သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Tuesday, September 29, 2020

ဥပနိဿယ ပစ္စယော




ဗုဒ္ဓဘာသာဝင်တိုင်း အလွတ်မရတောင် ကြားဖူးနားဝရှိပြီးသား စကားလုံးပါ
ပဋ္ဌာန်းပါဠိတော်မှာပါတဲ့ ပစ္စယ​တစ်ခုပေါ့

ငယ်ငယ်ကတည်းကတော့ ရွတ်ဆိုခဲ့တာပဲ 
ကုသိုလ်ရတယ် အန္တရာယ်ကင်းတယ် စသည်ဖြင့် အတွေးမျိုးစုံနဲ့ပေါ့.....

တိုက်ရိုက်အားဖြင့်အန္တရာယ်ကင်းစေတဲ့ ကုသိုလ်ရစေတဲ့ စာသားမျိုးမပါဝင်သလို ဒီသဘောနဲ့ရွတ်ဆိုရတဲ့ ဂါထာမျိုးလည်းမဟုတ်ဘူးလို့ ထင်ပါတယ် 

အန္တရာယ်ကင်းလိုလျှင် လူချစ်နတ်ချစ် ဖြစ်စေလိုလျှင် ဒီအတွက် မြတ်စွာဘုရားဟောကြာထားတဲ့  ရတနာ့သုတ်တို့ မေတ္တာသုတ်တို့လို ပရိတ်ကြီး ၁၁ သုတ်ရှိပါတယ်

ပရိတ်ဆိုတာရဲ့ အဓိပ္ပါယ်ကိုက အရံအတားလို့ ဆိုပါတယ်
မကောင်းတာတွေကို တားမြစ်ပေးခြင်း ကောင်းတာတွေကို ယူ​ဆောင်ပေးခြင်း သဘောပေါ့

ပဋ္ဌာန်းဒေသနာတော်ကတော့ ဆင်ခြင်နှလုံးသွင်းရမယ့် အကျိုးအကြောင်းပြ လမ်းစဥ်လို့ မှတ်ယူမိပါတယ်ကိုယ်နဲ့စိတ်ရဲ့ ဖြစ်တည်လာခြင်း ပျက်ခြင်းသဘောကို အနုစိတ်အသေးစိတ် သရုပ်ခွဲပြထားတာလို့ပဲ ကျွန်တော်ယူဆပါတယ်

ဒီလိုဆိုလို့ အန္တရာယ်ကင်းမဟုတ်ဘူး ကုသိုလ်မရဘူးလို့ ဆိုလိုတာမဟုတ်ဘူးနော် 
ကောင်းမွန်မှန်ကန်တဲ့ ဓမ္မကို ရွတ်ဖတ်ပူဇော်နေခြင်းအတွက် ကိုယ်ကိုယ်တိုင်က အဓိပ္ပာယ်ကို နားမလည်သည်ထားအုံး နားလည်တဲ့သူတွေအဖို့ နှလုံးသွင်းဆင်​​ခြင်ခြင်းအားဖြင့် အကျိုးဖြစ်ထွန်းစေလို့ ကိုယ့်မှာကုသိုလ်ရနိုင်သလို

ကိုယ်မမြင်နိုင်တဲ့ နတ်ကောင်းနတ်မြတ်တွေ လာရောက်နာယူလျှင်လည်း သူတို့ကြောင့် ကိုယ့်ပတ်ဝန်းကျင်ကို မကောင်းတဲ့ သတ္တဝါတွေ နတ်တွေ မလာရောက်နိုင်ဘူး ဒုက္ခမပေးနိုင်ဘူး ဒီလိုနည်းနဲ့ အန္တရာယ်ကင်းနိုင်ပါတယ် 

        ဥပ                 နိဿယ         ပစ္စယော      
အားကြီးသော         မှီရာ         ကျေးဇူးပြုခြင်း
လို့ ဖွင့်ရမယ်ထင်တယ်

ပစ္စယနိဒေသမှာ သူ့အကြောင်းဖွင့်ချက်တွေထဲက အချို့ကို ကောက်နှုတ်ကြည့်ရင်
ကုသိုလ်ကနေ ကုသိုလ်ကို အားကြီးတဲ့မှီရာအဖြစ် ကျေးဇူးပြုတာမျိုးရှိသလို ဖြစ်စေတာမျိုးရှိသလို အကုသိုလ်ကိုလည်း ဖြစ်စေတတ်တယ် ကျေးဇူးပြုတတ်တယ်

ဥပမာအားဖြင့် ကိုယ်က  ရဟန်းတစ်ပါးကို လှူဒါန်း ပေးကမ်းလိုက်တယ် ဒါပေမယ့် နောက်တစ်ခါတွေ့တော့ အဲ့ဒီရဟန်းဟာ ရဟန်းအစစ်မဟုတ်ဘဲ ရဟန်းဝတ်နဲ့ လိုက်လိမ်စားနေသူတစ်ယောက်ဆိုပါစို့

ပထမတွေ့လိုက်တုံးက အမှန်တကယ် စိတ်ကောင်းစေတနာကောင်းနဲ့ ပေးကမ်းလှူဒါန်းလိုက်တဲ့အတွက် အဲ့ဒီအခိုက်မှာ ကုသိုလ်ရတယ်

ဒါပေမယ့် ဒုတိယတစ်ခေါက်တွေ့ချိန်မှာ ငါ့နယ်နော် ဒီလိုလူလိမ်ကိုမှ ပေးမိလိုက်လေခြင်းလို့ ကိုယ့်ရဲ့ ပေးကမ်းလှူဒါန်းမှုအပေါ် စိတ်ကွက်သွားမယ်ဆိုရင် ပေးကမ်းခဲ့ခြင်းဆိုတဲ့ ဒါနကုသိုလ်အပေါ် အခြေခံပြီး ကိုယ့်စိတ်မှာ ညစ်ညူးတဲ့ အကုသိုလ်စိတ်ဝင်စေတာမျိုးပါ

မကောင်းမှုကိုအခြေခံပြီးလည်း ကောင်းမှုဖြစ်တတ်ပါသေးတယ်
ထားပါတော့

ပြောချင်တာက အောက်ဆုံးနှစ်ပိုဒ်ပါ
ဥတု ဘောဇဥ် နဲ့ ပုဂ္ဂိုလ်ဟာလည်း ကြီးမားတဲ့အကြောင်းအထောက်အပံ့ကို ဖြစ်စေတတ်တယ်ဆိုတာပါ

ဥပမာ ပူလောင်အိုက်စပ်တဲ့နေရာမျိုးမှာ စိတ်လက်ကြည်ရွှင်မှာမဟုတ်သလို အနံ့အသက် အရသာမကောင်းတဲ့အရာကို စားသောက်ရချိန်မှာလည်း ကိုယ်စိတ်ချမ်း​မြေ့မှာမဟုတ်ပါဘူး

ပုဂ္ဂိုလ်အနေနဲ့ဆိုရင် ပိုရှင်းပါတယ် အမှီကောင်းရင် ပိုပြီးလုပ်ရကိုင်ရလွယ်ကူပါတယ် 
စီးပွားရေးအတွက်ဆိုပါတော့ ကိုယ့်ရဲ့ မိဘ ညီအစ်ကိုမောင်နှမ ဆွေမျိုး သူငယ်ချင်းတွေက ငွေကြေးပြည့်စုံရင် အဆက်အသွယ်ကောင်းရင် ထိုသူတို့ကို မှီပြီး ကိုယ့်မှာ ကြီးပွားဖို့ ဖြစ်စေနိုင်တယ်လေ

တရားစီရင်ရေးဆိုပါစို့ အမှုတစ်ခုဖြစ်တယ် ကိုယ်က ရာထူးကြီးတဲ့သူတွေနဲ့ သိတယ်ကျွမ်းတယ်ဆိုရင် ကိုယ့်အမှုက ကြီးနေရင်ပေါ့သွားအောင်စီမံနိုင်သလို သေးငယ်ရင်လည်း ပပြောက်သွားအောင်လုပ်နိုင်တယ် ဒီသဘောကိုပြောတာပါ

ကိုယ်ကောင်းရင်ခေါင်းမရွေ့ဘူးဆိုပေမယ့် မကောင်းတဲ့ပတ်ဝန်းကျင်မှာ ရှင်သန်ရသူအတွက် သူ့ပတ်ဝန်းကျင်ကပေးတာဟာ မကောင်းတဲ့အထောက်အပံ့တွေကြီးပဲမို့ သူကိုယ်တိုင်က အသိဉာဏ်မခိုင်မာရင် အားကြီးတဲ့ ပတ်ဝန်းကျင်ရဲ့ စွဲဆောင်ရာနောက်ပဲ ပါသွားတတ်တာမျိုးပါ

ဥပမာ အသောက်အစားလောင်းကစားမှာ ပျော်မွေ့သူနဲ့ အကျွမ်းတဝင်ပေါင်းသင်းနေသူဟာ အသောက်အစားလောင်းကစားမှာ မွေ့လျော်လာတတ်ပါတယ် 

ဒါကြောင့်ပဲ အသိဉာဏ်မခိုင်မာသေးတဲ့ လူငယ်တွေကို လူကြီးတွေက ဘယ်သူနဲ့မပေါင်းနဲ့ ဘယ်ဝါနဲ့မပေါင်းနဲ့ဆိုပြီး ပြောဆိုဆုံးမကြတာပါ အလကားနေ ချုပ်ချယ်နေတာလို့ မထင်မှတ်စေချင်ပါဘူးလို့ ညီငယ်ညီမငယ်တွေကို ပြောပရစေ

ကျွန်တော်တို့လည်း ကိုယ့်ကိုယ်ကို ကိုယ့်ရဲ့  မျိုးဆက်တွေကို ချစ်သူခင်သူတွေကို ကောင်းမွန်တဲ့ပတ်ဝန်းကျင်မှာ ရှင်သန်နိုင်ဖို့ စီမံဖို့လိုအပ်ကြောင်း သတိချပ်စေလိုရင်း.....

သန်းထွန်းလေး အင်းတဲရွာ 

ဒါဟာ ကျွန်တော့်ပုဂ္ဂလအတွေးအမြင်မျှသာ ဖြစ်ပါတယ် 
မမှားအယွင်းရှိခဲ့ရင်လည်း တည့်မတ်ပေးဖို့ တောင်းဆိုပါရစေ....

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...