ဥပကကြီးကို ခြေရာကောက်ကြည့်ခြင်း
.
ဗုဒ္ဓဘာသာစာပေမှာ သိဒ္ဓတ္ထမင်းသား ဉာဏ်အလင်းရပြီး ပထမဆုံးတွေ့သူလူသားအဖြစ် မှတ်တမ်းပြုခြင်းခံရသူဖြစ်ပါတယ်
ဘုရားပွင့်ပေါ်ရာနေရာက လူသူနဲ့သိပ်ဝေးဟန်မတူ သူ့နည်းတူတရားအားထုတ်သူတွေလည်းရှိနိုင်တော့ ပထမဆုံးတွေ့တာလို့မုချမဆိုနိုင်ဘူးပေါ့
ဒီတော့ ပထမဆုံးနှုတ်ဆက်စကားဆိုတဲ့ အထူးတလည်မှတ်တမ်းပြုထိုက်တဲ့ လူသားလို့ပဲ ရိုးရိုးလေးမှတ်ထားတာ ပိုသင့်လျှော်လိမ့်မယ်ထင်ပါတယ်
______________________________________
သူ့အကြောင်းကို ....
ပဉ္စဝဂ္ဂီ (ပဉ္စဆိုတာက ၅) ဒီတော့ ငါးပါးစုဝေးလို့ တရားရှာမှီးသူရသေ့တို့ကို တရားဦးဟောဖို့အသွားလမ်းမှာတွေ့ဆုံချိန် အသက်အရွယ်ပိုကြီးသူဖြစ်သူဖြစ်လင့်ကစား လမ်းဖယ်ပေးလို့ အထူးတလည်လေးစားမှုပြသွားသူ
ပြီးနောက် တောရွာအနီးမှာတရားကျင့်သုံးရင်း တပည့်တကာမုဆိုးရဲ့သမီး မစာပါ ကို မြင်တွေ့လို့ စုံမက်စိတ်နဲ့ လူထွက်ကာအိမ်ထောင်ပြုပြီးနောက် သုဘဒ္ဒအမည်ရ သားလေးမွေးဖွားပြီးနောက်မှာ ဇနီးသည်ရဲ့ငြူစူစောင်းမြောင်းမှုတွေကို သည်းမခံနိုင်သည့်အဆုံး
ဂေါတမဗုဒ္ဓသာသနာသို့ဝင်ရောက်ကာ အနာဂါမိဉာဏ်ရပြီးနောက် ကွယ်လွန်သွားပြီးအဝိဟာဘုံမှာ တဖန်ဘဝဖြစ်ပေါ်ကာ ယင်းဘုံမှာပဲ အရဟတ္တမဂ်ရပြီး နိဗ္ဗာန်စံဝင်မယ့်သူအဖြစ် အားလုံးအကြမ်းဖျင်းသိထားကြပါလိမ့်မယ်
လောလောစဉ်တော့ ထိုဘုံမှာပဲ ရှိကောင်းရှိနေအုံးမှာပေါ့
ထားတော့
________________________________
အမျိုးဇာတ်ကိုဆန်းစစ်ခြင်း
________________________________
ဒါကနည်းနည်းအကြမ်းဖျင်းဆန်လွန်းတယ် ဥပကကြီးရဲ့သရုပ်မှန်ကို မခြုံငုံမိစေဘူးလို့ထင်တယ် ကဲဒီတော့ နည်းနည်းလောက်ထပ်ပြီးခြေရာကောက်ကြည့်ရအောင်
ပထမဆုံးအနေနဲ့ သူက ဗြဟ္မဏတဦးလို့ဆိုပါစို့
ထိုဘာသာက ဂျိန်းဘာသာရှာဖွေဖော်ထုတ်သူ မဟာဝီရတို့ ဂေါတမဗုဒ္ဓတို့ထက် အတော်စောစောကတည်းပေါ်ပေါက်ခဲ့တာလို့ သက်ဝင်သူတို့ယုံကြည်ကြတယ်
ဒါပေမယ့် ဂျိန်းစာပေ ဗုဒ္ဓစာပေတွေမှ ဗြဟ္မဏဘာသာကိုခြေရာကောက်ကြည့်ရာမှာတော့ ခုဗြဟ္မဏဘာသာဝင်တို့လက်ခံထားသလိုဟုတ်ဟန်မတူဘဲ ယစ်ပူဇော်တာတွေ သားသတ်ငါးသတ်တွေရောပြွန်းနေပုံပဲ
ဂျိန်းဘာသာနဲ့ ဗုဒ္ဓဘာသာပေါ်ထွန်းလာပြီးနောက်ပိုင်းမှာ အလွန်းအားကောင်းတဲ့ထိုဘာသာတို့ရဲ့လွှမ်းမိုးမှုကြောင့် ရှင်သန်နိုင်အောင် ကောင်းနိုးရာရာတွေထုတ်ယူဆွဲသွင်းပြီး ပြန်လည်လွှမ်းမိုးအနိုင်ယူဖို့ကြိုးစားခဲ့ကြရာက ယနေ့ခေတ်ဗြဟ္မဏဘာသာဖြစ်ပေါ်လာတယ်လို့ သမိုင်းပညာရှင်တို့ ဆိုကြတယ်
________________________________
(အကျယ်သိချင်ရင်တော့ ပါမောက္ခ ဂျွန် ဘီ နော့ (၁၈၉၆-၁၉၈၀) ရဲ့
၁၉၄၉ ခုနှစ်က ထုတ်ဝေခဲ့တဲ့ Men's Religions စာအုပ်ကို
ဆရာဆန်းလွင် (၁၉၄၈-၂၀၀၂)က
၂၀၁၆ နိုဝင်ဘာလမှာ လူတို့ကိုးကွယ်ရာဘာသာကြီးများ
(နောက်ခံသမိုင်း နှင့် အဆင့်မြင့်ဒဿနများ) ဆိုတဲ့အမည်နဲ့ဘာသာပြန်ဆိုရေးသားထားတဲ့စာအုပ်ကို ဖတ်စေချင်ပါတယ်)
အဆိုပါစာအုပ်ကို ဒို့အညာယူကျုချန်နယ်မှာ ကိုဝင်းဦးဖတ်ပြထားတာရှိတယ်ဗျ
________________________________
ဗြဟ္မဏတွေရဲ့ လူမှုအလေ့အကျင့်
________________________________
ဆိုခဲ့သလို ဥပကကြီးက ဗြဟ္မဏဇာတ်ဖြစ်တယ်ဆိုရင် ဗြဟ္မဏတွေရဲ့ ဘဝဖြတ်သန်းမှုကို အကြမ်းဖျဉ်းလေ့လာကြည့်ဖို့လိုတယ်
သူတိုက ငယ်စဉ်ကတည်းက အသက် ၄၅နှစ်ထိတိုင်အောင် ဝေဒလေးပါးဆိုတဲ့
၁။ဣရုဝေဒ ။ ဂါထာများ အာဂုံဆောင်ဖို့ကျက်မှတ်ခြင်း
၂။ယဇုဝေဒ ။ ယတြာသဘော ယဇ်ပူဇော်ခြင်းဆိုင်ရာကျွမ်းကျင်ဖို့
၃။သာမဝေဒ ။ကျကျနနသီကြွေး ပသတတ်ဖို့
၄။အထဗ္ဗဝေဒ ။နေ့စဉ်ဘဝ နေထိုင်မှုဆိုင်ရာ အတတ်ပညာတွေနဲ့ ၊ ဆေးဝါးနှင့် ဂါထာမန္တန်
စတာတွေကို သင်ယူဖို့ ပညာရှာတယ် ကျောင်းတက်ရတယ်လို့ဆိုတယ်
ဒီမှာနံပါတ်လေး အထဗ္ဗဝေဒကိုသတိထားဖို့လိုတယ် ဘုန်းကြီးတပါးလိုမဟုတ်ပဲ လောကီလူ့ဘောင်မှာ ကြင်လည်မယ်ဆိုရင်လည်း ကောင်းစွာအသက်မွေးနိုင်နိုင်ဖို့ ရည်ရွယ်သင်ကြားပုံပဲ
________________________________
မဖြစ်မနေ မျိုးဆက်ဖြန့်ဖို့တာဝန်
________________________________
ထိုကဲ့သို့ သင်ယူအပြီးအသက် ၄၅နှစ်အရွယ်ရောက်လာချိန်မှာ လောကီလူ့ရပ်ကိုခေတ္တ မဖြစ်မနေပြန်လို့ မျိုးဆက်ပြန့်ပွားဖို့ လုပ်ဆောင်ရတယ်လို့ဆိုတယ်
သားမျိုးစေ့ချပြီးမှသာ လောကီအာရုံတွေကို မတပ်မက်ပါက ဇနီးသားကိုချက်ခြင်းစွန့်ခွာလိုကစွန့်ခွာပြီး နောင်တမလွန်ဘဝအတွက် ပြင်ဆင်အားထုတ်ကြသလို
သို့တည်းမဟုတ် အသက်အရွယ်ကြီးရင့်လို့ မီးစာကုန်ဆီခမ်းအရွယ်ကျမှ တောရပ်မှီးတာမျိုးလည်း လုပ်ခွင့်ရှိတယ်လို့ဆိုတယ် ဒီအခါမှာ ပြုစုစေဖို့လိုက်ပါလိုက ဇနီးသည်ကိုလည်းခေါ်ခွင့်ရှိပေမယ့် ဘဝနောက်ဆုံးမှာ အမှီမယူပဲ တကိုယ်တည်း အားထုတ်မှုကသာ မြင့်မြတ်သောဘဝကူးမှုလို့ မှတ်ယူပုံလည်းရတယ်
ဒီမှာဇာတ်နိမ့်တို့က သူတို့မျိုးဆက်ကို ပညာလည်းတတ် အမျိုးဇာတ်လည်းမြတ်တယ်လို့ယုံကြည်တဲ့ ဗြဟ္မဏဇာတ်နဲ့ဆက်ယှပ်ဖို့အခွင့်အလမ်းရနိုင်ခွင့်ကို လိုလိုလားလားတောင်းတမျှော်လင့်မှုရှိမှာလည်း သဘာဝကျတယ်မဟုတ်လား
ခုခေတ်လည်းကြည့်လေ သွားမပါကားပါရင်လာသာလာ ဆိုတဲ့စကားရှိတယ်မဟုတ်လား
ပညာတတ်သူတို့ ပစ္စည်းဥစ္စာရှိသူတို့ဆိုရင် ကိုယ့်သားသမီးတင့်တောင်းတင့်တယ်နေနိုင်ဖို့ရယ်လို့တွေးပြီး အသင်အရွယ်ကြီးပါစေ ချိတ်ဆက်ချင်ကြတာမျိုးပေါ့
________________________________
မုဆိုးကြီးက သူ့သမီးကို ဘာကြောင့်ပေးတာလဲ ..?
________________________________
ဒီသဘောကိုကြည့်ရင် မုဆိုးကြီးက သူ့သမီးမစာပါကို ဥပကကြီးနဲ့ လက်ဆက်ဖို့ လိုလိုလားလားရှိခဲ့မယ်ဆိုရင် တမျိုးကြီးမဖြစ်လောက်တော့ပါဘူး
ဒီတော့ ဇာတ်ထဲမှာပြသလို အချို့စာပေတွေမှာလို ဥပကကြီးဟာ ယောက္ခမမုဆိုးကြီးနောက်လိုက် မုဆိုးတပည့်လုပ်ရင်း ဇနီးသည်ကပြောသမျှ ငူငူကြီးထိုင်မှိုင်နေတာမျိုးက သဘာဝတော့မကျလှဘူးပေါ့
ဒီမှာဥပကကြီးက ဘုန်းကြီးဝတ်နဲ့ ရသေ့ရဟန်းလည်းဟုတ်ချင်မှဟုတ်မယ်ဆိုတာ သတိချပ်ဖို့လိုတယ် အသက်အားဖြင့်တော့ ၄၅ ၊ ၅၀ ကျော်ကောင်းကျော်မယ်ပေါ့
________________________________
မစာပါက တကယ်ငြူစူသလား..?
________________________________
ပြီးနောက်မှာ ဇနီးသည်ရဲ့ငြူစူစောင်းမြောင်းမှုကြောင့် လူ့လောကီကိုစိတ်ကုန်လို့ တရားကျင့်ဖို့ စောစောစီးပဲ ပြန်ရွေးချယ်သွားတယ်လို့အများသိကြပေမယ့် အချို့စာပေတွေမှာ တောထွက်ဖို့အလုပ်မှာ မစာပါက တော်တော်လေးတားခဲ့တယ်လို့လည်းဆိုတယ်
ဒါလေးကိုပိုသဘောကျတယ်
အဲ့ဒီခေတ်မပြောနဲ့ ရှေ့ကိုလိုနီခေတ်လောက်မှာတင်ကို အန္ဒိယမှာ ဇနီးသည်ဆိုတာ လင်ယောက်ျားကို မှီခိုနေရတာမျိုးပါ နှုတ်လှန်ထိုးဖို့ ငြူစူစောင်းမြောင်းဖို့မပြောနဲ့ အခွင့်မရှိရင် မျက်တောင်တော်မော်တောင်မဖူးဝံ့ဆိုသလို့ သိပ်ရိုကျိုးရတာ
လင်ယောက်ျားများသေရင် ဇနီးသည်ကို သူပိုင်သူနဲ့ဆက်စပ်မှ ယှဉ်သန်ရမယ့်ဘဝအဖြစ်မှတ်ယူလို့ ရှင်သန်ခွင့်မရှိပဲ ထည့်သွင်းသင်္ဂြိုဟ်လိုက်သည်းအထိ
________________________________
ကိုယ်တွေရဲ့အနုပညာလောက
________________________________
ကိုယ်တွေရဲ့အနုပညာလောကကလည်းခက်တော့ခက်သား မတူရင်လှောင်ပြောင်ဖို့ နှိမ့်ချဖို့ ပိုအားသန်ပုံရတယ် ဇာတ်ထဲဆိုကြည့်ပါလား ပုဏ္ဏားတွေဆိုရင်
ကြည့်တော့စောင်းကန်းစောင်းကန်း
လမ်းလျှောက်တော့ ကွတကွတ
အမြဲခြောက်တွန်းဖို့ချည်းကြံနေသူအဖြစ်ပဲ သရုပ်ဖော်ကြတယ်
________________________________
မာနကြီးသူတွေ
________________________________
အမှန်တော့ မင်းတိုင်ပင်နေရာရယူထားနိုင်တဲ့သူတွေပဲ ဘယ်ညံ့လိမ့်မတုန်း
ရှင်သာရိပုတ္တရာဆိုရင်လည်း အမျိုးဇာတ်က ဗြဟ္မဏ တနည်း ပုဏ္ဏားပဲ အဖေ့ဖက်ကလည်းပညာရ အမေ့ဖက်လည်းပညာရတာမို့ ဝါဒတထောင်တတ်တယ် ခွဲခြမ်းစိတ်ထောက်ချင့်ရာမှာအလွန်တော်တယ်လို့ဆိုတာကို
အဲ့ခေတ်က ဗြဟ္မဏဆိုတဲ့ (ပညာတတ်) နဲ့ ခတ္တိယဆိုတဲ့ (အာဏာရှိသူ)တွေက ခတ်ဖက်ပဲ
ပြင်းပြင်းထန်ထန်မဟုတ်ပေမယ့် ကိုယ်စီမာန်မာနကလေးတွေတော့ရှိကြပုံပဲ
ဒီလိုကာလမှာ ကိုယ့်ထက်လည်းအသက်ငယ်တဲ့ အမျိုးဇာတ်ကွဲပြားသူကို ဥပကကြီးက နှုတ်ဆက်စကားဆိုပြီး တလေးတစားလမ်းဖယ်ပေးတယ်ဆိုတာ တဖက်က ဂေါတမဗုဒ္ဓရဲ့ အရှိန်အဝါကြောင့်လည်းပါနိုင်သလို့ သူကိုယ်တိုင်ရဲ့ စိတ်သဘောထားကျယ်ပြန့်မှုကြောင့်လည်း ဆိုလို့ရနိုင်ကောင်းတယ်
________________________________
ဂျိန်းဘာသာဝင်လား..?
________________________________
သူကျင့်တဲ့အကျင့်က အာဇီဝကတဲ့
စာပေတွေမှာတော့ အဲ့ဒီအကျင့်ကျင့်သူတွေက အဆင်အယင်အားဖြင့် အဝတ်မဝတ်ကြဘူးလို့ဆိုတယ်
ဒီတော့ ဇိန (ဂျိန်း) ဘာသာနဲ့တူနေတယ်
သီးခြားတခုလား ဂျိန်းဘာသာကိုသက်ဝင်ယုံကြည်သူလားတော့မဆိုနိုင်ဘူး
________________________________
ဘုရားနဲ့တွေ့ချိန်က ဝစ္လစ္စလစ်ကြီးလား...?
________________________________
ကျောင်းကထွက်လာလာခြင်းမှာပဲ ဘုရားနဲ့တွေ့တာဆိုရင် သူက ၄၅ ဘုရားက ၃၅ ဆိုတော့ အနည်းဆုံးဆယ်နှစ်နဲ့အထက်ကြီးတယ် ပြီးတော့ထွက်လာလာခြင်းမှာတွေ့တယ်ဆိုရင် ဂျိမ်းဘာသာဝင်ဖြစ်ဖို့မရှိသေးဘူးလို့ ယူဆရမှာပဲ
ဘာကြောင့်လည်းဆိုတော့
သူတို့က ပညာတတ်တော့မာနကြီးတယ် လက်ခံပြီးသားအယူအဆတခုကို တော်ရုံအကြောင်းလောက်နဲ့ အလွယ်တကူမစွန့်လွှတ်တတ်သလို အယူအဆသစ်တခုကို တော်ရုံနှစ်သက်သဘောကျမှုလောက်နဲ့ အလွယ်လက်မခံတတ်ဘူး နည်းပေါင်းစုံခွဲခြမ်းစိတ်ဖြာကြည့်တတ်ကြတယ်
ဂေါတမဗုဒ္ဓသက်တော်ထင်ရှားရှိစဉ််နောက်ဆုံးသာဝကဖြစ်သွားတဲ့ ရှင်သုဘဒ္ဒကြီးဆိုရင်ကြည့်လေ သံသယနဲ့လေ့လာနေလိုက်တာ ဘုရားဖြစ်စကတည်းကပဲ
၄၅နှစ်ကြာ ပရိနိဗ္ဗာန်စံခါနီးမှ သံသယနဲ့မာနတို့ဖယ်ခွာလို့ လာရောက်ရဟန်းပြုသွားတာ
________________________________
အနှစ်ချုပ်
________________________________
ဒီတော့ ဘုရားနဲ့တွေ့ချိန်က ဥပကကြီးက အာဇီဝကအကျင့် ကျင့်သုံးနေတာဟုတ်ချင်မှဟုတ်မယ် ဝစ္လစ္စလစ်ကြီးဟုတ်ချင်မှဟုတ်မယ် ဇာတ်ထဲမှာပြသလို အသက်ငယ်ငယ်ကောင်မလေးကိုတွေ့လို့ အာရုံတပ်မက်ကာ မစားနိုင်မအိပ်နိုင်နဲ့ နွားအိုမျက်နုကြိုက်ကြီးဟုတချင်မှဟုတ်မယ် မယားပြောသမျှခေါင်းငုံ့ခံနေရတဲ့ လူမှုရေးရာဘာမှမတတ်တဲ့ ဘုန်းကြီးလူထွက်ဟုတ်ချင်မှဟုတ်မယ် ဆိုတာသတိကပ်ဖို့ပါ
သေချာတာကတော့ ဥပကကြီးက ငယ်သူကိုတောင်တလေးတစားဆက်ဆံတတ်တာလေးကိုကြည့်ခြင်းအားဖြင့် အတော်ချစ်စရာကောင်းသူကြီး တယောက်အဖြစ်သဘောကျမိတယ်
။
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
ကိုလေး ☆ အင်းတဲ

No comments:
Post a Comment