မြိုင်ရာဇာတွတ်ပီ - လူမှုယဉ်ကျေးမှု ဘာသာရေးအငွေ့အသက်တို့ စိမ့်ဝင်ခြင်း
.
ပထမတော့ ဆရာဆွေမင်း (ဓနုဖြူ) က မြိုင်ရာဇာတွတ်ပီကို မုဆိုးအလုပ် လုပ်ကိုင်စေရာမှာ ဘာခံစားချက် ဘာအတွေးအမြင်မှ မရှိဘဲ မုဆိုးမို့လို့ သားသတ်ရမှာပဲ ဒါသူ့အလုပ်ပဲရယ်လို့ သဘောထားရှင်းလင်းခဲ့ပါတယ်
ဒါကို ဆရာ့ရဲ့အစောပိုင်းလက်ရာဖြစ်တဲ့ ဝါးရုံပင်သရဲ မှာတွေ့နိုင်ပါတယ် အဲ့စာအုပ်မှာ ဆရာ့ရဲ့အတွေးအမြင် ဇာတ်ကောင်တည်ဆောက်ပုံက အတော်ရှင်းလင်းတယ်
ပရိတ်သတ်ဖတ်ပျော်စေဖို့ ဟာသခွင်လေးတွေချိတ်ဆက်ရာမှာလည်း သဘာဝတကျရှိလှတယ်
ဒီမှာ ပေါ်လွင်နေတာက ဦးတွတ်ပီတို့ ဗိုက်ကလေးတို့က ဟာသဇာတ်ကောင်မဟုတ်ဘူးဆိုတာပဲ တမင်ပေါနေတာ ဘယ်အကွက်မှာမှမရှိဘူး လုပ်ရင်းလွဲနေလို့ ရယ်ရတာတော့ တကဏ္ဍပေါ့
ပြီးတော့ ဆရာတွတ်က ပရလောကကို လုံးဝမယုံကြည်တဲ့ စိတ်မြန်လက်မြန်ရှိတဲ့ နှိုင်းချင့်စဉ်းစားတတ်တဲ့သဘောတွေ သေသေချာချာလေးကို ရှိတယ်
_____________________________
နောက်ပိုင်းမှာတော့ ဆရာတွတ်ရဲ့ သက်မွေးလုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စမှာ ဘာသာရေးအငွေ့အသက် စိမ့်ဝင်လာတာကိုတွေ့ရတယ်
ဘယ်လိုလဲဆိုတော့ သူ့အလုပ်နဲ့ပတ်သက်လို့ အရင်လို ကိုယ့်အလုပ်ကိုယ်လုပ်တာပဲရယ်လို့ သဘောမရှင်းတော့ပဲ သက်မွေးအလုပ်မို့သာလုပ်ရပေးမယ့် အလုံးစုံ ကြေနပ်ပျော်ရွှင်နှစ်ခြိုက်ခြင်းမရှိတော့ဘဲ အသတ်ခံတိရစ္ဆာန်တွေအပေါ် ကရုဏာသဘော မျှတစေလိုတဲ့စိတ်ထားသဘောလေးတွေ ရောယှက်လာတယ်
ပြီးတော့ တဖက်က ကမ္ဘာဦးလုပ်ငန်းအဖြစ် သူ့သက်မွေးအလုပ်ကို ဂုဏ်ယူမှုလည်း ရှိနေပြန်တယ်
ဒီအကြောင်းကို နောက်ပိုင်းစာအုပ်အတော်များများမှာ တွေ့နိုင်ပါတယ်
ဘယ်လို့လဲဆိုတော့ အပျော်တမ်းအမဲပစ်သမားတွေတွေ့တိုင်း ကိုယ့်စိတ်ကျေနပ်ပျော်ရွှင်ဖို့ကို သူတပါးအသက်ကို သတ်ဖြတ်ခြင်းနဲ့ဖြည့်စည်းတယ်ဆိုတာ ဘယ်လိုမှနားမလည်နိုင်ဘူးတဲ့
သူ့အတွက်က သူ့အလုပ်မို့သာလုပ်ခြင်းဖြစ်ပြီး သူတပါးအသက်ကို ပျော်ချင်ရုံသက်သက် ကစားတာမျိုးမဟုတ်ဘူးလို့ဆိုပါတယ်
ဒီသဘောတွေက ဆရာတွတ်ကို ကျွန်တော်တို့ရဲ့ လူမှုယဉ်ကျေးမှု ဘာသာရေးအငွေ့အသက်လေးစိမ့်ဝင့်သွားတဲ့သဘောလေများလားလို့ တွေးမိတယ်
_____________________________
ဘယ်လိုလဲဆိုတော့ ကျွန်တော်တို့ငယ်စဉ်ကအထိတောင် နေ့စဉ်သူများအသက်သတ်ခြင်းနဲ့အသက်မွေးတဲ့ မုဆိုးမပြောနဲ့ ရံဖန်ရံခါသားသတ်သူတွေတောင် ရပ်ထဲရွာထဲတယ်လူရာမဝင်လှဘူး ခွဲခြားဆက်ဆံမှုသဘောရှိတယ်
သူတို့ကလည်း မတတ်သာလို့သာလုပ်ရတာ ဖြစ်နိုင်ရင်မလုပ်ခြင်ဘူး မလုပ်လိုဘူး ဒီအလုပ်ကို နိမ့်ကျတယ်လို့ ထိုသူတို့ကိုယ်တိုင်က ယူဆတာကိုး
ဒီသဘော ဒီအယူအဆရှိတဲ့ လူမှုအသိုင်းအဝိုင်းမှာ ဆရာဆွေမင်း (ဓနုဖြူ) ရဲ့အဓိကဇာတ်လိုက်ရဲ့ သက်မွေးအလုပ်က မုဆိုးဖြစ်နေတော့ကား သူ့ဇာတ်ကောင်ကို ဟီးရိုးကြီးစတိုင်သွားလုပ်လို့မရတာ သဘောပေါက်ကြမယ်ထင်တယ်
ပြီးတော့ဆရာရေးဆွဲတာက ကာတွန်းဆိုတော့ ယေဘုယသဘောအားဖြင့် ကလေးပရိတ်သတ်ကို ရည်ရွယ်ထိုးဖောက်ရတာမဟုတ်လား
ဒါကြောင့်မုဆိုးဘဝနဲ့သားကောင်တွေရဲ့သဘာဝကို သိရှိနားလည်စေဖို့သဘောကို လိုရင်ထားပြီး ဒီအလုပ်ကို ဂုဏ်ယူစရာ အားကျစရာရယ်လို့မဖြစ်ရအောင် သူ့ဇာတ်ကောင်တွေကလည်း ရုပ်ရည်အသွင်အပြင်အားဖြင့်၄င်း ဇာတ်လမ်းအယူအဆအားဖြင့်၄င်း ဟာသသဘော အလွဲသဘောလေးတွေရောယှက်ထားတယ်လို့ထင်တယ်
_____________________________
အဓိကဇာတ်ကောင် ဦးတွတ်ပီက ဘာကြောင့်မုဆိုးလုပ်ရလဲဆိုရင် မုဆိုးမျိုးရိုးကဆင်းသက်လာလို့ပဲလို့ အလွယ်ယူရမှာပဲ ပြီးတော့ လုပ်စားစရာလယ်ယာမြေမရှိတော့ ရွေးချယ်ခွင့်မရှိတာလည်းတပိုင်းပေါ့
ဗိုက်ကလေဆိုရင်ကြည့်ပေါ့ ရုပ်ရည်သွင်ပြင်အားဖြင့် သာမန်ထက် အရုပ်ဆိုး အရပ်ပုပြီး ဗိုက်ပူတာကိုး ပြီးတော့အစောပိုင်းမှာ မုဆိုးနောက်လိုက်သက်သက်ထက်ဘာမှမပိုပါဘူး
မသေးမျှင်ဆိုရင်လည်း သားစိမ်းငါးစိမ်းဖျက် အရပ်တကာလည်ရောင်းရသူ မုဆိုးမယားပီပီ နှုတ်ကြမ်းကိုယ်ကြမ်း မိန်းမကြီးတယောက်သာပါပဲ
သဘောကလူ့အသိုင်းအဝိုင်းမှာ လူစဉ်မမီဘောင်မဝင်တဲ့သူတွေနဲ့ မြေမရှိယာမရှိသူတွေ သက်မွေးအလုပ်အတွက် ရွေးချယ်စရာမရှိသူတွေသာ ဒီအလုပ်ကိုလုပ်တဲ့သဘောမဟုတ်လား
_____________________________
နောက်ပိုင်းမှာတော့ မုဆိုးဇာတ်ကောင်ကို ပရိတ်သတ်နားလည်းလက်ခံနိုင်လာပြီးကာလမှာတော့ ဗိုက်ကလေးရဲ့စရိုက်သဘာဝက နှစ်လိုဖွယ် သဘောကျစရာ အရည်အချင်းတွေနဲ့ သာမန်မုဆိုးနောက်လိုက်သက်သက်မဟုတ်တော့တာ သူ့အကြောင်းသီးသန့်ပြုစုထားတဲ့ဆောင်းပါးမှာ ရေးပြီးဆိုတော့ ဇာချဲ့ပြာလဲ့မနေတော့ပါဘူး
ထို့သာမကသေးဘဲ ဦးတွတ်ပီတို့မျိုးရိုးကလည်း သာမန်တောသားမုဆိုးရိုးရိုးမဟုတ်တော့ဘဲ အဖိုးပေါက်ပီတို့ အဖေဒဲ့ပီတို့ဘဝမှတ်တမ်းထွက်လာချိန်မှာ လုံးဝခြားနားသွားတယ်
အမှန်တော့ ထိုနှစ်အုပ်ထွက်လာတာက ဆရာ့ရဲ့အစောပိုင်းထွက်ခဲ့သမျှ စာအုပ်တွေ မြောင်းထဲရောက်ရမလိုပါပဲ ဘာကြောင့်လဲဆိုတော့ ဇာတ်ကောင်ရဲ့မျိုးရိုးစဉ်ဆက်ကို တသီးတဘာသာ တည်ဆောက်လိုက်သလိုဖြစ်သွားတာကိုး
ကိုယ်တော့ဖြင့် ဆရာဆွေမင်း (ဓနုဖြူ) က ထိုဇာတ်လမ်းတွေကို တွေးဖွဲ့မိချိန်မှာ သူ့ဇာတ်ကောင် မြိုင်ရာဇာတွတ်ပီနဲ့ ဘယ်လိုချိတ်ဆက်ရမလဲ သီးခြားဇာတ်ကောင်မွေးပြီး ချိတ်ဆက်မယ်ဆိုရင် မူလဇာတ်ကောင်တွေရဲ့ မျိုးရိုးအစဉ်အတွက် ပြဿနာမရှိတာကို တွေးမိလိမ့်မယ်ထင်တယ်
ဒါတောင်မှ ဆရာက ရှေ့အစဉ်ပျက်ချင်ပျက်ပါစေတော့ ဦးတွတ်ပီရဲ့ဘဘိုးတွေအဖြစ်ချိတ်ဆက်လိုက်တာက ဒီဇာတ်လမ်းတွေအပေါ် ဆရာ့ရဲ့ ယုံကြည်မှုကို မှန်းဆကြည့်ပေါ့
သဘောက ဆရာဆွေမင်း (ဓနုဖြူ) က ဘယ်လောက်ပဲအားထုတ်ခဲ့ရသည်ဖြစ်ပါစေ ပိုကောင်းလာဖို့ ပိုပြည့်စုံလာဖို့အတွက်ဆိုရင် လက်လွှတ်ပြစ်လိုက်ဖို့ ဝန်မလေးဘူးဆိုတဲ့ စိတ်ဓာတ်ပြတ်သားမှုရှိသူလို့ ဆိုချင်တာပါ
_____________________________
အဆိုပါ စာအုပ်တွေကို အမောင်နွားကျောင်းသားဖတ်ပြတဲ့ ဒို့ခေတ်ယူကျုချန်နယ်မှာ သွားရောက်နားစဉ်လို့ တော်လှန်ရေးမှာတတပ်တအားပါဝင်နိုင်ပါတယ် လူကြီးမင်းတို့ရဲ့အားထုတ်မှု အဟောသိကံမဖြစ်ဖို့ VPN ခံဖို့လည်း မမေ့နဲ့အုံးဗျနော
စာအုပ်ဝယ်ဖတ်မယ်ဆိုရင်လည်း မူရင်းဖန်တီးသူရဲ့မိသားစုမျိုးဆက်တို့အတွက် အသီးအပွင့်ခံစားရစေမှာပါလို့
။
။
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
ကိုလေး ☆ အင်းတဲ

No comments:
Post a Comment