သင်္ကြန်ရောက်ဖို့ တပေါင်းကကန့်လန့်ခံသလို
.
ဒီစကားစုလေးက ပုံပမာအတွက်သာမက စာသားရဲ့ မူရင်းအဓိပ္ပါယ်ကိုက မြန်မာတွေရင်ထဲ မျှော်တလင့်လင့် အောင့်အီးသည်းခံကျော်ဖြတ်နေရတဲ့ ခံစားချက်ကြီး ဖြစ်သွားစေတာအမှန်
_________________________________
ဟုတ်တော့လည်းဟုတ်တယ်
ခရစ်နှစ်ကုန်လို့ ဆန်းစ တစ်ရက်နှစ်ရက်လောက်ကစလို့ သင်္ကြန်သီချင်းလေးတွေ ဟိုမှသည်မှကြိုးကြားကြိုးကြား ကြားနေကြရပြီ
နှစ်လပိုင်းကုန်လို့ သုံးလပိုင်းဆန်းပြီဆိုမှဖြင့်ပြောမနေနဲ့တော့ ကိုယ်စီအစီအစဉ်တွေပြောကြမေးကြညှိနှိုင်းကြပေါ့
ဒီထဲကမှ အိမ်ဝေးသူတွေအတွက်က တခုပိုတယ်
ဇာတိကိုပြန်ဖို့ ပြန်ဖို့လက်ချိုးရေတွက်ရတာအမော
တပေါင်းလဆိုတာကလည်း ကုန်ခဲဘိခြင်း
အခြားရက်တွေ လတွေ အချိန်နာရီတွေများတော့ တရက်ကတရက်ပြိုက်ကနဲ့ ပြိုက်ကနဲ့ ဘယ်လိုကုန်မှန်းမသိကုန်ဆုံးသွားတတ်ပေမယ့်
ဒီလကတော့ ဆန်းစကတည်းက တရက်တရက်ကုန်ဖို့ကို အတော်အောင့်အီးသည်းခံဖြတ်သန်းရတာကလား သတ်မှတ်ပြီးသားပြန်ရက်ကိုလည်း ဖန်တရာတေအောင် ရေတွက်ပြောကြဆိုကြ
_________________________________
တကယ့်ကို ကန့်လန့်ကြီးစီးခံနေတဲ့ တပေါင်းပါဗျာ
_________________________________
ကိုယ်တွေရန်ကုန်ရောက်စက ရွာဖက်ကိုတိုက်ရိုက်ရောက်တဲ့ကားမရှိဘူးဗျ မန္တလေးကိုတဆင့် ပြီးမှရွာကို အောင်ရတနာကားစီးပြီး ထပ်ဆင့်သွားရတာ အဲ့သည်တုန်းက ရန်ကုန် မန္တလေးခရီးကို အထူးအမြန်ရထားတွေစီးဖြစ်တယ်
လက်မှတ်ခက ၁၆၀၀ ဗျ ကိုယ့်ရဲ့ လက္ဖက်ရည်ဆိုင်မှာ စားပွဲထိုးလို့ရတဲ့လစာက ၆၀၀၀ ရတယ် ၂၉လမ်း အောက်ဘလောက်မှာလုပ်တာပါ ချိန်ဆကြည်ဖို့ပါ
ခုခေတ်လိုကြိုတင်ဘွတ်ကင်တွေဘာတွေက ရက်ရှည်ကြီးမရပေမယ့် သုံးရက်ကြိုတင်တော့ရောင်းပေးတယ် ရောင်းပေးတာလည်းကြည့်အုံး မနက်အစောပိုင်းကြီး ၃ နာရီ ၄နာရီလောက်ထင်ရဲ့
အခြားလတွေတော့ ဘယ်အချိန်သွာဝယ်ဝယ် သိပ်မခက်ခဲလှပေမယ့် ဒီကာလများတော့ အားလုံးအိမ်လွမ်းနေကြသူတွေချည်းဆိုတော့ နံပါတ်တစ် တံခါးပေါက်နားကခုံရဖို့ နံပါတ်နှစ် လိုချင်တဲ့ရက်ရဖို့ နံပါတ်သုံး ပြန်ကိုပြန်ရဖို့ လုဝယ်ကြရတာကလား
အစောပိုင်းကာလတွေတုန်းက
ကိုယ်က အများအားဖြင့်တယောက်တည်းပြန်တာဆိုတော့ လက်မှတ်ရယ်လို့မပူပါဘူး
ပြန်မယ့်နေ့မှအထုတ်ဆွဲလို့ ရထားပေါ်ရောက်မှ တွဲစောင့်ကိုအသနားခံလို့ အိမ်သာနားရရ ခြေနင်းဖတ်ဖြစ်ဖြစ် ရတဲ့နေရာက လိုက်တာပဲ
_________________________________
နောက်များတော့ ကိုယ်အစ်မလည်း ရန်ကုန်ရောက်လာတော့ မိန်းကလေးနဲ့ဆိုတော့ ခုံရဖို့လိုလာတယ် ဒီတော့ ဘူတာကြီးမှာ လက်မှတ်မဖြစ်မနေသွားတိုးဖို့ဖြစ်လာတယ်
တန်းတာမဟုတ်ဘူးနော် တိုးတာ
ဘူတာကြီးလက်မှတ်ရောင်းရာရှေ့မှာသွားစောင့်လို့ အေးအေးဆေးဆေးတန်းစီနေရတာမျိုးမဟုတ်ဘူး အဲ့သည့်မနက် ၄နာရီလောက်မှရောင်းချမယ် လက်မှတ်အရောင်းနေရာကိုရောက်ဖို့ ပြင်ဖက်တံခါးကြီးမှာ ည ၁၂နာရီလောက်ကတည်းက နေရာယူထားရတာ
အဲ့တံခါးကြီးကို ၃နာရီလောက်မှာဖွင့်ပေးပါတယ် ဖွင့်ပဟေ့ဆိုတာနဲ့ လက်မှတ်အရောင်းဌာနရှိရာကို အရင်ဆုံးတန်းစီနိုင်ဖို့ပြေးပေရောပဲ
ဒီအချိန်ကြီးဆိုတော့လည်း မိန်းကလေးတွေမပါပါဘူး
သူတို့ကလက်မှတ်အတွက် ဒေသတူရပ်တူရွာတူယောက်ျားလေးတွေကို အားကိုးကြရတာ
ယောက်ျားတွေချည်းဆိုတော့ကား ကိုယ်လဲလည်း သူထူမှာမဟုတ်သလို့ သူလဲလည်းကျော်ခွသာပေးပေရော တကူးတကအပြစ်တင်နေမှာလည်းမဟုတ်ပါဘူး အားလုံးပြန်ရဖို့သာ စိတ်စောနေကြတာကို နင်းမသွားတာတောင် ကျေးဇူတင်နေအုံးမှာ
ရန်ကုန်ဘူတာကြီးဆိုတာကလည်း နယ်အသီးသီကိုသွားလာနေကြတဲ့ နေရာမဟုတ်လား လက်မှတ်ရောင်းဌာန မှားပြီးသွားရပ်မိရင်တော့မောကြောပေါ့
ဒီတော့ကိုယ်တွေဖက်ကိုသွားတဲ့ရထားလက်မှတ်ရောင်းရာဌာနကို ကြိုတင်စနည်းနာထားဖို့တော့လိုတယ်
တဦးကိုလက်မှတ်သုံးစောင်အထိသာရောင်းပေးတယ်ဆိုတော့ တချို့လည်းအရင်းပြန်ထားကြတာရှိတယ် မင်းရရင်ငါ့အတွက်ပါဝယ်ပေးဘာညာပေါ့
တချို့လည်းလူလည်ကျကြတယ်
အဲ့သလို လက်မှတ်ပေါက်နားရောက်မှ လူကြီးတွေမိန်းကလေးတွေအသုံးချလို့ သူတို့အတွက်ပါတစောင်လောက်မျှပါဆိုတာမျိုးပေါ့ ပြီးတော့တကယ်စီးကြတော့ သူတို့မဟုတ်တာမျိုး ကြုံကြရသည်ကခဏခဏ
ဒီလိုအိပ်ပျက်ခံလို့ အမောတကောပြေးပြီး အလဲလဲအကွဲကွဲလက်မှတ်သွားတန်းပေမယ့် လက်မှတ်ရပြီလို့ မုချမမှတ်နဲ့အုံး
တခါတခါ ကိုယ့်ရှေ့က လေးငါးဆယ်ယောက်လောက်ရောင်းပြီး လက်မှတ်ကုန်ပါပြီထလုပ်ချင်လုပ်တာ
ဒီလိုလုပ်လို့ ဒေါသထွက်ပြီး မဝယ်ဘူးကွာလုပ်ရင်လည်း မပြန်ရဖို့သာရှိတော့ စိတ်မပျက်နိုင်ဘူး နောက်တရက်ထပ်တိုးရတာပေါ့
ဒါတွေကြောင့်ပဲ ကိုယ်တွေမျိုးဆက်တွေက ဘူတာကြီးမြင်ရင်ကို ရွာလွမ်းစိတ်ကထိမ်းမရဘူး
နောက်များမကြာမီမှာတော့ ကိုယ်တွေနယ်ဖက်အထိ တိုက်ရိုက်ရောက်တဲ့ အဝေးပြေးကားတွေပေါ်လာတယ် ဒီမှာလည်း သင်္ကြန်နားနီးကာလတွေမှာ လက်မှတ်ရဖို့ ညအိပ်ညနေသွားစောင့်ရတယ်ဆိုပေမယ့် ဘူတာတုန်းကလောက်တော့ မဆိုးတော့ဘူး
နောက်များတော့ ကိုယ်တွေရွာက ဇေယျထွန်းတို့ ဇေယျလင်းတို့ ညီအစ်ကိုနှစ်ယောက်က အဝေးပြေးကားတွေမှာ အလုပ်လုပ်ကြတာဆိုတော့ ပိုတောင်အဆင်ပြေသွားတယ် ဘယ်လောက်သင်္ကြန်ကပ်ကပ် သူတို့ဖုန်းဆက်လိုက် ချက်ချင်းရအောင်လုပ်ပေးတယ်လို့ ကြားရပြန်တော့ ဝမ်းသာစရာ
နှောင်းခေတ်ကာလ ရွာဖက်ကလူတွေ ကိုယ်တွေလို လက်မှတ်ရဖို့အရေး ခက်ခက်ခဲခဲကြိုးပမ်းရခြင်းက ကင်းဝေသွားကြပြီပေါ့လို့တွေးမိရင်း သူတို့ညီအစ်ကိုကို ကျေးဇူးတင်နေမိပြန်တယ်
_________________________________
ဒါက ကိုယ်တွေခေတ်က ရွာရောက်ဖို့ ကန့်လန့်လာခံတဲ့ ပထမဆုံးလက်မှတ်ပြဿနာဆိုပါတော့
_________________________________
ဒီလိုနဲ့လက်မှတ်ရ ပြန်လို့မန္တလေးကို မနက်စောစော ၂ နာရီ ၃နာရီလောက်ရောက်တယ်ပေါ့
မန္တလေးဘူတာဆိုတာကလည်း ကိုယ်တွေခေတ်ကသိပ်နာမည်ကြီးတာ အထုတ်များ တင်းတင်းဆုတ်ရင်ဆုတ်ထား ဒါ့မဆိုရင် ကယ်ရီသမားတွေဝိုင်းဆွဲတာနဲ့ ဘယ်သူ့ဆီပါလိုပါမှန်းမသိဖြစ်သွားမယ်
အတိအတထုံနနလုပ်နေရင်တော့ ရေစက်ခွက်သာကိုင်ထားပေရော နိဗ္ဗာနပစ္စယောဟောတုလို့ဆိုရင် ပိုတောင်ကောင်းသေး
_________________________________
ကိုယ်ကြိုးစားရှာဖွေခဲ့တဲ့ ငွေနဲ့ ရွာဦးကျောင်းနဲ့ ဆွေမျိုးဉာတိမိဘဘိုးဘွားတို့အတွက် ဂါဝရလက်ဆောင်တွေ ချောချောမောမောရွာပါလာဖို့ ကန့်လန့်ထပ်ခံလာပြန်တဲ့ မန္တလေးဘူတာကြီးက စမ်းသပ်မှုပေါ့ဗျာ
_________________________________
အဲ့ဒီမန္တလေးဘူတာကနေ ကိုယ်တွေဖက်သွားတဲ့ အောင်ရတနာကားဂိတ်ကို ကယ်ရီတို့ ဆိုက်ကားတို့နဲ့ ထပ်သွားရတယ်
ဒီလိုနဲ့ကားဂိတ်ရောက်ပြန်ရင်လည်း အစောဆုံးကား မနက် ၄း၃၀ ရဖို့ ကြိုးစားရပြန်တယ် ပြတင်းပေါက်နားခုံရဖို့ ပြီးတော့ နာရီဝက်ပဲစောစော ဆယ်မိနစ်ပဲစောစော စောဖို့သာအဓိက ရောက်ချင်နေကြပြီလေ
ပြီးတော့ အဲ့သည်ကစောစောမထွက်နိုင်ရင် ရွာကို ညနေစောင်းမှ မိုးချုပ်မှရောက်မှာဆိုတော့ လာကြိုရသူတွေ စောင့်ရသူတွေအတွက် ကသီလင်တဖြစ်စေတာကို
သူတို့မှာလည်း တမျှော်မျှော်နဲ့
လက်မှတ်ရလို့ ထိုင်ခုံပေါ်တက်တိုင်ခွင့်ပြုလို့ ကိုယ့်နေရာထိုင်လိုက်ပြီဆိုရင်ဘဲ အရာအားလုံးက ရုတ်ချည်းပြောင်းလဲသွားပါတယ်
စိတ်အေးချမ်းသာသွားတယ်
ရွာရောက်ဖို့ ကန့်လန့်ခံမယ့်အတားအစီးမရှိတော့ဘူးပေါ့
ကားဂိတ်ထဲက တဖဝါးမှမခွာရသေးပေမယ့် ရွာရောက်ပြီလို့လည်းချက်ခြင်းဆိုသလိုခံစားရတယ်
မြို့ပြရဲ့ စိတ်ပျက်စရာ ကားသံလူသံတွေဟာလည်း ရုတ်ချည်းပြောင်းလဲလို့ ဂီတသံအလား ကိုယ်နဲ့မဆိုင်တော့သည့်အလား
ပျားပန်းခတ်မျှလှုပ်ရှားသွားလာနေကြတဲ့ လူတွေကလည်း မျက်စိရှုပ်စရာမကောင်းတော့ ကြည့်ရတာကိုက ကြည်နူးစရာ
ဘီးတလှိမ့်မှမရွေ့ရသေးသည့်တိုင်
အညာမနက်ရွာမနက်ရဲ့လေနုအေးလေးကလည်း မျက်နှာကိုလာရောက်ထိတွေ့ နှုတ်ဆက်နေသလိုလို
ဇာတိရဲ့သရုပ် အရုဏ်ဦးနေခြည်နွေးနွေးကလည်း ပွေ့ဖက်ထားသလိုခံစားရပြန်တယ်
ပြောချင်တာက မြင်မြင်သမျှအရာအားလုံးလှပနေတယ်ပေါ့
_________________________________
ဒီခံစားချက်လေးပြောပြတော့ ကိုယ့်နှမက ခုကောဘယ်နေရောက်ရင် ရွာရောက်ပြီလို့ စခံစားရလဲမေးတော့
ရွာပြန်မယ်လို့သညာထားပြီးအိမ်ကစထွက်လို့ ဖယ်ရီကားပေါရောက်တာနဲ့ မြို့ပြကနေချက်ခြင်း စိတ်ကကင်းကွာသွားတော့တာပဲဆိုတော့ သူကရယ်တယ်
ရွာကနေထွက်လာရင်ကော ဘယ်အချိန်မှာစပြီး ရွာနဲ့ဝေးသွားပြီလို့ခံစားရလဲတဲ့
ဒါတော့နည်းနည်းကြာတယ် ရွာအထွက်မဲဇလီတန်းကလွန်မှပါလို့
တကယ်ကို အဲ့သည်ကစပြီး အလုပ်အကြောင်းဖိအားတွေက ခေါင်းထဲတိုးဝင် နေရာယူစိတ်မောရင်း မြို့ပြရဲ့ခက်ခဲမွန်းကြပ်မှုတွေထဲ မပျော်မရွှင်ဇွတ်အတင်းပြန်ဝင်နိုင်ဖို့ အားတင်းရတာပဲလို့
ထားပါတော့
_________________________________
တခါတခါများ မန္တလေးအထွက် တောင်မြို့ကျော်တာနဲ့ ယောက်ျားလေးတွေအကုန် ဘုန်းကြီးတွေပါ စပယ်ယာက ကားခေါင်မိုးပေါ်မောင်တင်တာရယ်
နေပူပေမယ့်ပျော်ပျော်ပါပဲ ပိုတောင်လွတ်လပ်သွားတယ်လို့ခံစားရတာကိုး
ဪ ...
အဲ့သည်တုန်းက ရန်ကုန်အိမ်ကနေ ဘူတာကိုတဆင့်
ဘူတာကနေမှရထားနဲ့မန္တလေးကိုတဆင့်
မန္တလေးဘူတာကနေကားဂိတ်ကိုတဆင့်
ပြီးတော့ထိုကားနဲ့ ရွာအနီးကမြို့ကိုတဆင့်
ထိုမြို့ကနေမှ ရွာကိုတဆင့် ငါးဆင့်သွားမှာရောက်တာကလား
_________________________________
ခုနောက်ဆုံးတခေါက်ပြန်ခဲ့တာက ခွေးကောင်ပလ္လင်ပေါ်တက်ထိုင်စကဆိုတော့ ရွာမပြန်ဖြစ်တာ နည်းနည်းတောင်ကြာခဲ့ပြီ
အဲ့သည်တုန်းက ဘယ်တော့ပြန်လာအုံးမလဲမေးကြတော့ နိုင်မှပဲဗျာလို့ပြောခဲ့တယ်
လမ်းခရီးမှာ ဒီခွေးကောင်တွေမြင်ရ ရွံလွန်းလို့ဗျာလို့
ကိုယ့်အလုပ်ကလည်း အိမ်ထဲကအိမ်ပြင်ထွက်စရာမလိုတော့ မမြင်ရတော့ တမျိုးသက်သာရာရမိတယ်
ပြီးတော့ ဒီခရီးက စဖြစ်ကတည်းက သိပ်မကြာဘူးနိုင်တော့မှာလို ယုံကြည်မိနေတာလဲတပိုင်းပေါ့
ခုလည်းယုံတုန်းပါပဲ မကြာတော့ဘူးနိုင်တော့မှာလို့ 😁
ဒါကြောင့်မိတ်ဆွေတွေတောင်
မင်းကစကတည်းက မကြာတော့ဘူးပြောနေတာပါကွာတဲ့
_________________________________
ထားပါတော့
_________________________________
ကားဂိတ်မှာ လက်မှတ်ရလို့ကိုယ့်ခုံပေါ်ထိုင်ပြီးရင် ရန်ကုန်ကတည်းကရွာကအမျိုးတွေ အရပ်ထဲကသူတွေ မိတ်ဆွေတွေအတွက် လက်ဆောင်တို့ချိုချဉ်တို့ဝယ်လာပြီးဖြစ်ပေမယ့် မန္တလေးအမှတ်တရအဖြစ် ထပ်ဆင့်ဝယ်ကြသူချည်းပါပဲ
ကားဂိတ်ပြင်ပလေးက နာမည်ကျော် မြင့်မြင့်ခင်ထိုးမုန့်ပေါ့
ကားဂိတ်ထဲမှာလည်း ခေါင်းရွက်ဗျပ်ထိုးလိုက်ရောင်းကြတာရှိပါတယ် စစ်တတ်ရင်ပိုတောင်ဈေးသက်သာသေးတယ် ဒါပေမယ့် တံဆိပ်က မြင့်မြင့်ခိုင်တို့ မြင့်မြင့်ကြည်တို့ ဆင်တူယိုးမှားလုပ်ထားတာ
တနည်းအတုတွေပေါ့
ကိုယ်တော့ဖြင့် အမြဲ ကားဂိတ်အပြင်က ဆိုင်ကြီးကိုတွေ့လည်းတွေ့ပါရဲ့ စားလည်းစားဖူးပါရဲ့ ဒါပေမယ့် ဂိတ်ထဲက ခေါင်းရွက်ဗျပ်ထိုးသည်တွေဆီကပဲဝယ်ဖြစ်တယ်
စာနာလို့ သနားလို့ ကရုဏာဖြစ်လို့စသည်ဖြင့် ကြီးကြီးကျယ်ကျယ်မတွေးလိုက်ကြပါနဲ့အုံး
ကြိုက်ကိုကြိုက်လို့ဗျ 😁
အဲ့ဒါတွေဝယ်ချလာရင် အမေကဆူပါလေရော
ငါ့သားရယ် အံ့ပါ့ဟယ် မကောင်းတာကိုမှ ပိုကြိုက်ရသတဲ့လို့
_________________________________
ဘယ်လောက်တောင်လဲဆိုရင် ခုထိတောင်မန္တလေးလူကြုံရှိတိုင်းအမြဲမှာတတ်တာက ဂိတ်ထဲက ထိုးမုန့်အတု ကြုံရင်ဝယ်ခဲ့ပေးစမ်းကွာလို့
သူတို့ကတော့ သဒ္ဓါပိုလို့ အစစ်ကိုဝယ်လာကြသည့်အခါတိုင်း ကိုယ့်မှာ ဘဝင်မကျဖြစ်ရတယ်
တပေါင်းသာမက ငါကိုယ်၌ကလည်း ကန်လန့်ကြီးခံနေပကောရယ်လို့တော့ တွေးမိရင်းပြုံးမိသားဗျ
။
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
ကိုလေး ☆ အင်းတဲ

No comments:
Post a Comment