ဘဝမှာ ဘာမှသိပ်ပြီးစွဲစွဲလန်းလန်း မရှိလှပေမယ့် ကြုံတိုင်းဆုံတိုင်းမှာ လွမ်းမောစေအောင် ဖြစ်စေတဲ့ ရနံ့လေးတခုရှိတယ် နွေလယ်ရောက်တိုင်း အသက်မွေးဝမ်းပြုရာကခွာလို့လှမ်းလာဖြစ်တိုင်းမှာ ပထမဆုံးစီးကြိုတတ်တာသူပေါ့
ကျွန်တော်က အညာသား
ဒီထက်ပိုတာက ကျွန်တော်တို့အရပ်က ဖုတ်ထူရာအရပ် တော်ရုံလမ်းအလျှောက်ကြမ်းသူတစ်ယောက် ဖြတ်လျှောက်ရင်ကို နောက်မှာ တလုံးလုံးနဲ့လိုက်ထနေတဲ့အထိကို ဖုတ်ထူတာ လှည်းများဖြတ်မောင်းရင် ဆိုဖွယ်မရှိပေါ့
နောက်တယ် ပိုပိုသာသာပြောတယ်လို့ ထင်နိုင်ပေမယ့် ပန်းမြိုင်လယ်ကဥယျာဥ်မှူးဇာတ်ကားမှာ ကျော်ဟိန်းကြီး လမ်းလျှောက်တာကို ကြည့်နိုင်ပါတယ်
ဂျပန်ဒါရိုက်တာတစ်ယောက် မြန်မာပြည်မှာဇာတ်ကားလာရိုက်တော့ သူတို့ဂျပန်တွေ တပ်အဆုတ်မှာ ဖုတ်လုံးတွေတလိပ်လိပ်နဲ့ လွမ်းဆွေးဖွယ်သရုပ်ပြချင်လို့ ကားနောက်မြီးမှာ သစ်ကိုင်းတွေဆွဲပြီး အရင်မောင်းခိုင်းတယ်တဲ့ ဂျပန်မှာ ဖုတ်ရှားဟန်တူတယ်
သူတို့ဒေသရဲ့ နှင်းပွင့်ကလေးတွေကို ကျွန်တော်တို့ လှမ်းပြီးသဘောကျသလို ကျွန်တော်တို့ရဲ့ ဖုတ်လုံးတွေကို သူတို့က ပြန်သဘောကျနေတာလည်း ဖြစ်နိုင်တယ်
မြို့ကြီးပြကြီးတွေမှာတော့ လမ်းသားအပြည့် ကတ္တရာတွေ ကွန်ကရစ်တွေ ခင်းကျတော့ ဖုတ်ဆိုတာဝေးလို့ ဖုန်တောင်ခပ်ရှားရှားမဟုတ်လား
တောင်ပေါ်ဒေသမှာဆိုရင် သဲတောင်မရှိတော့ ကိုယ့်ဒေသရဲ့ တန်ဖိုးကို ပိုနားလည်လာတာ
သဲဆိုတာက မြေလပ်ဒေသ ချောင်းတွေရိုးတွေတစ်လျှောက် ပေါမှပေါပေါ့
ဖုန်ဆိုတာက သဲလို ဖြူဖြူလွလွမဟုတ် ပိုပြီးနုညက်ပေမယ့် ညစ်ထေးထေးအဆင်းရှိတယ်
ဖုတ်ဆိုတာကတော့ အနုညက်ဆုံးပေါ့ တော်ရုံလေလေးတစ်ချက်ဝှေ့ရုံတင်ကို လေမှာဝဲပျံစေလောက်တဲ့အထိကို နုတာပေါ့တာမျိုးပေါ့
အဲ့ဒီဖုတ်ကလေးတွေက ကျွန်တော်တို့လို မိုးနည်းဒေသမှာ အခါမရွေးရှိတတ်ပေမယ့် နွေမှာတော့ အများဆုံးပေါ့
ကျွန်တော်တို့ဒေသက နွေလယ်မှာလည်း ထစ်ချုန်းမိုးရွာတတ်တယ် ဒီအခါမှာ အဲ့ဒီဖုတ်ကလေးတွေပေါ်ကို မိုးစက်လေးတွေ စတင်ကျချိန်မှာ မိုးစက်လေးတစ်ပေါက်ကျလိုက် ဖုတ်ကလေးတွေက တလွင့်လွင့်တက်လာလိုက်ပေါ့
အဲ့ဒီမှာ ရနံ့လေးတစ်ခုကလည်း တွဲလျက်အထက်ကို သင်းပျံ့လာပါတယ်
မြေသင်းနံ့ပေါ့....
သန်းထွန်းလေး (အင်းတဲရွာ)
အောင်ညီကို ရွှေထည်စက်ဖြတ် နှင့် ရွှေပန်းထိမ်လုပ်ငန်း
No comments:
Post a Comment