((အနောက်တိုင်းသရဲကားတွေက အရှေ့တိုင်းသားတို့အဖို့ ဘာကြောင့် ကြောက်စရာမကောင်းလဲဆိုတော့....))
။
ကျွန်တော်တို့အရှေ့တိုင်းမှာ သေလွန်ပြီးနောက် တဖန်ဘဝဖြစ်ပေါ်ခြင်းတွေ လူဝင်စားဆိုတာမျိုးတွေ ဘဝဟာအမျှင်မပြတ်လည်ပတ်ခြင်းသဘောတွေရှိတော့ ဘာသာအယူဝါဒတိုင်း ဒီလိုရှိလိမ့်မယ်လို့ယူဆခဲ့ဖူးတယ်
အမှန်တော့ ဒီလိုမဟုတ်ဘူးဗျ
ဖန်ဆင်းခြင်းကိုယုံကြည်တဲ့ ခရစ်ယာန်တို့ အစ္စလာမ်ဆိုက တဘဝသာဖြစ်ခြင်းသဘောမျိုးယူဆကြတယ်
ဒီနေရာမှာဘဝဟာအကြောင်းမဲ့ဖြစ်လာပြီး သေရင်ပြီးပြီဆိုတဲ့ ရုပ်ဝါဒီ အတွေးမျိုးနဲ့ခြားနားတာလည်း သတိပြုဖို့လိုတယ် သူတို့က ကိုယ်ပြုခဲ့တာအတွက် အလိုတော်နဲ့ယှဉ်ဆက်ဆုံးဖြတ်ရသေးတာကို
ဒီလိုဆိုတော့ သူတို့မှာ ကိုယ့်ကိုယ်ကိုသတ်သေခြင်းမျိုးတွေက အင်မတန်မှကြီးမားတဲ့ ဆုံးရှုံးမှုတခုလို့ဆိုရမယ်ထင်တယ်
ဘာလို့လဲဆိုတော့ တခါသာရနိုင်တဲ့ဘဝကို ရင်ဆိုင်ကျော်ဖြတ်မကြည့်ဘဲ အရှုံးပေးထွက်ပြေးသွားတာကို ပြီးတော့ သန္ဓေသားအဖြစ်မှာပဲသေရတာတို့ ငယ်ရွယ်စဉ်မှပဲသေရတာတို့မျိုးဆို အတော်ပဲနစ်နာတယ်လို့လည်း မချင့်မရဲဖြစ်မိတယ်
ကိုယ်တွေအယူမှာတော့ ဘယ်လောက်ပဲလူဖြစ်ဖို့ခဲယဉ်းသည်ဆိုစေ ပြန်ဖြစ်နိုင်ခွင့် ထပ်မံကြိုးစားနိုင်ခွင့်ရှိတာကိုး
သူတို့က ပုဂ္ဂိုလ်တဦးတယောက်ရဲ့ ဝိညာဉ်ဟာ သေလွန်ပြီးနောက်မှာ နေရာဌာနတခုမှာတည်နေပြီး ကမ္ဘာကြီးပျက်သုဉ်းမယ့်နောက်ဆုံးနေ့မှာ ဘုရားသခင်ရဲ့အဆုံးအဖြတ်ကိုခံယူရမယ်
ထာဝရကောင်ကင်ဘုံမှာစံရမလား
ထာဝရငရဲမှာခံရမလားဆိုတာပေါ့
ဒီလိုဆိုရင် တိရစ္ဆာန်တွေကကော ဘုရားသခင်ရဲ့အဆုံးအဖြတ်ကိုခံယူလို့ ကောင်းကင်ဘုံရောက်နိုင်လားဆိုရင် ဒီလိုတော့မဟုတ်ဘူး သူတို့ကို မူလဖန်ဆင်းခြင်းရည်ရွယ်ချက်ကိုက လူသားတို့အတွက်အထောက်အကူရဖို့သက်သက်မို့သူတို့ရဲ့ဖြစ်တည်မှုက သိပ်အရေးမပါလှဘူးပေါ့
လူကနေ တိစ္ဆာန်လည်းမဖြစ်နိုင်သလို တိရိစ္ဆာန်ကလည်း လူဖြစ်နိုင်ခွင့်မရှိဘူး သံသရာလည်ခြင်းသဘော သူတို့ဘာသာကလက်မခံဘူးပေါ့
ပြီးတော့ သေသူရဲ့ဝိညာဉ်ဟာ ကြားဌာနစခန်းကို တိုက်ရိုက်ရောက်သွားတာဆိုတော့ မြန်မာတို့ယူဆသလို ဝိညာဉ်သဘော သရဲမရှိဘူး တခုတော့ရှိတယ် နတ်ဆိုးက သေသူရဲ့ခန္ဓာကိုယူလို့ လှည့်စားခြောက်လှန့်တတ်ခြင်းသဘော ယူဆတာတော့ရှိတယ်
ဒါကြောင့်ပဲ သူတို့သရဲကားတွေက အရှေ့တိုင်းသားတို့အဖို့ သဘောမကျနိုင်ဖြစ်ရတာ သူတို့သရဲက သေသူရဲ့ခန္ဓာကိုနတ်ဆိုးကအသုံးပြုပြီး လက်နက်တွေကိုင်စွဲပြီး တိုက်ခိုက်တဲ့သဘောကိုး
ကိုယ်တွေရဲ့ ဖုတ်ဝင်ခြင်းသဘောလိုပေါ့ လူခန္ဓာနဲ့ နတ်ဆိုးစိတ်ဆိုတော့ ဓားနဲ့ခုတ် သေနတ်နဲ့ပစ်လို့တော့ရတယ် ဒါပေမယ့်မသေဘူး
ကိုယ်တွေရဲ့သရဲကကျဒီလိုမဟုတ်ဘူး ဝိညာဉ်သဘောဆိုတော့ အစွမ်းရှိတယ် လေမှာလွင့်မျောသွားလာနိုင်တယ် ကိုယ်ယောင်ဖျောက်နိုင်တယ် ကိုယ်ထိလက်ရောက်မပြုမူဘဲ ဒုက္ခပေးနိုင်တယ် ပြောရရင်တန်ခိုးရှိတယ်ပေါ့ ဒါကြောင့်ပဲ ကိုယ်တွေအရှေ့တိုင်းသားတွေက အနောက်သရဲကားတွေဆိုရင် ကြောက်စရာကောင်းတယ်လို့ မခံစားကြရတာ
ဒါဆိုရင် ဝိညာဉ်သဘောကို လက်မခံပါပဲ သူတို့ကသင်္ချိုင်းတွေကို သန့်ရှင်းသပ်ရပ်စွာဘာကြောင့်ထားလည်းဆိုတော့ အမှတ်တရသဘောလောက်ပဲလို့ဆိုတယ်
အမှန်တော့ ပြိတ္တာဆိုတဲ့ဘုံဌာနကို လက်ခံထားတဲ့ ကိုယ်တွေဘာသာက သင်္ချိုင်းသုဿာန်တွေကို ပိုပြီး သန့်သန့်ရှင်းရှင်းထားသင့်တယ်လို့ထင်တယ် ဘာလို့လဲဆိုတော့ သေပြီးတဲ့ကိုယ့်ချစ်သူခင်သူက အဲ့ဒီနေရာမှာ ရှိနိုင်သေးတယ်လို့ ယူဆကြတာကိုး ဒီတော့သူတို့ကောင်းကောင်းနေရဖို့ ဖန်တီးပေးသင့်တာပေါ့
တရုတ်တွေကတော့ သေလွန်သူမိဘဘိုးဘွားတွေကို တသီးတသန့်အခန်းပေးပူဇော်ပသကြတော့ သေလွန်သူတွေက ဝိညာဉ်အဖြစ် အနီးအပါးမှာပဲနေထိုင်ရှင်သန်နေကြတယ်လို့ ယူဆကြလေသလားပဲ
ထားတော့
ကံဝါဒကိုအခြေခံတဲ့ အရှေ့တိုင်းဒဿနဘာသာအယူဝါဒတွေမှာတော့ တကမ္ဘာမှာတင်ကို ဘဝကအမျှင်မပြတ်ဆက်ဆက်ဖြစ်နေတဲ့သဘောကိုယုံကြည်တယ်
သူပြုခဲ့သည့် ကံအားလျှော်စွာ လူဖြစ်လိုက် နတ်ဖြစ်လိုက် တိရစ္ဆာန်ဖြစ်လိုက် ပြိတ္တာဖြစ်လိုက် ဗြဟ္မာဖြစ်လိုက် ငရဲကျလိုက်ပေါ့
ဒါကြောင့်ပဲ လူဝင်စားဆိုတာမျိုး
ဘယ်သူတော့ဖြင့် ရှေ့ဘဝကဘယ်သူဝင်စားတယ် အကုန်ပြောနိုင်တယ်ဆိုတာမျိုး ခဏခဏကြားကြရတာ
ကြားသည့်အတိုင်းလည်း အတိတ်ဘဝက သားအကြောင်း မယားအကြောင်း ပစ္စည်းဥစ္စာနေရာဌာနအကြောင်း အပ်ကျမတ်ကျပြောနိုင်ကြတော့ ဘဝတဖန်ကူးပြောင်းခြင်းသဘောက ဝိဝါဒမကွဲဘဲ ယုံကြည်လောက်စရာအကြောင်းပြချက်ကောင်းတွေအဖြစ် သက်သေပြကြတယ်
ဒီတော့ သေလွန်ပြီးနောက် ဝိညာဉ်နဲ့ပတ်သက်လို့ သင်ကောဘယ်လိုယုံကြည်သလဲ ...?
ထာဝရဖန်ဆင်းရှင်ရဲ့ ဖန်တီးမှုနဲ့ တဘဝသာဖြစ်ပြီး ကမ္ဘာ့နောက်ဆုံးနေ့ရက်မှာ ဘုရားခင်ရဲ့အဆုံးအဖြတ်ကိုခံယူလို့ ထာဝရခံရ စံရဖို့ ခံယူဖို့စောင့်ဆိုင်းခြင်းသဘောလား
ဒါမှမဟုတ် ကံဝါဒီတို့လို မိမိပြုတဲ့ ကောင်းမှုမကောင်းမှုအားလျှော်စွာ နိမ့်ချည်မြင့်လှည့်ဘဝသံသရာကို ဖြတ်သန်းခြင်းသဘောကိုလား
။
။
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
ကိုလေး ☆ အင်းတဲ

No comments:
Post a Comment