအားဖြင့် တိတိကျကျဆိုမထားပါဘူး
အဘိုးပေါက်ပီနဲ့ အဖေဒဲ့ပီရဲ့ဘဝဇာတ်လမ်းထွက်လာချိန်မှာ တချို့အချက်တွေက ပယ်မှကိုဖြစ်မယ့်သဘောရောက်သွားတဲ့အထိ ထိုစာအုပ်တွေက ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့မို့ ပရိတ်သတ်တိုကြား လွှမ်းမိုးမှုအားကြီးခဲ့ပါတယ်
အစောပိုင်းစာအုပ်တွေမှာ အဖိုးအဖေတို့ကမုဆိုးစစ်စစ်ကြီးတွေဖြစ်ပေမယ့် အဆိုပါဘဝမှတ်တမ်းမှာတော့ အဖိုးက မုဆိုးကိုမဖြစ်လိုက်တာပါ
အဖေကလည်း ဘဝနှောင်းပိုင်းမှသာ မုဆိုးအလုပ်နဲ့အသက်မွေးဝမ်းပြုလာခဲ့တဲ့ ခေတ်ပညာတတ်တယောက်မဟုတ်လား
.
.
သံယောဇဉ်ဇာတ်လမ်းတပုဒ်'ဆိုတဲ့ စာအုပ်အဖွင့်မှာတော့ ဆရာဆွေမင်း (ဓနုဖြူ)က သူပင်တိုင်အသုံးပြုတဲ့ဇာတ်ကောင်တွေရဲ့ ကိုယ်ရေးအကျဉ်းကို ဖော်ပြထားတယ်
.
ဒီမှာဆရာတွတ်ရဲ့ကိုယ်အကျဉ်းကတော့
အသက်က ၄၅နှစ်ခန့်
မုဆိုးမျိုးရိုးကဆင်းသက်လာသူ
မြန်မာ့စိတ်နေစိတ်ထားလူမှုစရိုက်ကိုမြတ်နိုးသူ
ရိုးသားဖြောင့်မတ်သူ
အတည်ပေါက်လုပ်တတ်ပေမယ့် တလွဲတချော်ဖြစ်တတ်လို့ ဒီနေ့ကံမကောင်းပါလားဆိုတဲ့စကားကို အမြဲလက်ကိုင်ထားနေရသူတဲ့
.
.
.
ဒီမှာထပ်ဖြည့်ရရင်
ငယ်စဉ်ကရိုးရာလက်ဝှေ့အားစားသမား
စိတ်ထက်၍ဟောဟောဒိုင်းဒိုင်းလုပ်တတ်ပြောတတ်သော်လည်း ကြင်နာတတ်သူ
စာဖတ်သူ
နည်းနာခံယူတတ်သူ
မယားဆူပူသမျှခွန်းတုံ့မပြန်တတ်သူ
ကြွားကြွားဝါဝါပြုတတ်သူ
အသက်မွေးဝမ်းကြောင်းအလုပ်ကို ရွေးချယ်စရာမရှိလို့လုပ်နေရပေမယ့် သဘောကျလှခြင်းမရှိသည့်တိုင် ကမ္ဘာဦးအစကတည်းက လူသားတို့စတင်လုပ်ခဲ့အလုပ်မို့
မုဆိုးဖြစ်ရခြင်းအတွက် ရံခါမှာဂုဏ်ယူနေတတ်သူ
သူ့အသက်သတ်ရခြင်းလုပ်ငန်းဖြစ်ပေမယ့် တတ်နိုင်သမျှ မျှမျှတတဖြစ်လိုပြီ သားကောင်ကိုလည်းအခွင့်အရေးပေးလိုသူ
သက်မွေးအလုပ်နဲ့ဆန့်ကျင်စွာပဲ ပကတိနှလုံးသားက သနားကြင်နာတတ်သူ
ရံခါမှာ စာဖတ်သူတို့နားလည်ဖို့ခက်လောက်အောင် နှလုံးသားဆန္ဒအတိုင်းပြုမူလုပ်ဆောင်တတ်မှုကြောင့် အများနဲ့တယောက်ဆိုသလို ဖြစ်ဖြစ်နေတတ်သူ
သရဲတစ္ဆေကိုမယုံကြည်သူ
မကြောက်တတ်သူလို့ဆိုနိုင်သော်လည်း ရုတ်တရက်ထိတ်လန့်စရာများကြုံလာခဲ့ရင် လူသားအားလျှော်စွာလန့်တတ်သူ
ဒါက ဆရာဆွေမင်း (ဓနုဖြူ) ရေးဆွဲတဲ့ မြိုင်ရာဇာတွတ်ပီဆိုတဲ့ဇာတ်ကောင်ရဲ့ ကိုယ်ရေးအချက်အလက်နဲ့ စိတ်နေစိတ်ထားအပြည့်အစုံနီးပါးပါပဲ
.
.
ဝိဝါဒကွဲစရာအချို့
.
အသက်
.
အစောပိုင်းမှာ ၄၅ နှစ်ဝန်းကျင်လို့ဆိုထားပေမယ့် နောက်ပိုင်းတွေမှာ သူကြီးဘစီရဲ့ အတိုင်ပင်ခံတယောက်လို
သူကြီးနဲ့အတူ ရပ်ရွာအရေးတွေမှာ ဖြေရှင်းပေးတတ်သူအဖြစ်ရှိနေပြီး
ရွာသူရွာသားတို့ရဲ့အထူးတလည်အလေးထားခြင်းခံရတာကိုကြည့်ခြင်းအားဖြင့် အသက် ၅၀ ဝန်းကျင်ဖြစ်သင့်တယ်လို့ သဘောကျမိတယ်
တောင်တော်သခင်မဆိုတဲ့စာအုပ်မှာထင်တယ် သားကောင်ထမ်းလိုပြန်လာကြရင်း မောဟိုက်လာလို့နားကြရအောင်ပြောတော့ ဗိုက်ကလေးက ဘယ်လိုဖြစ်တာလဲဆရာတွတ်ရ အရင်ဒီခရီးလမ်းလောက်တော့ အေးဆေးဟုတ်တာလို့ပြောတော့ ငါလည်းငယ်မှမငယ်တော့ဘဲကွတဲ့
အသက်ကတော့ ထားပါတော့ ကြီးလာတတ်တဲ့သဘောရှိတာကိုး
.
.
စိတ်နေစိတ်ထား
.
အစောပိုင်းလက်ရာတွေမှာတော့ မုဆိုးဖြစ်သည့်အားလျှော်စွာ စိတ်မြန်လက်မြန်ရှိတတ်ပြီး စိတ်ထက်သူလို့ဆိုနိုင်ပေမယ့် နောက်ပိုင်းဇာတ်ကောင်ကတော့ ပိုပြီးရင့်ကျက်တည်ငြိမ်လာတယ် စဉ်းစားဆင်ခြင်မှုကို ပိုအလေးပေးလာတယ်လို့ဆိုရမယ်ထင်တယ်
.
.
.
ရှေ့ကောနောက်ကော မကွဲလွဲပဲတသဘောတည်းရှိတယ်လို့ဆိုရမယ့်အချက်တွေကတော့
.
.
ပုံပန်းသဏ္ဍာန်
။
မြန်မာလူမျိုးတို့စံအရဆိုရင် အရပ်အမောင်းကောင်းသူဖြစ်ပြီး ငယ်စဉ်ကတည်းက လက်ဝှေ့ထိုးခဲ့တာမို့ ခန္ဓာကိုယ်တောင့်တင်းခိုင်မာသူလို့ဆိုရမယ်
ဟောလီးဝုဒ်မင်းသား ယူဖရိုင်းနား (Yul Brynner) လို ဂတုံးပါလို့ ခဏခဏဆိုတတ်တော့ ဆရာဆွေမင်း (ဓနုဖြူ)ကိုယ်တိုင်က အဲ့ဒီမင်းသားကို နှစ်သက်ပုံလည်းရတယ်
ဒီတော့ဂတုံး
ဝမ်းဗိုက်အနည်းငယ်ပူပုံလည်းရတယ်
ဗိုက်ကလေးလောက်တော့မဆိုးဘူးပေါ့
.
.
ဝတ်စားဆင်ယင်မှု
။
ဦးထုတ်ဆောင်းပေမယ့် အင်မတန်သေးငယ်နေတယ်
နှာအနည်းငယ်ပွတယ်လို့လည်း အချို့စာအုပ်တွေမှာဆိုတယ်
အိင်္ကျီက လည်ကတုံးစွပ်ချ စပိုစ့်ရှပ်
နိုင်ငံခြားသွားအထူးအပိုင်းတွေကလွဲလို့ ပုဆိုးပဲဝတ်ပြီး ထူးခြားတာက အမြဲကတောင်းကျိုက်ထားတာပဲ
ပြီးတော့ တွတ်ပီဖိနပ်ရယ်လို့တောင် အမည်တွင်သည်အထိလွှမ်းမိုးမှုကြီးခဲ့တဲ့ တောစီးလည်ရှည်ဖိနပ်
.
.
.
လက်ဝှေ့အားကစားကိုနှစ်သက်တာ
မြန်မာ့စိတ်နေစိတ်ထားလူမှုစရိုက်ကိုမြတ်နိုးကျင့်သုံးတာ
သရဲတစ္ဆေကို အယုံအကြည်မရှိတာ
ကြွားဝါတတ်တာ
မသိနားမလည်တာတွေအတွက် ဆရာလေးကိုကြည်နိုင်တို့လို ဆိုင်ရာတတ်သိနားလည်သူတွေဆီကနေ လိုလိုချင်ချင်နည်းနာခံယူတတ်တာ
အတည်ပေါက်လုပ်တတ်ပေမယ့် တလွဲတချော်ဖြစ်တတ်လို့ ဒီနေ့ကံမကောင်းပါလားဆိုတဲ့စကားကို အမြဲလက်ကိုင်ထားနေရတာ
စာနာမှုကိုအခြေခံလို့ နှလုံးသားကတောင်းဆိုသည့်အတိုင်း မှန်သည်လုပ်သင့်သည်လို့ယုံကြည်ရာအတွက်ဆိုရင် အများနဲ့တယောက်ဖြစ်သွားပါစေ ယုံကြည်တဲ့အတိုင်းပဲ ပြုမူလုပ်ဆောင်တတ်တာ
ဒါတွေကတော့ ရှေ့မူကောနောက်မူမှာပါ လုံးဝမပြောင်းလဲတဲ့ ဦးတွတ်ပီရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ပုံပန်းသဏ္ဍာန်ဟန်ပန်ပဲ စိတ်နေစိတ်ထားတွေပါ
.
.
နောက်ဆုံးအနေနဲ့
ဦးတွတ်ပီရဲ့ ဘဝဇာတ်လမ်းကိုဖတ်ရှုပြီး အသိပညာဗဟုသုတရစရာများစွာထဲက
စိတ်ဝင်စားစရာတခုကိုဆွဲထုတ်လို့ ဒီဆောင်းပါးလေးကို ရပ်နားပါရစေ
.
.
ဘာလဲဆိုတော့ ဆရာတွတ်က ကြင်နာတတ်သူဖြစ်ပေမယ့် သူလုံးဝမနှစ်သက်တဲ့ မလုပ်လိုတဲ့ မုဆိုးတယောက်အဖြစ် ဘာကြောင့်အသက်မွေးရလဲဆိုတာပါပဲ
အကြောင်းတရားကို ပြောပြရင်အနည်းငယ်ထူးဆန်းနေမယ်ထင်တယ်
အမုန်းတရားကြောင့်ဗျ
ဖခင်ကိုနင်းခြေသတ်သွားတဲ့ဆင်ကြီးကို ဂလဲ့စားချေလိုတဲ့အမုန်းတရားကြောင့် ဒီမုဆိုးအလုပ်ကို သက်မွေးအလုပ်အဖြစ် မရည်ရွယ်ဘဲရွေးချယ်မိလျှက်သားဖြစ်သွားတာ
.
.
ဆရာတွတ်ရဲ့ဘဝဇာတ်လမ်းကိုတွေးမိလေတိုင်း ကိုယ်တော့ဖြင့်ဒီသဘောဖြစ်ရပ်လေးက အမြဲဆိုသလိုလို တရစ်ဝဲဝဲတွေးနေမိစေတယ်
အမုန်းတရားက ကိုယ့်ရဲ့ပကတိနှလုံးသားနဲ့ဆန့်ကျင်တဲ့လမ်းတခုဆီကိုခေါ်ဆောင်သွားတတ်ပြီး သိမြင်ချိန်မှာ ပြင်ဆင်နိုင်ခွင့်မရှိဘဲ ကိုယ်နဲ့တသားတည်းလိုဖြစ်ပြီး လက်ခံလိုက်ရတာမျိုးရှိတတ်တာပါလားလို့ပေါ့
။
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:
Post a Comment