သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Saturday, June 25, 2016

ချစ်လို့ သဝန်တိုတာ အပြစ်လား အင်္ဂုလိမာလ


❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

    ကျုပ်ဒီကောင်လေးကို သိပ်သဘောကျခဲ့တယ်ဗျ သူဟာသိပ်ရိုးသားတယ် သင်ယူရာမှာလည်း စိတ်ဝင်တစားပဲ ကျုပ်ကို ရိုသေတဲ့ နေရာမှာလည်း နှစ်ယောက်မရှိဘူး သေဆိုတောင် သေဝံ့လောက်တယ် အလိုက်သိတဲ့ နေရာမှာလည်းလွန်ရော့ပဲ ဖင်ပေါ့တယ်ပေါ့

သူ့အဖေ လာအပ်တုန်းကဖြင့် ကျုပ်ဖြင့် အံ့သြ ရော့ဗျာ ဘာတဲ့ အတွင်းနေတပည့်အဖြစ် လက်ခံပါတဲ့လေ ယဉ်ကျေးအောင်သာ ပြောရတာပါ ထမင်းစား ကျွန်ခံ ပညာသင်ပေါ့ သူ့နှဖူးရည် ဒူးရည်ကြည့်ရ တော်တော့ကို ထူးမယ့် ထက်မယ့်ကလေးပါ သူ့ဖခင် ကြည့်ပြန်တော့လည်း တောက်တောက်ပြောင်ပြောင် ခံ့ခံ့ထည်ထည်ပါ သာမန်ညောင်းည မျိုးနွယ်ထဲက မဟုတ်မှန်းတော့ ကျုပ်အတွေ့အကြုံနဲ့ ခန့်မှန်းတတ်ပါတယ်

   ဘာ့ကြောင့်လဲ ဘယ်လို ဖခင်မျိုးလဲပေါ့ ကျွုပ်စိတ်အစဉ် ဒွိဟနဲ့ လက္ခံခဲ့ပါတယ်

   ဒီနေ့ကြည့်စမ်း အတန်းမှာ သင်ခန်းစာအတွက် ကျောင်းသားတွေ စုံစုံလင်လင် ရှိပါရဲ့ သူကဘယ်ရောက်နေသတုံး ပညာသင်မယ့် ကလေးဟာ အတန်းမှာပဲ ရှိနေရမှာပေါ့

အော်မေ့လို့လေ မနက်က ကျုပ်မိန်းမ ခိုင်းစရာရှိတယ်ဆိုပြီး ခေါ်သွားတာကိုး မိန်းမငယ်ငယ် ယူရ မစားသာပါဘူးဗျာ သူ့အလို သူအကြိုက်လိုက်နေရတာပဲ အငယ်ဆိုတော့လည်း နွဲ့ဆိုး ဆိုးရှာမပေါ့လို် ခွင့်လွှတ်ထားတာ လွန်ရော့ထင့် ခု ကျုပ်တပည့်ကို အိမ်က အခိုင်းအစေဟန် ခိုင်းချင်ရာခိုင်းနေတော့တာပဲ ထင်းခွေ ရေခပ်တော့ ထားပါလေ အဝတ်ပါ လျှော်ခိုင်းတာတော့ တစိတ်လွန်ရော့ အမှန်က ဒါသူလုပ်ရမယ့် ဝတ္တရား မဟုတ်လား

ပတ်ဝန်းကျင်ဆိုတာ ဒီလိုပဲ သွားပုတ်လေလွင့် ပြောတတ်တာ ဓမ္မတာ မဟုတ်လား ကျုပ်မယုံပါဘူးဗျာ ကိုယ့်ထမင်း ကိုယ်စား သူများ အတင်း ဟင်း လုပ်နေကြသူတွေ အများသားဆိုတာ ကျုပ်သိတာပေါ့

ဒါပေမယ့်လေ ကျုပ်လည်း ကာမဘုံသား မဟုတ်လား ကျောက်သား ကျောက်ဆိုင်တောင် တိုက်ပါများတော့ ပြိုတတ်တာ နှဲ့ပါများတော့ နဲ့တတ်တာပဲ

သံသယတော့ ဖြစ်လာတယ် တစ်ခြားကိစ္စဆို ခွင့်လွှတ်တန်ကောင်းရဲ့ဗျာ အခုဟာက ဆရာ့မယား ကြာခိုတဲ့ အခြေအနေ အချစ်တော့ ဝေမစားနိုင်ဘူးဗျ အရပ်ရပ် အပြည်ပြည် ကြားလို့မတော် ဆရာ့မယားနဲ့ ဖြစ်လို့ အတန်းက ထုတ်ပြစ်တယ်ဆို ဟားစရာဖြစ်နေရော့ ကြံစမ်း ကြံစမ်း

ဟိုတစ်နေ့က ကျုပ်တပည့်တွေ ပညာစုံလို့ ဌာနေအပြန် လက်ဆောင်ပဏာနဲ့ ရှစ်ခိုးကန်တော့ကြတော့ သူ့မျက်နှာမကောင်း သူလည်း ဆရာ့ကို ပူဇော်ချင်ရဲ့တဲ့လေ ဒါပေမယ့် သူ့အဖေက အသပြာ တစ်ခုတလေမှ မပေးခဲ့လေတော့ အခက်လို့ ညဉ်းငြူ တယ်ဆိုပဲ

ဒါကအကွက် နတ်တို့ဖန် ရေကန်အသင့်ကြာအတင့် ဆိုတာ ဒါပဲနေမှာ

လောက အပြစ်ဆိုလေက ဆိုတော့ ကျုပ်မယားနဲ့ သူဝေးသွားဖို့က လိုရင်မဟုတ်လား လွယ်တာခိုင်းပြန်ကလည်း သူက ခဏပြန်ရောက်လာမှာ ပြန်လမ်းမရှိရာ ပို့မှပါလေ သတ်ဖို့ကလည်း မရဲ ဒီတော့ ပရိယာယ် သုံးရတာပေါ့

ငါ့တပည့် ဆရာ့ကို ကျေးဇူးဆပ်လိုက လက်ညှိုး တစ်ထောင်ဖြတ်ပြီး ပူဇော်လေ ဆိုတော့ ဓားဆွဲ ချက်ခြင်းတော ထွက်သွားလေရဲ့ ကျုပ်ရဲ့ ပရိယာယ်ကို မရိပ်မိ ငယ်သူဆိုတော့ ပူဇော်ရဖို့ လိုရင်းတွက်ဟန်တူရဲ့ ဘာအသုံးဝင်မှာလည်း လို့လည်း စောဒကမတက် ဘယ်သူက ကိုယ့်လက်ညှိုးကို အသာတကြည် အဖြတ်ခံမတုံးဗျ လူသတ်လက်ဖြတ် တိုင်းပြည့်ရန်သူ ဘုရင့်ဒေါသ ပြည်သူ့အမုန်း ခံယူဖို့ တမင်စေခိုင်းတဲ့ ကျုပ်အကြံ အောင်ပါပေါ့

ဒါပေမယ့်လေ

ဆရာ ဆက်ဆက်ပြန်လာ ပူဇော်ပါ့မယ်ဆိုပြီး ကျုပ်ခြေအစုံကို ဦးချ နောက်လှည့်မကြည့်စတမ်း ထွက်သွားတဲ့ တပည့်ရဲ့ ကြောပြင်ကို ကြည့်ရင်း ကာမဘုံသား ကျုပ်စိတ်အစဉ်မှာ ရေရွတ်မိပါတယ် ရင်တွင်းမှာ ရှိုက်ရင်းပေါ့

ဖြစ်လေရာဘဝ ဆရာ့လို ဆရာမျိုးနဲ့ မဆုံပါစေနဲ့

နှောင်းနောင်အခါများ သူရဲ့ ရက်စက်မှု ကြမ်းတမ်းမှုတွေကို ရေရွတ်ကြတိုင်း ကျွနု်ပ်ရဲ့ လွဲမှားခဲ့တဲ့ ကာမချစ်ခြင်း ဝန်တိုခြင်း ကိုသာ ညွှန်းပြ ရှုတ်ချပါစေတော့.......

✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖

သန်းထွန်လေး
အင်းတဲရွာ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...