ပေါ်တင်ဘမမောရဲသူတို့ရဲ့လက်သုံးစကား (ငတိုလှိုင်ရဲ့အဆုံးသတ် / ၅၁)
.
ကျွန်တော်တို့ရဲ့စစ်အာဏာရှင်ကို ဖီဆန်တော်လှန်တဲ့ပွဲမှာ ရန်သူမိတ်ဆွေရယ်လို့ ဘက်နှစ်ဖက်ပဲရှိရင် ခုထက်အများကြီးခရီးရောက်ပြီးဖြစ်နေလိမ့်မယ်လို့ ယုံကြည်မိတယ်
နီရင်နီစိမ်းရင်စိမ်း သိပ်ပြဿနာမရှိလှဘူးပေါ့
ပြတ်ပြတ်သားသားမို့ ကွဲပြားတာမို့ ရှင်းလင်းတယ်မဟုတ်လား
အရောင်ကြောင်တွေကကျ ဒီလိုမဟုတ်ဘူး ရုတ်တရက်မတရားပြုမှုကိုမြင်တွေ့ရချိန် ခံရသူဖက်ကပါဝင်ပေမယ့် ကာလတခုအကြာမှာ ကိုယ်နဲ့မသက်ဆိုင်သလိုဖာသိဖာသာပြုလာတယ် နောက်များတော့ဆရာကြီးအထာနဲ့ လေကန်ရင်း အရှိန်တင်မရအောင် ဂျန်းတုံးလိုက်ခုတော့တာပဲ ဒါကမလုပ်သင့်ဘူး ဒါကဘာအခွင့်အရေးချိုးဖောက်တယ် ဒီလိုမဟုတ်ဘူးလေ စသည်ဖြင့်ပေါ့
_______________________
ဒီလူတွေအတွက် NLD ရဲ့ အားနည်းချက်တွေကို ဇာဂနာကြီး
ကဝေဖန်တော့ ဆရာကြီးဟံသာဝတီဦးဝင်းတင် (၁၉၃ဝ -၂ဝ၁၄ ) ရဲ့ တုံ့ပြန်မှုလေးနဲ့ ပြောဆိုချင်မိတယ်
ဟုတ်လား လာခဲ့ မင်းကိုယ်တိုင်ဝင်ပြီး မှားတာတွေကိုလာပြင်လှည့် အားနည်းတာတွေကို တိုးတက်အောင်လာလုပ်လှည့်တဲ့
_______________________
ဟုတ်သားဘဲဗျ အမှန်တော့သူတို့က သူတို့ကိုယ်ကျိုးစီးပွားကို တိုက်ရိုက်ထိလာချိန်မှာမှ အသံတွေထွက်လာတာကိုး
မတရားပြုသူကိုမြင်သော်လည်း ဖီဆန်ဖို့သတ္တိမရှိချိန်မှာ သို့တည်းမဟုတ် သူတို့သာတော်လှန် ငါနဲ့မဆိုင်လို့မှတ်ယူထားတဲ့သဘောဖြစ်နေတာကိုး
ထိုသူတို့က ခုခေတ်မှာတော့ ပေါ်တင်ကြီး ကလန်ကဆန်ပြုရာမရောက်အောင် ဒီစကားနှစ်ခွန်းကိုတွင်တွင်သုံးလို့ တော်လှန်ရေးကိုဝေဝါးအောင် အားနည်းအောင်ပြုလာကြတယ်
_______________________
၁။ငြိမ်းချမ်းချင်ပြီ
၂။ကြားထဲကပြည်သူတွေပဲထိခိုက်တယ်
_______________________
အမှန်တော့ ဒီတော်လှန်ရေးက ဘယ်လိုစတင်ဖြစ်ပေါ်လာလဲ သူတို့မသိမဟုတ်သိပါတယ် နိုင်ငံကို လက်နက်အားကိုးနဲ့မတရားသိမ်းပိုက်သူတွေကြောင့် ပထမနိုင်ငံတဝှမ်းလုံးက ကိုယ်စီဆန္ဒတွေထုတ်ဖော်ကြွေးကျော်လို့ ယဉ်ကျေးစွာအကြမ်းမဖက်ဘဲ တောင်းဆိုခဲ့ကြတယ်
သူတို့လည်းပါကောင်းပါခဲ့မှာပါပဲ
နောက်များတော့ အများသိတဲ့အတိုင်း အာဏာရှင်က လူလိုတောင်းဆိုလို့မရ ခွေးရူးမောင်းသလိုမောင်းထုတ်ပါမှရမယ့်အရေးမို့ မလွှဲသာမရှောင်သာ လက်နက်စွဲကိုင်ရမယ့်အခြေအနေဆီတွန်းပို့ခံခဲ့ရတာ
ဒီမှာ လက်နက်စွဲခဲ့ကိုင်သူတွေက သွေးစာနေသူတွေမဟုတ်ဘဲ သူလိုကိုယ်လို သွားလာလှုပ်ရှားနေထိုင်ခဲ့ကြတဲ့ သာမန်အလုပ်သွားအလုပ်ပြန်လို့ မိဖ သမီးသား ဇနီးမယားလင်ယောက်ျားနဲ့သာယာပျော်ရွှင်စွာနေနိုင်ခွင့်ကို စွန့်လွှတ်လို့ အများအကျိုးအတွက် စစ်မှန်တဲ့လွတ်လပ်မှုကိုရဖို့ ကိုယ်စားရယူပေးဖို့ဒီလမ်းကို ရွေးခဲ့ကြတာ
သဘောက လက်နက်အားကိုးနဲ့ နိုင်ငံသားတိုင်းရဲ့ပကတိအခွင့်အရေးကို စိုးမိုးချယ်လှယ်ဖို့ အားထုတ်သူတွေနဲ့ ထိုအခွင့်အရေးတန်ပြန်ရယူနိုင်ဖို့ မလွှဲသာမရှောင်သာ လက်နက်စွဲကိုင်ခဲ့ရတဲ့ သာမန်သူလိုကိုယ်လို ညီတွေအစ်ကိုတွေမောင်တွေနှစ်မတွေသားတွေသမီးတွေမိတွေဖတွေကတဖက်ဆိုတာ ရှင်းလင်းစွာမြင်ဖို့လိုတယ်
သူတို့က ကိုယ့်ကိုယ်စား မတရားမှုကိုတော်လှန်အနိုင်ယူဖို့ ကြိုးစားပေးနေသူဆိုတာ မှတ်ထားဖို့လိုတယ် သူတို့အောင်နိုင်ရင် ကိုယ့်မျိုးဆက်တွေပါ ကောင်းမွန်တဲ့အနာဂါတ်ရရှိစေမယ်ဆိုတာ နားလည်ဖို့လိုတယ်
ဒီလိုမြင်သာရှင်းလင်းတဲ့ အကြောင်းတရားရှိရဲ့နဲ့
ငြိမ်းချမ်းချင်ပြီဆိုတဲ့စကားက ဘာအထာလဲ
မငြိမ်းချမ်းအောင်လုပ်ခဲ့တာလုပ်နေတာကဘယ်သူလဲ
ကိုယ့်အိမ်မှာကိုယ်နေတာတောင် စိုးတထိတ်ထိတ်နဲ့ကြောင့်ကြနေရအောင်ဖန်တီးတာဘယ်သူလဲ
ဒါကိုမတုံ့ပြန်ပဲ ငြိမ်ခံနေတာကအေးချမ်းတာလား ငြိမ်းချမ်းတာလား တန်ပြန်အနိုင်ယူဖို့မကြိုးစားထိုက်ဖူးလား ငြိမ်းချမ်းချင်ပြီဆိုတာထက် အောင်နိုင်ချင်ပြီဆိုတာက ပိုဖြစ်သင့်တယ်မဟုတ်လား
_______________________
၂။ကြားထဲကပြည်သူတွေပဲထိတယ်
_______________________
ဒီစကားက ပိုတောင်ဆိုးသေးတယ်
လက်နက်အားကိုးပြီး မတရားဖိနှိပ်သူတွေနဲ့ မလွှဲသာမရှောင်သာ ကိုယ်တွေကိုယ်စားလက်နက်စွဲကိုင်လို့ ပြည်သူတွေထဲကပေါက်ဖွားလာတဲ့ ပြည်သူကမွေးပြည်သူ့သွေး သားကောင်းတွေကို မတရားမှုကိုတော်လှန်ပေးသူတွေလို့မမြင်ဘဲ သီးခြားလက်နက်ကိုင်အဖွဲ့အဖြစ်စွပ်စွဲလို့ ပြည်သူတွေနဲ့ PDF ကိုသပ်လျှိုသွေးခွဲတဲ့စကားမဟုတ်လား
ဒီစကားတွေက တော်လှန်ရေးရဲ့တန်ဖိုးနဲ့ တော်လှန်ခြင်းရည်ရွယ်ချက်ကို သေးသိမ်အောင် အားနည်းသွားအောင်ပြုတဲ့ သိမ်ဖျင်းတဲ့စကားတွေလို့ဆိုချင်တယ်
တနည်း ပေါ်တင်ဘောမမရဲသူတွေရဲ့လက်သုံးဆိုပါတော့
_______________________
စစ်အာဏာရှင်စနစ်အောက်ကနေ ကိုယ်ကောကိုယ့်မျိုးဆက်တွေပါ အမှန်တကယ်လွတ်မြောက်ချင်ရင် တကယ်ဖြစ်သင့်တာက ငြိမ်းချမ်းချင်ပြီဆိုတာထက် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းအောင် ငါတို့အားလုံးအတူတကွပါဝင်ကြမယ်ပါဝင်သင့်တယ် အောင်နိုင်ချင်ပြီ အောင်နိုင်ရမယ်ဆိုတဲ့ စကားကိုသာ ပိုသုံးသင့်တာမဟုတ်လား
_______________________
ညွှန်းဆိုခဲ့တဲ့ ဆရာကြီး ဟံသာဝတီဦးဝင်းတင်ရဲ့ ပြောစကားကို ဆရာဇာဂနာက ကျွန်တော်နှင့်ထောင်နီးနားချင်းများဆိုတဲ့စာအုပ်မှာ မှတ်တမ်းတင်ထားပါတယ်
အဆိုပါစာအုပ်ကို နွေဦးနရသိံယူကျုချန်နယ်မှာ ကိုသောင်းရီဖတ်ပြထားတာရှိတယ်ဗျ အဲ့သည်မှာသွားရောက်နားစဉ်လို့ တော်လှန်ရေးအတွက် တတပ်တအားပါဝင်နိုင်ပါတယ်
လူကြီးမင်းတို့ရဲ့အားထုတ်မှု အဟောသိကံမဖြစ်ဖို့ VPN ခံဖို့လည်းမမေ့နဲ့အုံးဗျနော
။
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
ကိုလေး ☆ အင်းတဲ

No comments:
Post a Comment