သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Wednesday, September 30, 2020

ပြောင်းလဲခြင်းများ

လွန်ခဲ့တဲ့ရာစုနှစ်အစောပိုင်းကာလက တစ်ဦးတစ်ယောက် ဒေသတစ်ခုကို ဆက်သွယ်ဖို့ အင်မတန်ခက်ခဲခဲ့တယ် 

သုံးလေးမိုင်ခရီးကို တစ်နာရီဝန်းကျင် မောင်းနှင်ရတဲ့ နွားလှည်းတွေအသုံးပြုကြတယ်

တစ်ရပ်တစ်ပါးကိုရောက်ဖူးသူဟာ သူ့ရပ်သူ့ရွာမှာ အတော်လူရေလည်သူဖြစ်တယ်

ဒေသအခြားက မိတ်ဆွေ​တစ်ယောက်ရဲ့ သာကြောင်းမာကြောင်း သတင်းသိရဖို့ နှစ်ပေါက်မှ တစ်ယောက်လောက်သာရှိတဲ့ လူကျုံကို မျှော်ရတယ်

ကာလသားလေးက မိန်းမပျိုလေးတစ်ယောက်ကို ပိုးပန်းဖို့အတွက် သုံးနှစ်သုံးမိုးမက ကြာတယ် နာမည်လေးသိရဖို့ လပေါင်းများစွာကြာတယ်

သံစဥ်နုတ်တွေဟာလည်း ခပ်ကြကြဲနဲ့ လေးလေးလံလံ ဆွဲဆွဲငင်ငင် သီဆိုရတာမျိုးပေါ့ တိုင်ပင်ကြဲတယ် ခေါ်မလားပဲ

လေးလံထိုင်းမှိုင်းတဲ့ကာလ တွေးရင်းဆွေးရင်းငေးရင်းနဲ့ ပျော်ရွှင်စွာနေထိုင်ကြတဲ့ကာလလို့ သတ်မှတ်ရမယ်ထင်တယ်

ပြောင်းလဲလာတဲ့ ဒီနေ့ခေတ်အချိန်အခါမှာတော့ အ​ရာအားလုံးခြားနားသွားတယ်

သုံးလေးမိုင်ခရီးကို ဆယ်မိနစ်ဆယ့်ငါးမိနစ်လောက်သာ အချိန်ယူရတဲ့ ယာဥ်တွေပေါ်လာတယ် 

တစ်ရပ်တစ်ပါးသာမက နိုင်ငံရပ်ခြားအထိပါ ဝမ်းရေးအတွက် သွားလာလုပ်ကိုင်လာရတယ်

သူတို့အကြောင်းသိရဖို့လည်း သိပ်မခက်ပြန်ပါဘူး လက်ဖဝါးပေါ်က စက်ကရိယာလေးကို  တစ်ချက်တောက်ကြည့်ရုံနဲ့ သာကြောင်းမာကြောင်းသာမက ဘယ်သွားတယ်ဘာလုပ်တယ် ဘယ်အချိန်-ျီးပါတယ်ကအစ သိနိုင်သွားပြီ

သုံးစက္ကန့်အတွင်းမှာပဲ ကိုယ်စိတ်ဝင်စားသူရဲ့ အချက်အလက်တစ်ချို့ကို ရယူနိုင်လာတယ်

လျှင်မြန်လာတဲ့ ခေတ်ရေစီးနဲ့အတူ သံစဥ်နုတ်တွေဟာလည်း နောက်ကျမကျန်ခဲ့ပါဘူး ခပ်မြန်မြန် ခပ်သွက်သွက် ဘိအစိတ်တွေ​နဲ့ မြန်လာတယ် 

နည်းပညာတွေရဲ့ အကျိုးကျေးဇူးလို့ပဲ ပြောရမလား အရာအားလုံးရဲ့ လျှင်မြန်မှုဟာ မထင်မှတ်အောင်ပါပဲ ဒီကြောင့်ပဲ ဆိုးကျိုးတစ်ချို့ကလည်း ရှိနေပြန်ရော

အလွန်အလျှင်မြန်တဲ့ အရှိန်အဟုန်နဲ့ လိုက်ပါစီးဆင်းနေတော့ အချိုးအကွေ့တွေ ခလုပ်ကန်သင်းတွေ အပြောင်းအလဲတွေကို အရင်လို ကြိုမမြင်ကြရ​တော့ဘူး ကြိုသိရဖို့လည်း အချိန်မပေးနိုင်ကြဘူး မိုးလင်းမိုးချုပ် တကုပ်ကုပ်နဲ့ လှုပ်ရှားရုံးကန်မှ ပြေလည်ကြတာမျိုးပေါ့

ရောက်လာမှဘွားခနဲ့ ရင်ဆိုင်ကြရတယ် ဖြေရှင်းကြရတယ် ဒီတော့ လဲသူလဲကွဲသူကွဲ 

လျှင်မြန်မှုကို ကျွန်တော်လည်း ကြိုက်ပါတယ် 

ဥပမာ ဆိုင်ကယ်စီးတယ်ဆိုပါတော့ လိုရာခရီးကို မပင်မပန်း အချိန်မကြာပဲ ရောက်နိုင်တာမဟုတ်လား 
ဒါပေမယ့် မလိုရာခရီးကိုလည်း သာသာယာယာ အချိန်မကြာပဲ ဆွဲခေါ်သွားတတ်တယ်ဆိုတာ သတိချပ်စေဖို့ပါ 

လွန်သွားမှ ပြန်လှည့်ဖို့ မဖြစ်နိုင်တော့ပဲ လဲလဲကွဲကွဲဖြစ်နေနိုင်တာမို့...

သန်းထွန်းလေး (အင်းတဲရွာ)
အောင်ညီကို ရွှေထည်စက်ဖြတ်လုပ်ငန်း

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...