............
ကြည့်ဖူးကြလားဗျ
မျက်လုံးကို တစ်ဖက်ပိတ်ပြီး တစ်ဖက်ခြမ်းကိုကြည့်လိုက်ရင် နှာတံကခံနေတယ် မြင်ကွင်းအပြည့်မမြင်နိုင်ဘူး
ဆိုလိုတာက ပကတိမျက်စိဟာ အကန့်အသတ်ရှိတယ် သူ့ရဲ့မြင်နိုင်စွမ်းအား မြင်ကွင်း အကွာအဝေးကစလို့ပေါ့
ဗုဒ္ဓစာပေတွေမှာတော့ မြင်ခြင်းတစ်ခုဖြစ်ပေါ်လာဖို့ အကြောင်းပေါင်းမြောက်များစွာ စုစည်းဆုံတွေ့ပေးရတယ်လို့ဆိုတယ်
ပကတိမျက်စိ အလင်း အဆင်း အမြင်ကိုသိနိုင်တဲ့ စိတ် ယေဘုယျအားဖြင့် ဒီအကြောင်းတွေရှိဖို့လိုတယ်လို့ ဆိုတယ်
မျက်စိရှိပေမယ့် အလင်းမရှိရင် မမြင်နိုင်ဘူး မြင်စရာ အဆင်းမရှိလို့လည်း မဖြစ်ပြန်ဘူး ဒါ့အပြင်မြင်ကွင်းကို သိမှတ်တဲ့စိတ်ရှိဖို့လည်း လိုအပ်တယ်
မျက်လုံးမပိတ်ဘဲ အိပ်သူတွေရှိတယ်မဟုတ်လား မျက်စိရှိတယ် အလင်းရှိတယ် အဆင်းရှိတယ်ဆိုပေမယ့် အမြင်ကို သိမှတ်တဲ့စိတ်မရှိတော့ မမြင်ဘူးလို့ပဲ ဆိုနိုင်တယ်
ထားပါတော့ ဒါကမြင်ခြင်းကိုအသေးစိတ်ခွဲကြည့်တာပါ
ကျွန်တော်က မြင်ကွင်းတွေအကြောင်းပြောချင်တာ
မြင်ကွင်းတစ်ခုတည်းကိုပဲ ကာလဒေသ အသက်အရွယ်အပိုင်းအခြား အသိဉာဏ်ကွဲပြားသူတွေမှာ အမြင်တူမှာမဟုတ်ပါဘူး
ရှိတတ်တယ်ဗျ တစ်ချို့က လက်တွေ့မှ ကိုယ်တိုင်ထိသိရမှ ယုံတယ်
အချို့ကကိုယ်ရင်းနှီးသူ ပြောတာမို့ယုံတယ် ဆိုတာမျိုးပေါ့
ဒါကြောင့်ထင်ရဲ့ ရှေးစကားပုံတစ်ခုရှိတယ်
ကျွန်ယုံတော့ တစ်ဖက်ကန်း
သားသမီးယုံ စုံလုံးကန်းဆိုတာ
လောကမှာ ကျွန်တော်တို့ မြင်နိုင်သိတာက ပမာဏအနည်းငယ်သာရှိပါတယ်
အနည်းငယ်သော သက်တမ်းအတွင်းမှာ ကျွန်တော်တို့ လူမှုဝန်းကျင် စည်းမျဥ်းဘောင်ကလနားတွေအတွင်းက ကျော်လွန်တွေးသိနိုင်ဖို့ အလွန်ခက်ပါတယ်
ဒါကြောင့် အကြောင်းအရာတိုင်းမှာ
အစဥ်အလာ မိရိုးဖလာဆိုပြီးတော့လည်း
လေးစားအားကျသူ ပြောတယ်ဆိုပြီးတော့လည်း
ရင်းနှီးရသူ ပြောတယ်ဆိုပြီးတော့လည်း မုချမှန်တယ်လို့ မယုံပါနဲ့
သင့်ကိုယ်ပိုင်အသိဉာဏ်နဲ့ ဝေဖန်ပိုင်းခြားနိုင်ပါစေကြောင်း......
သန်းထွန်းလေး (အင်းတဲရွာ)
အောင်ညီကိုရွှေထည်စက်ဖြတ်လုပ်ငန်း
No comments:
Post a Comment