●ဆိပ်ဖလူးပန်း
....................
တနေ့က အိမ်ဘေးက ကလေးလေးဆီမှာ ဒီပန်းလေးတွေကို တွေ့ရတယ်။ ဘုန်းကြီးကျောင်းက ကောက်လာပေးတာတဲ့။ ကျမတို့ ငယ်ငယ်ကဆို ဒီပန်းတွေကို ဆိတ်ဘီလူးပန်းလို့ နူတ်ထွက်ခေါ်ခဲ့တာ။ ခုမှ အဲ့လိုမဟုတ်ဘူး ဆိပ်ဖလူးပန်းလို့ သိရတယ်။ အရွက်အရင်းမှ ပြားဝိုင်းပြီး စိမ်းဖန့်ဖန့်လေးမှာ အနားအချွန်လိုင်းတွန့်လေးနဲ့ တောင့်တောင့်လေးရှိတဲ့အရွက်ပါ။ အပင်က အကိုင်းအခွ အကောက်အကွေ့နည်းပြီး အရိုးဖြောင့်ကိုင်းသာ အများစု တွေ့ရပါတယ်။ အပင်အလတ်မျိုးစားဖြစ်မယ်ထင်ပါတယ် ပင်စည်ကြီး အပင်ကြီးတွေမျိုး မတွေ့ဘူးပါဘူး။
ပန်းပွင့်ဖတ်ဖြူဖြူလေးနဲ့ အရိုးလိမ်မော်နီရောင်တို့က လိုက်ဖက်ပြီး ချစ်စရာကောင်းတဲ့ပန်းကလေးပါ။ ရနံ့လေးက ယဥ်ပြီးသင်းပျံ့စွာ မွှေးလွန်းတဲ့ပန်းကလေးလည်းဖြစ်တယ်။ ဖတ်ပြီးမှတ်မိနေတယ် ဆိပ်ဖလူးပန်းပွင့်လေးတွေက ကြွေကျမလာတဲ့ ကြယ်လေးတွေကို ငေးနေတာမျိုးဆိုပြီး ချစ်စရာကောင်းအောင် တင်စားရေးထားတာကို ပြီးတော့ ဒဏ္ဍာရီလေးတွေ ရှိတဲ့ပန်းကလေးတဲ့။
ပန်းပွင့်လေးတွေကို ပွင့်ဖတ်ဖက်ကနေ အရိုးဖက်ဆီ အပ်ထိုးသီပြီး မိန်းကလေးတွေ ခေါင်းပေါ်မှာတင် မြတ်မြတ်နိုးနိုး ပန်ဆင်ခဲ့ဖူး ကြတယ်။ ခေါင်းအပေါ်တင် ဝိုက်ကုံးပန်တာမျိုး နောက်ကျောဘက်က ဆံနွယ်တွေမှာ ပန်းကုံးလေးတွဲလျက်ချပန်တာမျိုးပန်ဆင်ခဲ့ကြတယ်။
ခုတော့ ဒီအပင်တွေ ရွာထဲမှာ ရှားသွားပြီ။ ငယ်ငယ်က ကျမတို့ သွားကောက်ဖူးတဲ့ အိမ်တွေမှာ ဒီပန်းပင်တွေ မရှိတော့ဘူး။ဆိတ်ဘီလူးပန်းဆိုတဲ့ နာမည်အခေါ်အဝေါ်ကြောင့်လည်း ဖြစ်မယ် ထင်ပါတယ်။ ကျမတို့ ကျေးလက်တောရွာတွေမှာ နာမည်က အတိတ်နိမိတ်မကောင်းဘူးဆိုပြီး ဟိုအပင်မစိုက်ရ ဒီအပင်မစိုက်ရ အစွဲရှိအယူသီးကြတယ်။
ဆိပ်ဖလူးပန်းကလေးတွေက သြဂုတ်လနဲ့ ဒီဇင်ဘာလကြားမှာ ပွင့်တတ်ကြတယ်တဲ့။ ငယ်ငယ်က ဆောင်းရာသီမှာ မက်မက်စက်စက် ကျမတို့ ကောက်ခဲ့ကြတဲ့ပန်းကလေးပေါ့။ အပင်တွေက အနီးနားက အိမ်သုံးအိမ်မှာ ရှိခဲ့ဘူးတယ်။ အဲ့အထဲမှာ မနက်ဆို အစောကြီးထပြီး အနီးဆုံးကနှစ်အိမ်သွားကောက်ခဲ့ဖူးတယ်။ ပန်းကောက်ဖို့တော့ ကျမတို့ ကလေးတွေအရမ်းဝီရိယကောင်းကြတယ်။ မနက်ဘုန်းကြီးကျောင်းက တုံးမောင်းခေါက်သံ နားထောင်ပြီး ထသွားကြတယ်။ အဲ့ဒီတုန်းက တိုင်ကပ်နာရီဆိုတာ ကျမတို့ ကျေးလက်တောရွာတွေမှာ မရှိသလောက်ရှားပါတယ်။
အမေတို့ ထမင်းချက် ထချိန်ပေါ့။ တောသူတောင်သားတွေမို့ မနက်လင်းတောသွားရအောင် ထမင်းစောစောထချက်ကြရတယ်။
ဘုရားပွဲကျောင်းပွဲ ရှိရင် ပန်းကောက်သူပေါလို့ သွားတာနောက်ကျ သွားရင် ပန်းမရတတ်ပါဘူး။ ညီမနှစ်ယောက် သွားတာရှိသလို တခါလေ တစ်ယောက်ထဲလည်း သွားတတ်ကြတယ်။ ပန်းပင်ရောက်မှ အဖော်တွေ့တာရှိသလို မရှိရင်လည်း တစ်ယောက်ထဲ မကောက်ရဲ့လို့ ပြန်လာရတာလည်းရှိတယ်။ ပန်းပင်ရောက်လို့ အဖော်လေးငါးယောက် ဆိုလည်း အတူတူပန်းပင်လှုပ်ပြီး အတူတူကောက် ခွဲယူကြတယ်။ မနက်အစောကြီးဆိုတော့ ပန်းတွေမကြွေကြသေးဘူး
လှုပ်မှကြွေကျကြတယ်။
ကျမတို့ ရွာမှာကကြံ့လို့ခေါ်တဲ့ အသီးအနှံထားဖို့ သပ်သပ်ဆောက်တဲ့ အဆောက်အဦးပေါ့ အဲ့အိမ်ခေါင်မိုးကို ထိနေတဲ့ပန်းပင်ကို သွားကောက်တာများတယ် အနီးဆုံးအိမ်မို့။ အဲ့အိမ်ထဲမှာ အဖိုးအဖွားစုံတွဲအိပ်ကြတယ်ထင်ပ။ လသာသာရက်များသာ ပန်းကောက်ဖြစ်တာများတယ်။ ကလေးဆိုတော့လည်း ညမှာ ဟိုသည်တပွင့်စီ လရဲ့အရောင် စီးဖြန်းကျနေတဲ့ ဖွေးဖွေးလှုပ်ပွင့်နေပုံ ရနံ့အဆင်းအနှစ်ရသတွေကို ခံစားကြည့်ရှု့မနေမိပါဘူး။ ပန်းပွင့်ရချင်ဇောပဲရှိတယ်။
ကျမတို့ ပန်းကောက်ထွက်ဖို့ရာ အမေ့မီးဖိုချောင်ကို ချောင်းရပါတယ်။ အမေလစ်ပြီဆိုမှ လှစ်ကနဲ့ဝင်းတံခါးပေါက်ဆီ ပြေးပါတယ်။ အစောကြီးဆိုတော့ ပန်းကောက်သွားဖို့ရာ အမေက မလွတ်ချင်ပါဘူး။ မသိအောင်သွားတာဆိုတော့ တံခါးကဖွင့်မထားပါဘူး ဖွင့်လည်းမခိုင်းရဲဘူး။ ငုံ့လျိုးပေါက်ရှိရာ ရှာတိုးပြီး ထွက်ပါတယ်။ အဲ့အချိန်ခတ်ကာလက ကျမတို့ကျေးလက်တောရွာ တံခါးတွေက ဟိုဘက်သည်ဘက် ဆူးတွေကပ်ချည်ထားတဲ့ တံခါးမျိုးပါ ကိုယ့်တောကိုယ့်တောင်က ပင်စည်ကြီးကြီး မြင့်မြင့် ဖြောင့်ဖြောင့် သစ်တစ်ပင်ခုတ်ပြီး အကွက်ကြကြ အထက်အောက် အပေါက်ဖောက် ထားတယ်။ အဲ့ဒီအပေါက်တွေမှာ တောင်ပေါ်မျှစ်ချိုးရတဲ့ဝါးရုံပင်က အကိုင်းဖြောင့်အရိုးတုတ်တွေကို အထက်အောက်ထိုး ဘေးတိုက်တန်း အကွက်ချပြီး ထန်းလက်လျှော်နဲ့ချည်ထားတဲ့ တံခါးမျိုးပါ။ တဖက်တချက်မှာ ကလောင်ဆူး ရှားဆူး ဇီးဆူးတွေကို ထူထူကပ်ချည် ထားခြင်းဖြစ်ပါတယ်။
ဝင်းထရံကလည်း ဝါးရုံပင်က ဝါးချောင်းတွေကို ယက်လုပ်ထားခြင်း ဖြစ်ပါတယ်။ တံခါးကအသစ်စက်စက် လုပ်ထားတာမကြာသေးဘူးဆို ကြောင် ကြက်တောင် မတိုးသာပါဘူး။ ကြာပြီဆိုရင်တော့ ဆူးကိုင်းတွေ ခြောက်ပြီးတိုးရ လွယ်ပါတယ်။ တခါလေတော့ အမေမသိအောင် ကြုံတဲ့အခါ အဖေ့တံခါးဖွင့်ပေးခိုင်းပါတယ်။ မကြုံရင်တော့ ခွေးတိုးပေါက်လို့ ခေါ်တတ်တဲ့ လျိုပေါက် မလွယ် ပေါက်ကတိုးတတ်ပါတယ်။ ပထမကိုယ့်ကိုယ်လုံးနဲ့ဝင်ဆံ့မဲ့ အကွက်ကို လိုက်ရှာပါတယ်။ အောက်တန်းကျော်ပြီးအကွက်တွေ့ရင်လည်း ကျော်ပြီးတိုးပါတယ်။ အောက်ဆုံးတန်းမှာ အကွက်တွေ့ရင်လည်း မြေကြီးမှာ ပြားပြားဝပ်ပြီးတိုးထွက်ပါတယ်။ အိပ်ယာကတန်းထွက် လာတာဆိုတော့ ထိုးထိုးထောင်ထောင်ဆံပင်နဲ့ ဆူးနဲ့ညှိတဲ့အခါညှိ ဝတ်ထားတဲ့အိင်ကျီ ဆူးက ဆွဲလိုဆွဲ နာနာကြင်ကြင်စုတ်စုတ်ပြဲပြဲ ပန်းကောက်ရဖို့အရေး တိုးထွက်တာပါပဲ။
ပန်းပင်အောက် ပန်းကောက်သူအုပ်စု ကျမတို့ရောက်လာရင်ဖြင့် တိတ်ဆိတ်နေတဲ့ မနက်အစောကြီးမှာ အပင်ရဲ့ အကိုင်းစေ့ တစ်ယောက်တစ်ကိုင်း ဆွဲလှုပ်ကြတာပေါ့။ ပင်စည်ကိုတော့ တစ်ယောက်ကလှုပ်တယ်။ ပန်းပင်လှုပ်တဲ့အခါလည်း အိမ်ရှင်တွေ နိုးပြီး ဆူမှာစိုးလို့ တစ်ချက်လောက် ခပ်ပြင်ပြင်း လှုပ်ပြီး ခဏရပ်ကြတယ်။ အိမ်ရှင်မနိုးဘူးဆို ဆက်တိုက်လှုပ်ကြတယ်။ အပင်က အတော်အသင့်တော့ကြီးတယ် ပင်မလေးငါးကိုင်းပါမယ်။ ကိုင်းအဖျား အရင်း အခက်အလက် ပင်စည် တစ်ယောက်တလက် ဝိုင်းလှုပ်ကြတာပေါ့။ အပွင့်တွေလည်း တဖွဲဖွဲကြွေပေါ့။ ကြံ့အမိုးသွပ်နဲ့ပန်းကိုင်းတွေရဲ့ ထိသံ ခိုက်သံ ပွတ်ရှသံကလည်း တိတ်ဆိတ်ချိန်ဆိုတော့ တရှောရှော တရှဲရှဲ တကျွတ်ကျွတ် တကျွီကျွီ အရှိန်းပြင်းလျင်တဝုန်းဝုန်းပေါ့။
အဖိုးအဖွားတို့လည်း မနိုးချင်မှ ဘယ်နေမလည်း ဒီအသံတွေက ။ အဖိုးကမပြောပေမဲ့ အဖွားကြီးကတော့ ထအော်တော့တာပဲ။ ဟဲ့ကလေးတွေ စောစောစီးစီးအေ အသာလှုပ်ကြပါ့အေ..လို့ အိမ်ထဲကလှမ်းအော် တယ်။ တခြားမထသေးတဲ့အနီးအနားက အိမ်တွေလည်း အိပ်ပျက်မှာစိုးလို့ထင်တယ်။ အဖွားအော်လိုက်တာနဲ့တပြိုင်နက် လှုပ်ရမ်းနေတဲ့အကိုင်းတွေကို တန့်ကနဲ့ရပ်အောင် ထိန်းကိုင်လိုက်ကြပါတယ်။ လုပ်နေကြဆိုတော့ အထာလည်းသိနေပြီ အသံလုံးဝရပ် သွားပြီ။ လူအသံကတော့ အပင်အောက်ရောက်ကတည်းကတိုးတိုး တိုးတိုးနဲ့ အသံမကျယ်အောင် ပြောကြပါတယ်။ လှုပ်တာခဏရပ်ပြီး အပွင့်ကြွေလေးတွေကို ကောက်ကြတယ်။
ပန်းလိုသလောက်မရသေးရင် အကုန်မကြွေသေးရင် ထပ်လှုပ်ကြဖို့ အဖွားအသံ ပြန်နားစွံ့ကြပြီး အပင်အောက်မှာ အရမ်းအေးတဲ့ရာသီ ဆိုတော့ ပုဆစ်တုပ်ကျစ်ထုတ်လုံးနေအောင် သုံးနာမ်စပ်ဖျင်ထဘီနဲ့ ခြုံလုံပြီး ခဏထိုင်စောင့်ကြတယ်။ အဖွားပြန်အိပ်လောက်ပြီထင် ပြန်လှုပ်ကြတယ်။ အဖွားပြန်အိပ်ပျော်လား မပျော်လားမသိဘူး ကျမတို့လည်း ကျေနပ်လောက်အောင်ရမှ ပြန်ကြတယ်။ ကလေးသဘာဝ ကိုယ့်တကိုယ်စာ ပန်လောက်တာ မလောက်တာမတွေးဘူး ရသလောက်ကောက်ယူကြတယ်။ ပန်းသီပြီးပြီဆိုရင်ဖြင့် ကိုယ့်အတွက် တစ်ကုံးယူပြီး ကျန်တာတွေတခြားသူတွေကို ပေးပန်တတ်ကြပါတယ်။ တခါလေ ကျမတို့ပန်းကောက်အပြီး အဖွားလည်းအနားရောက်လာပြီး ပန်းက ရကြရဲ့လား ညည်းတို့ကဘယ်သူတွေတုန်းလို့ လာမေးစကားပြော တတ်ပါတယ်။ကျမတို့ ရောက်မလာတာကြာပြီဆိုရင်လည်း ပန်းကောက် မလာကြပဲလို့ မေးတတ်ပါတယ်။
ဆိပ်ဖလူးပန်းကို အဲ့ချိန်က ကျမတို့ကလေးတွေ အဲ့ပုံစံနဲ့ မက်မက်စက်စက်ကောက်ခဲ့ကြပါတယ်။ ခုချိန်တော့ တစ်ပင်တလေ တော့ရှိအုံးမယ် အရင်ကလိုအများကြီးတော့မရှိတော့ဘူး။ ခုရောကလေးတွေ အဲဒီလိုပန်းကို မြတ်မြတ်နိုးနိုးချစ်ကြအုံးမယ်လို့ ထင်ပါတယ်။ တခါတခါ ကလေးတွေခေါင်းမှာ ပန်းကလေးတွေ မြင်မိရင် သဘောကျမိတယ်။
ဆိပ်ဖလူးပန်းကလေးတွေက လူတွေနဲ့အနီးစပ်ဆုံး ပန်းကလေးတွေ မဟုတ်ကြဘူး။ ဇွန်၊ စံပါယ်၊ နှင်းဆီ၊ ခရေ အဲဒီပန်းတွေက ရပ်ကြီးမှာ ရော ကျေးလက်တွေမှာရော မြင်ရလွယ် တွေ့ရလွယ်တယ်။ ဆိပ်ဖလူး ပန်းလေးတွေကိုတော့ အညာ ကျေးလက်တွေမှာပဲတွေ့ဘူးတယ်။ အညာမြို့ဖြစ်တဲ့ မုံရွာမှာတောင် မတွေ့ဘူးပါဘူး။ တခုတ်တရလုပ်ပြီး
စာတွေကဗျာတွေထဲမှာရော ဒီပန်းလေးကို ထဲ့ဆိုတာ စပ်ဆိုတာမျိုး မဖတ်ဖူးပါဘူး။ ရွှေနဲ့လည်းမခိုင်းနှိုင်းထားဘူး တော်ဝင်တဲ့ပန်းလည်း မဟုတ်ဘူး။ ဒါပေမဲ့ ဒီပန်းလေးက နွမ်းသွားရင်တောင် အစွမ်းကုန် ရနံသင်းပျံ့ပေးပြီး ကျမတို့နှလုံးသားတွေကို ချိုမြိန်စေတယ်။ ကျမတို့ အညာကျေးလက်တောရွာတွေမှာ မိန်းကလေးတွေ မြတ်မြတ်နိုးနိုး ပန်ဆင်ကြသေးတယ်။
ပန်းတွေက အဆင်းရော ရနံ့ရောပေးပြီး ကျမတို့နှလုံးသားတွေကို လှပစေတယ် ကြံ့ခိုင်စေတယ် ကျန်းမာစေတယ် အသစ်သစ်တွေ ရှင်သန်စေတယ် အဟာရတွေဖြည့်တင်းပေးတယ်။ ပန်းတွေနဲ့ ထိတွေ့နေရတဲ့ အခိုက်ဟာ စိတ်ရဲ့အညစ်အကြေးတွေကို သန့်စင်စေပြီး စိတ်ကိုနူးညံ့ကြည်နူးမှုရစေပါတယ်။ အမျိုးသားတွေလည်း အပွင့်မခူးတောင်မှ ပန်းပင်ပျိုးတတ်ကြတဲ့သူတွေရှိပါတယ်။ ဒါကလည်း နှလုံးသားလှခြင်းတစ်မျိုးပါပဲ။ ရနံ့မရှိခဲ့ရင်တောင်မှ အဆင်းနဲ့ လောကပတ်ဝန်းကို အလှဆင်ပေးကြတဲ့ ပန်းတွေကိုမြတ်နိုး ယုယတတ်ကြပြီ။ ကျမတို့ အရွယ်သုံးပါးမရွေး ပန်းတွေနဲ့ ထိတွေ့နေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကျမတို့ ပန်းတွေနဲ့ မကြာမကြာ ထိတွေ့ပြီး အဟာရဖြည့်တင်းပေးရပါလိမ့်မယ်။
.............................................................................
ဆိပ်ဖလူးပန်းကလေးတွေက သြဂုတ်နဲ့ဒီဇင်ဘာကြားမှာ ပွင့်ကြပါတယ်။ (23/10/23)မှာစတွေ့ပြီး ဓာတ်ပုံရိုက်ယူ ထားတယ်။ နောက်များမှ ပန်းပွင့်လေးတွေကြည့်ပြီး ငယ်ငယ်က မက်မက်စက်ကောက်ခဲ့ရတဲ့ပန်းလို့ သတိတရစာရေးမိလိုက်တာ။ ငယ်ကအေးချမ်းမှုလေးကို ခံစားမျှဝေပြီးအဟာရဖြည့်တင်း ပေးခြင်းပါ။ နိုဝင်ဘာလကုန်မှာစရေးတာ စိတ်ပါလက်ပါရှိတဲ့အချိန်မှ အပြီးသတ်ရေးလိုက်တာ (10/12/23) ဒီဇင်ဘာလဘက်
ရောက်လာပြီ ဆိပ်ဖလူးပန်းတွေကတော့ ပန်းပွင့်ရာသီကုန်ပြီ ထင်ပါရဲ့ မတွေ့မိတော့ဘူး။ ပန်းကလေးနဲ့တွေ့ဖို့ရာ နောက်လာမဲ့နှစ် ပြန်စောင့်ရဦးမယ်ပေါ့...
# (ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်း ဘေးကင်းကြပါစေ)
ဝင်းဝင်းစီ
- 10:38PM - sun

No comments:
Post a Comment