သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Tuesday, March 17, 2026

ဇာတ်သဘင် မူလသဘောသို့ ပြန်လည်သက်ဆင်းသွားပြီလား ...? ⚽ အောက် တိုးဝင်သွားတဲ့ သရုပ်ဆောင်လောက (ငတိုလှိုင်ရဲ့အဆုံးသတ် / ၄၈)

 

ဇာတ်သဘင် မူလသဘောသို့ ပြန်လည်သက်ဆင်းသွားပြီလား ...?

⚽ အောက် တိုးဝင်သွားတဲ့ သရုပ်ဆောင်လောက

(ငတိုလှိုင်ရဲ့အဆုံးသတ် / ၄၈) 

____________________________


မူလသဘော.....


အနုသုခုမအကရဲ့မူလအစဖြစ်ပေါ်လာပုံက အများပြည်သူတို့အတွက်ရယ်လို့ ဟုတ်ဟန်မတူဘူး ပြီးတော့ ကြည့်ရှုသူမင်းစိုးရာဇာတို့အတွက် မျက်စိပဋာသဖြစ်ဖို့ စိတ်လက်အပန်းဖြေစေဖို့သက်သက်ထက်လည်း ဘာမှပိုဟန်မတူဘူး

____________________________


အသုံးချခံရမှု.....


နောက်များတော့ ဒီသုခုမကိုအသုံးချလို့ အုပ်စိုးသူတို့က သူတို့နည်းနာတွေကို လူထုအကြားသတင်းဖြန့်ဖို့ လူထုကိုဆွဲဆောင်ဖို့ လက်နက်တခုသဖွယ် အသုံးချလာကြတယ်


____________________________


လူထုကြားသို့ ...


ပြီးတော့ သူတို့မတရားလုပ်ဆောင်မှုတွေကို သတိမမူမိအောင် အာရုံလှည့်စားဖို့ တိမ်းမူးဖွယ်ပျော်ပွဲရွှင်ပွဲတွေ တမင်ဖန်တီးပေးဖို့ ပြည်သူလူထုကို ဖျော်ဖြေစေခဲ့တယ် 


ဒီလိုနဲ့ လူထုကြားရောက်လာခဲ့တယ်ပေါ့


ဒီထဲကမှ စွမ်းစွမ်းတမံရှိသူတွေကို အမူထမ်းအရာထမ်းတွေကိုမြှောက်စားသည့်နည်းတူ နယ်ပယ် ရွာတွေကိုအပိုင်စားပေးလို့ ထိုရွာကထွက်သမျှ အခွန်အတုတ်တွေကို ရပိုင်ခွင့်စားပိုင်ခွင့်ပေးခဲ့တယ် 


(( ဒါကြောင့် ဆိုင်းဆရာတွေကို ရွာစား လို့ ဂုဏ်ထူးဝိသေသတပ်ပြီးခေါ်ကြတာ ))


ဒီလိုပွဲလမ်းသဘင်တွေ ခြိမ့်ခြိမ့်သဲ ကျင်းပနေခြင်းက

သာယာအေးချမ်းနေပါတယ် ပကတိတည်ငြိမ်အေးချမ်းနေပါတယ်လို့ အများသူငှာ ပတ်ဝန်းကျင်နိုင်ငံတွေကို ထင်လာမြင်လာအောင် ပုံမှားရိုက်ဖို့ အထောက်အကူကောင်းအဖြစ် အသုံးချလာခဲ့ကြတာ


(( ဒီသဘောကိုတည်လို့ စစ်ခွေးတွေက ခု သူတို့နဲ့သဘောညီတဲ့သူတွေကို တမင်လွှတ်ထားတာဖြစ်ပုံပဲ))


ပြီးတော့ ယေဘုယအားဖြင့် ဒီလိုပျော်ပွဲရွှင်ပွဲပြုလုပ်ဖို့ အေးအေးဆေးဆေးထိုင်ကြည့်နေနိုင်ဖို့ ဆိုတာကလည်း အောင်ပွဲရနေချိန် တိုင်းပြည်သာယာအေးချမ်းပြီး စားရေးသောက်ရေးတို့လည်းမကြောင့်ကျရတဲ့အချိန်မှာမှ ပိုဖြစ်နိုင်တယ်မဟုတ်လား 


ဒါကြောင့်ပဲ အနုပညာဆိုတာ နိုင်ငံရဲ့မျက်နှာစာ ဒီလောကတိုးတက်ကြီးပွားခြင်းက နိုင်ငံတည်ငြိမ်အေးချမ်းသာယာမှုရဲ့ပြယုဒ်အဖြစ်တည်ရှိနေခဲ့တာ သမိုင်းကိုလေ့လာရာမှာ အဲ့နိုင်ငံရဲ့တည်ငြိမ်အေးချမ်းမှုကို လေ့လာရာမှာ ဒီအချက်ကိုယေဘုယအားဖြင့် ထောက်လှမ်းကြည့်ကြတာ 

____________________________


တိုးတက်လာခြင်း ....


ဖျော်ဖြေသူတို့အနေနဲ့လည်း ထိုသို့ပေးကမ်းချီးမြှောက်ကိုရမှ နေရေးထိုင်ရေးစားရေးသောက်ရေးအတွက် ပူပင်ကြောင့်ကျနေစရာမလိုဘဲ မိမိတို့ရဲ့ ပင်မလုပ်ငန်းကို တိုးတက်အောင် ဆန်းသစ်အောင် တီထွင်ကြံဆနိုင်မယ်မဟုတ်လား


ပထမ သာမာန်ကိုယ်ကာယလှည့်ပတ် ခန္ဓာကွေးညွှတ်လို့ စည်းချက်တကျလှုပ်ရှားပြရုံသက်သက်ကနေတဆင့်တက်လို့ စာပေနဲ့တွဲဖက်လို့ ဇာတ်လမ်းလေးတွေတည်လို့ ပျော်ရွှင်မှု ဝမ်းနည်းမှု တက်ကြွမှု လွမ်းမောမှုတွေကို ခံစားသက်ဝင်စေခဲ့ကြတယ်


နောက်ပိုင်းမှာထိုထက်မက ကြည့်ရှုသူတွေကို ခံစားမှုသာမက ဘာသာရေးအတွေး နိုင်ငံရေးအသိတွေပါ ဖြန့်ဝေနိုင်စေဖို့ ကိုယ်တိုင်ကလေ့လာစည်ပူးဖြည့်စဉ်းရင်းက ကြည့်ရှုသူကော တင်ဆက်သူပါ ခံစားသက်ဝင်မှုနဲ့ ဝေဖန်ဆန်းသစ်နိုင်မှုရေချိန် ပြိုင်တူတိုးတက်လာခဲ့တာ

____________________________


ကိုယ်တိုင်တည်ဆောက်ခဲ့တဲ့ ဂုဏ်သိက္ခာ ....


ပြီးတော့ သူတို့က မင်းနေပြည်သာမက နိုင်ငံအဝှမ်း တောကြိုအုံကြား လှည့်လည်သွားလာဖျော်ဖြေရင်းက အာဏာရှိသူအာဏာမဲ့သူ ငွေရှိသူမဲ့သူ ဂုဏ်ရှိမရှိသူ စသည်ဖြင့် လူတန်းစားအစုံနဲ့ ထိတွေ့ဆက်ဆံခဲ့ကြတာမို့


ဆိုင်း နဲ့ ဇာတ်သဘင်က အခြားအနုပညာသည်တွေထက် ပိုပြီး အလွှာစုံရဲ့ပကတိခံစားချက်ကို နားလည်တာ စာနာနိုင်တာနေမှာ

____________________________


တာဝန်တခု ခွဲယူခြင်း ...


ဒါကြောင့် အလွှာတခုနဲ့တခုကြားက အချိတ်အဆက်မမိဘဲ မယုံကြည်နိုင်တာ ကြောက်နေတာ အသားလွတ်ခြောက်နေတာ သံသယနဲ့ စိုးထိတ်နေတာ ရှိန်နေတာတွေကို ပေါင်းကူးပေးနိုင်ဖို့


အသံမှန်ကို သိစေဖို့ ကိုယ်စားရင်ဖွင့်ပေးခဲ့ကြတယ်


ပြီးတော့ အာဏာရှိသူတို့ရဲ့တရားလွန်အာဏာလွှမ်းမိုးမှုနဲ့ အုပ်စိုးခံတို့ရဲ့ မှန်မှန်မှားမှား ခွန်းတုံ့မလှန်ရဲ ပိပြားနေအောင် စိုးထိတ်နေရတဲ့ အသံတွေကို ကိုယ်စားထွက်လို့ အများပြည်သူတို့ဖက်ကနေ ရဲရဲရပ်လို့ ပြည်သူကိုမျက်နှာမူခဲ့ကြတယ်


ဒါကြောင့်ပဲ သာမန်ပြည်သားလူထုပရိတ်သတ်ရဲ့ချစ်ခင်လေးစားမှုကို ပိုရတာ သူတို့နှလုံးသားထဲ တာရှည်စွဲကျန်ခဲ့တာနေမှာ 


ယခုကာလ ‌ကျွန်တော်တို့ရဲ့တော်လှန်အနုပညာရှင်ဖြစ်တဲ့ ဆိုင်းဆရာလေးဖိုးသင်္ကြန်ရဲ့ကြင်ဖက် အကဆရာမ ဆန်းနီလာဝင်း လည်း တလောက ဒီစကားကို အလေးထာပြောသွားတာတွေရတယ် ကျွန်မတို့က ပြည်သူကိုသာမျက်နှာမူတာပါတဲ့


____________________________


တန်ဖိုးမြင့်တက်ခြင်း ....


ဒီရပ်တည်မှုကြောင့်လည်း ဇာတ်သဘင်ဆိုတာ အုပ်စိုးသူတို့အတွက် အပျင်းတော်ပြေအောင် ပျော်တော်ဆက် နေရသူတွေဆိုတာထက် သူတို့ရဲ့ဖြစ်တည်မှုက ဂုဏ်သိက္ခာများစွာမြင့်တက်လာခဲ့တယ်


ပြည်သူလူထုက ရင်ထဲအသည်းထဲကကို လှိုက်လှိုက်လှဲလှဲ အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုခဲ့ကြတာ ဒီစကားလေးနဲ့ပေါ့ 


ဇာတ်သမားလာရင် မှတ်သားစရာပါတယ်တဲ့ 


ဒီစကားက သာမန်မဟုတ်ဘူးနော် ရုပ်ရည်သွင်ပြင် အချိုးအစားကျနလို့ ချစ်ရုံအားပေးရုံသက်သက်မဟုတ်ဘူး 


သူတို့ကိုယ်တိုင်တည်ဆောက်ခဲ့တဲ့အဆင့်အတန်းကို အများပြည်သူတို့က လိုလိုလားလား အသိအမှတ်ပြုလက်ခံထားတဲ့သဘော အမြတ်တနိုး တန်ဖိုးထားတဲ့သဘော


____________________________


ရုပ်ရှင်...

သူကတောဇာတ်သဘင်နဲ့ခြားနားစွာပဲ မူလပေါ်စကတည်းက အုပ်စိုးသူလူတန်စားမတွက်ရယ်လို့မဟုတ်ဘဲ အများပြည်သူတို့ စိတ်လက်အပန်းပြေစေဖို့ ရည်ရွယ်ဖန်တီးကြပုံပဲ 


ချာလီချာပလင်တို့ ကြောင်နဲ့ကြွက်တို့ကြည့်ပေါ့ 


နောက်များတော့ အတွေးအမြင်ဆန်းသစ်မှုနဲ့အတူ ခေတ်ကိုပါဦးဆောင်ခေါ်ယူမယ့် ပြယုဒ်အဖြစ် ဩဇာအရှန်အဝါကြီးမားခဲ့တယ်


ဘယ်ရုပ်ရှင်ကတော့ ဘယ်လိုပြောသွားတာ ဘယ်လိုလုပ်သွားတာ ဘယ်လိုအတွေးအခေါ်တွေပါတာ စသည်ဖြင့်ညွှန်းတာတွေ တွေ့ဖူးမယ်ထင်တယ် 


အချို့သရုပ်ဆောင်တွေက ဖျော်ဖြေရေးသက်သက် ပေါပေါပဲပဲလျှောက်မလုပ်ဘဲ ကြည့်ရှုသူပရိတ်သတ်ကို တခုခုချပြနိုင်ဖို့ကြိုးစားရင်း သူတို့ပုံရိပ်ကို မြင့်မြင့်မားမားတည်ဆောက်ကြတာ


သူ့ကားဆို တခုခုရလိမ့်မယ်လို့ ယုံကြည်စိတ်ချမှုမျိုးပေးနိုင်သည်အထိပေါ့

____________________________


မူလဆီသို့ ပြန်လည်နိမ့်လျောသွားခြင်း ....


ခုများတော့ အချို့သောသဘင်သည်တွေ သရုပ်ဆောင်တွေဟာ သူတို့ဘိုးဘေးတို့ ကျားကုတ်ကျားခဲ အားထုတ်မြှင့်တင်ခဲ့ကြတဲ့ ဇာတ်သဘင်ရဲ့အဆင့်အတန်းကို အုပ်စိုးသူအလိုကျ အပျင်းတော်ပြေအောင် ပျော်တော်ဆက်သူသက်သက်စီ ပြန်တိုးဝင်နေကြပြီထင်ပါရဲ့ဗျာ

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ



No comments:

သန်းထွန်းလေး (အင်းတဲရွာ)

အသက (အသီးသီးအသကအသက)

  ဒီဝေါဟာရလေးက သူ့ချည်းသက်သက်က အသုံးရှိဟန်မတူဘူး ရထားတွဲလိုပေါ့ သူ့ကိုသုံးချင်ရင် ရှေ့ကတွဲစပ်ခေါ်ယူပေးမယ့် စကားစုလေးကို အရင်းလှမ်းမျှော်တော...