သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Saturday, October 25, 2025

Archana 31 Not Out (2022)

 


Archana 31 Not Out (2022)
https://t.me/kolayinde1/338?single

ဇာတ်ကားလေးကရိုးပါတယ်

အသက် ၃၀ ကျော်လာတဲ့အထိ ဘဝလက်တွဲဖော်မရှာနိုင်သေးတဲ့
အပျိုကြီးမမအကြောင်းပါ

ကိုယ်နိုင်ငံလိုဆိုရင်တော့ အကြောင်းမဟုတ်ပေမယ့်
သူတို့လူမှုအဖွဲ့အစည်းမှာက ဒါကအင်မတန်ကြီးမားတဲ့ပြဿနာပါ

သူမက ၃၁ ဆိုတဲ့ဂဏန်းနဲ့ အကျိုးပေးတယ်
ငယ်ငယ်က ကစားပွဲတခုအနိုင်ရရာမှာလည်း ဒီဂဏန်းနဲ့အတူပေါ့

ဟော... အိမ်ထောင်ဖက်ရှာပြန်တော့
ရှေ့အယောက် ၃၀ က အကြောင်းကြောင်းကြောင့်ပျက်ပြယ်ခဲ့ရပြီး
ခုတကြိမ် ၃၁ ခုမြောက်ချိတ်ဆက်မှုမှာ အဆင်တပြေနဲ့
မင်္ဂလာပွဲကျင်းပသည်အထိ ခရီးရောက်လာတယ်

ဒါပေမယ့်လေ သကောင့်သားက 
မင်္ဂလာဆောင်မယ့်ရက်မှာဘဲ အခြားသူနဲ့ထွက်ပြေးသွားပါလေရော

ဒီအပေါ်မှာဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက် တုံ့ပြန်မှုတွေကိုအခြေတည်လို့
ဒါရိုက်တာ အာကေ အန်နယ်ကူးမားရ် (Akhil Anilkumar) 
ဇာတ်ဆောင်မင်းသမီး အက်ရှ်ဝါရီယာ လပ်ချ်မီး (Aishwarya Lekshmi)
တို့က စီးမျောပုံဖော်ထားတာဗျ

ထားပါတော့
ပြောလိုတာက သဘောကျမိတာက
ဒီဇာတ်ကားရဲ့ ဘုရားသခင်ကိုဖွင့်ဆိုမှု ပြသမှုပါ

အင်မတန်မှလည်း စိတ်ဝင်စားစရာကောင်းသလို
တွေးဆခံစားကြည့်ရာမှာလည်း နှစ်သက်သဘောကျမိတယ်

ဘုရားသခင်က လူယောင်ဖန်ဆင်းလို့ 
သူမရဲ့မင်္ဂလာပွဲကို တက်ရောက်လာတယ်

ဒါပေမယ့် ဘယ်သူမှတကူးတကဖိတ်မထားတော့ အိမ်ပြင်မှာငူငူကြီးရပ်လို့ပေါ့

သူမကတွေ့လို့ ခေါ်ပြီး အစာကျွေးဖို့အလုပ် အိမ်ထောင်ဖက်ရဲ့သတင်းကိုကြားမိရင်း
စိတ်အာရုံထွေပြားပြီး ဆောက်တည်ရာမဲ့လို့ ထင်ရာမြင်ရာတွေးကြံဆရင်း
ညလယ်ရောက်လို့ အိမ်ပြင်ပြန်ထွက်ကြည့်မှ 
သူမထားခဲ့ရာမှာ ဘုရားသခင်ကငုတ်တုတ်

အစာအသောက်တွေ ဘေးမှာရှိပါလျှက် ထည့်လည်းမစား တောင်းဆိုမှုလည်းမပြု
ခုထိစောင့်နေပါပကောလို့ အသိစိတ်နဲ့ သူမထည့်ပေးမှ စားတယ်

ကျွေးနေရင်းနဲ့ ဘဝရဲ့လတ်တလောဒုက္ခတွေကို ရေရင်းရွတ်ရင်း
ပြောရင်းဆိုရင်း ဘယ်လိုလုပ်ရမလဲ မေးမြန်းပေမယ့် 
ကြားဟန်မပြု နားထိုင်းသဖွယ်
စကားလည်းပြန်မဆို "သူအ"တယောက်လို

နောက်ဆုံး ပြုခြင်းအကြောင်းကိုမှီလို့ အကျိုးဆက်တွေကို စိတ်ကူးစေစားရင်းနဲ့မှ
သူမကိုယ်တိုင် ဘဝင်ကျတဲ့အဖြေတခုရသွားတယ် 

ဒီအထိလည်း နှုတ်မြွက်မဆို အေးအေးချမ်းချမ်းငြိမ်ငြိမ်သက်သက် 
နံဘေးမှာရပ်လို့ တည်လို့ ငြိမ်လို့ 

ဒီတော့မှ အိမ်ကဘုရားစင်ကိုသွားသတိရမိတော့တယ်

ကျွန်တော်တို့က ကိုယ့်အပူသောက ဒုက္ခတွေကြုံလာတိုင်း
ဘုရားစင်ရှေ့ရောက် နားပူနားဆာလုပ်ရင်း တိုင်တည်ကြတယ်

အဆင်ပြေသွားပါစေကြောင်း မြတ်ဘုရားရဲ့ အကျင့်နဲ့သိက္ခာကိုတိုင်တည်လို့
ရေ ဆွမ်း ပန်းနံ့သာ သစ်သီးဝလံတို့ကို ဆက်ကပ်လို့ တနည်းအဖိုးအခပေးလို့
ကိုယ်စားဖြေရှင်းခိုင်းသလို ပြုမူတတ်ကြတယ် လုပ်ဆောင်တတ်ကြတယ်

စကားအသုံးအနှုံးပြင်းထန်ကောင်း ပြင်းထန်နိုင်ပေမယ့် အမှတ်တကယ်လည်း 
ဒီအတိုင်းပါပဲမို့ ဒီအတိုင်းဘဲ သုံးသင့်တယ်ထင်တယ်

ဘာကြောင့်လည်းဆိုတော့ အဆင်ပြေနေချိန်တွေမှာ 
မြတ်ဘုရားကိုအာရုံထား ဂါဝရပြုတာမျိုးလုပ်ကောင်းလုပ်ဖြစ်ပေမယ့် 
ဒီအချိန်လောက် လေးလေးနက်နက် တလေးတစားရှိနိုင်ခဲတာကိုး

ဒီအခိုက်မှာ ပကတိစိတ်တည်ငြိမ်လို့ ကိုယ့်ဒုက္ခကို တွေးတောဆင်ခြင်ရင်း
ပြဿနာရဲ့မူလဇစ်မြစ်ကို ဝေဖန်သုံးသပ်နိုင်သူ အနည်းအကျဥ်းကသာ
မှန်ကန်ကောင်းမွန်စွာ ဖြေရှင်းအနိုင်ယူနိုင်ကြတာပါ

အများစုကတော့ ကယ်လိမ့်နိုးနိုးမျှော်ကိုးရင်း ပြဿနာထဲ နစ်မြှပ်သွားကြတယ်

ဒါကိုက မြတ်ဗုဒ္ဓရဲ့ဟောကြားဆုံးမမှုနဲ့ကိုက်ညီနေတယ်
"အတ္တဟိ အတ္တတော နာထော" တဲ့

ပြင်ပအကြောင်းအရာတွေက အထောက်အပံ့အားဖြင့် အကျိုးပြုကောင်းပြုနိုင်ပေမယ့်
မိမိရဲ့ကောင်းခြင်းဆိုးခြင်း ကိစ္စအဝဝက မိမိနဲ့သာသက်ဆိုင်ပြီး
ရင်ဆိုင်ဖြေရှင်းရင်းနဲ့မှ မိမိရဲ့ အသိဉာဏ်ပညာစွမ်ရည် တိုးတက်လာမှာမဟုတ်လား

#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ



No comments:

သန်းထွန်းလေး (အင်းတဲရွာ)

Archana 31 Not Out (2022)

  Archana 31 Not Out (2022) https://t.me/kolayinde1/338?single ဇာတ်ကားလေးကရိုးပါတယ် အသက် ၃၀ ကျော်လာတဲ့အထိ ဘဝလက်တွဲဖော်မရှာနိုင်သေးတဲ့ အပျိုက...