ဆရာဆွေမင်း (ဓနုဖြူ) ရဲ့ဇာတ်လမ်းတွေမှာ ဇာတ်ကောင်တွေနည်းတူ နောက်ထပ်အရေးပါတာက ပတ်ဝန်းကျင်မှာရှိသူတို့ရဲ့ ကိုယ့်အမြင်ကိုယ့်ခံစားချက်နဲ့ ခွန်းတုံ့စကားလေးတွေပါ
ဒီစကားကိုပြောသူက
အိမ်မွေးတိရစ္ဆာန်လေးတွေဖြစ်ချင်ဖြစ်မယ်
တောရိုင်းသတ္တဝါတွေဖြစ်ချင်ဖြစ်မယ်
ဖွတ်တကောင်ဖြစ်ချင်ဖြစ်မယ်
မြွေတကောင်ဖြစ်ချင်ဖြစ်မယ်
ယုတ်စွအဆုံး သက်မဲ့ဘောလုံးတလုံး သစ်ရွက်တရွက်လည်းဖြစ်နေနိုင်ပါတယ်
ဥပမာဆိုပါစို့ တွတ်တို့ရဲ့မာယာဆိုတဲ့စာအုပ်မှာဆိုရင်
ဘုန်းကြီးပျံအတွက် ကြုံတိုင်းနဲ့ထုံထိုင်း နှစ်ရွာချိန်းပြီးဘောလုံးကန်ကြတာကိုး
ဒီမှာရှုံ့တွတွမျက်နှာပေးနဲ့ဘောလုံးလေးရဲ့ပြောစကားက
"ဘုရားဘုရား
ဒီနေ့ငါရေရေလည်လည်အကန်ခံရမယ့်နေ့ပါလားနော်"တဲ့
ဘောလုံးလေးရဲ့နေရာကနေခံစားလို့ သူ့စိတ်မှာဖြစ်တည်နေနိုင်တာ တွေးနေနိုင်တာကို ကိုယ်စားရင်ဖွင့်ထားတာ ခွန်းတုံ့စကားဆိုထားတာလေးက သိပ်လှတယ်
ဒီလိုပတ်ဝန်းကျင်ရဲ့အမြင်တွေက
ဇာတ်ကိုကြွလာစေရုံသက်သက်မဟုတ်ဘဲ
ကိုယ်ချင်းစာနာ ခံစားနားလည်တတ်လာစေပါတယ်
ကြုံတိုင်းနယ်မှကျားသောင်းကြမ်းဆိုတဲ့စာအုပ်မှာဆိုရင် ကျားရန်ကြောင့် လူတွေအပြင်မထွက်ရဲကြဘဲ အိမ်မွေးတိရစ္ဆာန်လေးတွေသတ်စားနေကြရတာကိုး
ဒီတော့ သူတို့နေရာကနေပြောထားတာ အသက်လည်းပါသလို စိုးပိုင်သူတို့ရဲ့အတ္တနဲ့ မတုံပြန်နိုင်တဲ့ အားနည်းသူတို့ရဲ့ လည်စင်ခံရပုံကလည်း ကရုဏာသက်စရာ ရင်နင့်စရာ
"သူတို့ကကျားကြောက်တယ်
ငါတို့ကသူတို့ကိုပြန်ကြောက်နေရပြီ"တဲ့
ပြောရရင် ဆရာ့စာအုပ်တွေက ချက်ကစားသလိုပဲ
အရုပ်ရေးခြစ်ရာမှာသာမက ခံစားမှု အကြောင်းအရာတရပ်ကိုရှုမြင်ပုံတွေကပါ ရှု့ထောင့်အစုံ မြင်ကွင်းအစုံပြထားတာ
တခါတခါများ အရုပ်ပြထားတာ ပြောနေသူမပါဘူး
သွေးစက်လေးကိုပြချင်ပြမယ်
လက်ညှိုးလေးတချောင်း ချီးပုံအတွင်းထိုးစိုက်နေဟန်ဖြစ်ချင်ဖြစ်မယ်
အရိပ်မဲနှစ်ခု လမ်းလျှောက်နေတာကို အဝေးကလှမ်းမြင်ရပုံမျိုးဖြစ်ချင်ဖြစ်မယ်
ဒီလိုမြင်ကွင်းအနီးအဝေးနဲ့ ပတ်ဝန်းကျင်ရဲ့ကိုယ်စီအမြင်တွေကိုပါ ပြသပေးထားတာကိုက ဆရာ့စာအုပ်တွေ ဇာတ်လမ်းတွေက ပိုအသက်ဝင်လာစေတယ်ရယ်လို့ ယူဆမိတယ်
မြန်မာဗီဒီယိုကားတွေက ဒီသဘောမပါလို့ ကြည့်ရတာငြီးငွေ့စေတာလားလို့လည်းထင်မိတယ်
ဘယ်လိုလဲဆိုတော့
ငပလီရိုက်ရိုက် ပြင်ဦးလွင်ရိုက်ရိုက်
မြို့ပြရိုက်ရိုက် တောရွာရိုက်ရိုက်
သရဲကားရိုက်ရိုက် ဟာသကားရိုက်ရိုက်
မျက်နှာကြီးတွေသာ ပြူးပြဲပြီးကင်မရာတည်ထားတတ်ကြတာကိုး
ဒါကြောင့်ဇာတ်လမ်းတွေကကြွမလာဘဲ တကယ့်ဘဝ တကယ့်ဖြစ်ရပ်တွေကို ကိုယ်စားမပြုနိုင်တော့ဘဲ ယုတ္တိမရှိသလိုလို ဖြစ်သွားတာနေမှာ
အပြင်းဖြေစရာသက်သက်စီကို
လျှောကျသွားတာနေမှာလို့လည်း ထင်မိတယ်
ဒါကမြင်ကွင်းကိစ္စ
ပြောစကားတွေ စိတ်ခံစားချက်တွေမှာလည်း
ဇာတ်လိုက်တို့ရဲ့အရေးကိစ္စကိုသာ အဓိကတည်လို့ ဒီအကြောင်းပဲ ပြောကြဆိုကြတာများတယ်မဟုတ်လား
ဘာလို့လည်းဆိုတော့ ဇာတ်လမ်းထဲပါသူတွေက ဇာတ်လိုက်ကို ဇာတ်ကို ပံ့ပိုးပေးသူတွေသက်သက်သာဖြစ်နေလို့ဘဲ သီးခြားဘဝမရှိဘူး ခံစားချက်မရှိဘူး အမြင်မရှိဘူး
ဒီတော့ လူ့သဘောအရ ဇာတ်လိုက်နေရာကသာ လိုက်ပါခံစားတတ်တဲ့ ကြည့်ရှုသူတို့ကို
ငါ့ပြဿနာသာအရေးကြီးဆုံး
ငါအဆင်ပြေဖို့သာအရေးကြီးဆုံးဆိုတဲ့ အတ္တစိတ်တွေ သွပ်သွင်းပေးနေသလိုများဖြစ်နေမလားပဲ
ပတ်ဝန်းကျင်ကိုလည်း ကိုယ့်ပြဿနာကိုယ့်အရေးအရာသာ ကူညီဖြေရှင်းပေးစေချင်တယ် မကူညီကြရင် လွယ်လွယ်ကူကူပဲအပြစ်မြင်တယ် အပြစ်တင်တယ်
သူတို့မှာလည်း ကိုယ်စီပြဿနာတွေ ဒုက္ခတွေရှိနေနိုင်တယ်ဆိုတာ မတွေးမိတော့ဘူး
နားလည်မပေးနိုင်တော့ဘူး
။
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:
Post a Comment