အတူတကွရပ်တည်ကြောင်းပြသပါ (ငတိုလှိုင်ရဲ့အဆုံးသတ် / ၄၃)
.
ကျွန်တော်တို့က ဝိဝါဒကွဲစရာကိစ္စတွေမှာ မှန်တဲ့ဘက်ကဖြစ်နေသည့်တိုင် အတူတကွရပ်တည်ကြောင်းပြသဖို့ ပျက်ကွက်တတ်ကြတယ်
သူ့ပြဿနာသူသာရှင်း ငါတို့နဲ့မဆိုင်ရယ်လို့လည်း ဖာသိဖာသာနေချင်ကြတယ် နေလိုကြတယ်
ဒီလိုပါဝင်ရမှာကိုလည်း ကလေးကလားကိစ္စလို့ယူဆတယ်
ဓါးခုတ်ရာ လက်ဝင်လျှို ဆိုတဲ့ စကားပုံကို အကာအကွယ်ပြုလို့ပေါ့
မှားတဲ့ဖက်ကဆိုရင်တော့ ဆိုဖွယ်မရှိပေါ့
________________________________
ဒီမှာ ဆယ်ကျော်သက်လေးတွေ နှုတ်ခမ်းနီမလေးတွေရဲ့ သူတို့ချစ်ခင်ရာ သဘောကျရာကို အားပေးဝန်းရံကာကွယ်မှုက သိပ်သဘောကျစရာကောင်းတယ်
မှားနေရင်လည်း စိတ်ဓာတ်မကျဖို့ အတူတကွရပ်တည်ပေးသလို
မှန်နေတယ်ဆိုရင်တော့ ဆိုဖွယ်မရှိ တက်တက်ကြွကြွကို ပူးပေါင်းတိုက်ခိုက် တန်ပြန်ချေမှုံးပြစ်ဖို့ ဝန်မလေးတတ်ကြဘူး
________________________________
မေတ္တာကိုအခြေပြုတည်ဆောက်တယ်လို့ အများယူဆကြတဲ့
ဗုဒ္ဓဘာသာစာပေတွေမှာ ပြဿနာလေးတခု ပေါ်ပေါက်ခဲ့ဖူးတယ်
အဲ့သည်မှာ ဘုရားမိန့်တာလေးက သဘောကျစရာကောင်းတယ်
ဒီလိုဗျ
ခါတပါးမှာ ရှင်သာရိပုတ္တရာက လူထုပရိတ်သတ်အလည်မှာ တရားဟောပြောနေစဉ် ရဟန်းတပါးက ထတဲ့ပြီး အကန်တွေချည်းပြောလို့နှောက်ယှက်နေသတဲ့ ဒီလိုနဲ့ရှေ့ဆက်ပြောမရဘဲ တရားပွဲပျက်ပါလေရောတဲ့
ဒါကိုဘုရားကိုပြန်လျှောက်ကြတော့
သင်တို့ကကောဘာလုပ်နေကြလဲ ထိုတမင်နှောက်ယှက်နေတဲ့ရဟန်းကို ဘာကြောင့်ဆွဲထုတ်မပြစ်တာလဲ
ဘာကြောင့်ရှင်သာရိပုတ္တရာနဲ့အတူရပ်တည်ကြောင်းပြသဖို့ ပျက်ကွက်ကြရတာလဲ
ဆွံ့အနေကြတာလဲ
တိတ်ဆိတ်နေကြတာလဲလို့ အပြစ်တင်တယ်လို့ဆိုပါတယ်
________________________________
ပြောလိုတာက ဒီကာလမှာ ယုံကြည်သူချစ်ခင်သူ လေးစားသဘောကျသူတွေနဲ့ အတူတကွရပ်တည်နေကြောင်းပြသဖို့ သိစေဖို့ပိုပြီးလိုအပ်ပါတယ်
သူတို့က သူတို့ယုံကြည်ရာအတိုင်းရပ်တည်လျှောက်လှမ်းရာမှာ ဘယ်သူ့ဘယ်သူရဲ့အသိအမှတ်ပြုခံချင်လို့မဟုတ်တာတော့သေချာတယ် မျှော်လင့်ချက်မထားတာလည်း သေချာပါတယ်
ဒါပေမယ့်လမ်းချင်းတူသူတွေက အတူတကွရပ်တည်ကြတယ်ဆိုတာသိရင်
မတောင့်တပေမယ့် ရတဲ့ဆုလို သဘောကျမိမှာ ပိုအားဖြစ်မိမှာ သဘာဝကျတယ်မဟုတ်လား
ဒါက သူတို့ရဲ့ရပ်တည်မှုဟာ အယူအဆဟာ အားထုတ်မှုဟာ အချည်းနှီးမဟုတ်ကြောင်း ယုံကြည်မှုကိုအားပိုကောင်းစေမှာ ရှေ့ဆက်ဖို့အားခွန်တွေအတွက် အထောက်အပံ့ကောင်းဖြစ်စေမှာ
________________________________
ပြောလိုတာက
ဒို့ခေတ်နဲ့အတူတကွရပ်တည်ကြောင်းနဲ့ ရပ်တည်ဖို့တွေဝေမနေဖို့ပါ ထုတ်ဖော်ပြသဖို့ တုံ့ဆိုင်းမနေဖို့ပါ
မတတ်နိုင်ဘူး ကိုယ်ရပ်တည်တာခိုင်မာကြောင်း ဇာတ်တော်တွေပါဆွဲယူပြရတာပဲ 😁
________________________________
ဒို့ခေတ်ရေ အတူရှိပါတယ်လို့ 💪
________________________________
.
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
ကိုလေး ☆ အင်းတဲ

No comments:
Post a Comment