လောသကတိဿနှင့်ထပ်တူအတွေးများ
(ငတိုလှိုင်ရဲ့အဆုံးသတ် / ၃၄)
.
အမည်ကတော့ အနည်းငယ်စိမ်းကောင်းစိမ်းနေနိုင်ပေမယ့် ဇာတ်လမ်းလေးကတော့ အများစုသိကြပြီးသားဖြစ်မှာပါ
ဒီလိုဗျ ရဟန်းတပါးနေထိုင်ရာကျောင်းကို အာဂါနုကိုယ်တော်တပါးရောက်လာတယ်ပေါ့
နောက်နေ့မနက်ဆွမ်းစားပင့်ရာကိုသွားရောက်တော့ အာဂါနုကိုယ်တော် မလိုက်စေလိုဘူး ဘာလို့လဲဆိုတော့ အနေအစားသက်သာချောင်ချိတာကိုသိမြင်သွားရင် ဒီမှာပဲ ကုတ်ကပ်နေမှာစိုးတယ်
ဈေးကွက်အပြိုင်ဖြစ်လာမှာမျိုးမလိုလားတဲ့သဘောပေါ့
တိတိကျကျဆိုရရင်မနာလိုတာပါ
ဒီစိတ်နဲ့ရဟန်း အာဂါနုရဟန်းအပေါ် ဣိသာနဲ့မစ္ဆရိယနဲ့ ပြုမှုလုပ်ဆောင်ခဲ့သမျှ တဖက်ကဘာမှတုံ့ပြန်တာမဟုတ်ပေမယ့် အတ္တနုဝါတဘေးဆိုတဲ့ သောကတွေတပွေ့တပိုက်နဲ့ ဘဝဆုံးသွားတယ်
ကောင်းတဲ့အရာတွေရဲ့သက်တမ်းဘယ်လောက်ရှိမလဲမသိပေမယ့် အဆိုးတွေက ကာလအတော်ကြာအောင်အထိရှင်သန်လို့ မေ့ပြောက်ဖို့ခက်ပြီး တမြေ့မြေ့လောင်ကျွမ်းတတ်တာ အားလုံးလည်းကိုယ်တွေ့ကြုံဖူးပါလိမ့်မယ်
ဒေဝဒတ်အလောင်းရွဲကုန်သည်ဆိုရင် ဒေါသအမုန်းတခုမီးမွှေးလာလိုက်တာဘဝများစွာ မုန်းထားသူမြင်တိုင်းတနုံ့နုံ့ လောသကတိဿလည်းထိုနည်းအတိုင်းပါပဲ
သူတပြန်ကိုယ်တလှည့် တုံ့ပြန်ညစ်ပတ်နေတတ်ကြတဲ့ ကျွန်တော်တို့လို ပုထုဇဉ်လူသားသတ္တဝါတို့မှာ ဒီစိတ်ထားအပြုအမူက ဘာမှထူးခြားလှတယ်ရယ်လို့မဟုတ်ပါဘူး
လက်ဖဝါးပေါ်ဖုန်မှုန့်တင်သလိုပါပဲ
မကောင်းမှုရယ်လို့ကိုမှတ်ယူတာမှမဟုတ်ဘဲ
သူ့မှာမှဒီစိတ်ကလေးက ဘာ့ကြောင့် ထူးထူးကဲကဲအကျိုးပေးသန်ရတာလဲ စိတ်ဝင်စားစရာ
ကိုယ်တော့ဖြင့် တဒင်္ဂစိတ်လေးကို မထိမ်းချုပ်နိုင်ပေမယ့် ဉာဏ်ရှိသူ ပါရမီရင့်သူ သူ့အဖို့
တဖက်ကသူလိုမတုန့်ပြန်ရုံမက သူ့စိတ်အတွေးအကြံကို သိနေသည့်အလား အလိုက်တသိ ရှောင်ဖယ်သွားပေးတာကိုက သူ့စိတ်ကို ပိုလောင်မြိုက်သွားစေတာလို့ ယူဆမိတယ်
သူ့အတွက် ထိုမကောင်းမှုဖုန်မှုန့်လေးက
မျက်လုံးထဲဝင်သွားတဲ့အဖြစ်မျိုး
မှားပြီ မှားမိပြီဆိုတဲ့အသိက ထိုဘဝနှောင်းပိုင်းကာလတလျှောက်လုံး လောင်ကျွမ်းသွားယုံမက ပါရမီရင့်သန်ပြီးဖြစ်တဲ့ နောက်ဆုံးဘဝတောင် ဒီအကျိုးကအရိပ်ထိုးတုန်း
သူမွေးဖွားရာရွာမှာပါ ဘေးအမျိုးမျိုးသင့်လို့ နောက်ဆုံးသူ့ကို ရွာကနှင်ထုတ်လိုက်ရသည်အထိ
ထိုမှ ရှင်သာရိပုတ္တရာနဲ့အတွေ့မှာ ရဟန်းဘောင်သို့ရောက်လို့ ပရိတ်နိဗ္ဗာန်စံတော်မူသည်အထိ နောက်ဆုံးတထပ်တည်းသောဆွမ်းသာ ဝဝလင်းလင်းစားခဲ့ရတယ်လို့ဆိုတယ်
အဲ့ဒီဇာတ်လမ်းလေး ကြားဖူးစက သိပ်မရှင်းဘူးဗျ ဘဝင်မကျတာလေးတွေရှိတယ်
သူမွေးဖွားရာရပ်ရွာနဲ့ သူ့အဝန်းအဝိုင်းကို သူ့မကောင်းမှုကအရိပ်ထိုးလို့ အကျိုးဆိုးကိုခံစားကြရတယ်တဲ့
ဘယ်လောက်တောင်လည်းဆိုရင် တရွာလုံးကိုသာမက လက်ယာတော်ရံရှင်သာရိပုတ္တရာ'တောင်မှ ထိုအရိပ်မှ မလွတ်မြောက်ခဲ့ဘူးလို့ဆိုတယ် ဘယ်လိုလဲဆိုတော့ သူနဲ့ဆွမ်းခံအတူထွက်ရင် ဆွမ်းမရတာမျိုးပေါ့
ဘာကြောင့်မကောင်းမှုက အရှိန်အဝါကြီးရတာလဲ ကောင်းသူတို့ကိုတောင် ဆိုးကျိုးသက်ရောက်စေတာလဲနားမလည်ခဲ့ဘူး
ခု မအလ'ရဲ့ လုပ်ရပ်ကိုတွေ့မှပဲ
ရှင်းရှင်းလင်းလင်းရှိသွားတယ်
ဟုတ်သားပဲဗျ မကောင်းမှုက လွှမ်းမိုးမှုရှိတယ်
ထိုမကောင်းမှုပြုသူအရာရှိရင်ရှိသလောက် နီးစပ်ရာအသိုင်းအဝိုင်းကို သက်ရောက်မှုဖြစ်စေတယ် ဆိုးကျိုးကိုခံစားရစေနိုင်တယ်
မိသားစုမှာပါလာရင် တမိသားစုလုံးနလံမထူနိုင်တာမျိုး
အသင်းအဖွဲ့မှာပါလာရင် တဖွဲ့လုံးဒုက္ခဖြစ်ရတာမျိုး
နိုင်ငံ့အရေးအရာကိုစီမံတဲ့ ပလ္လင်ပေါ်တက်ထိုင်နေမှတော့
ဆိုဖွယ်မရှိပေါ့
လူမိုက်တွေဟာ မီးသွေးလိုပဲ ကိုင်မိသူကို နီးစပ်သူကို
တောက်လောင်ချိန်မှာ အပူလောင်စေသလို
မီးတောက်မရှိရင်လည်း ပေရေညစ်ထေးသွားစေတတ်တာဆိုတဲ့
စစ်ကိုင်းတော်ရိုးကဆရာတော်ကြီးရဲ့ ငယ်နုစဉ်ကဟောကြား ဆုံးမခဲ့တာလေး ကို ကြားယောင်မိလာတယ်
သူကိုယ်တိုင်တော့ မီးသွေးကို ဆုပ်ကိုင်နေမိပြီထင်ပါရဲ့
။
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:
Post a Comment