အသုံးချခံ အနုပညာ (ငတိုလှိုင်ရဲ့အဆုံးသတ် / ၄၁)
။
နိုင်ငံရေးအကျဉ်းသားဟောင်းတွေပြောတာ နားထောင်ဖူးတယ်
ထောင်တွင်းမှာ သူတို့ထောင်ပိုင်တွေရဲ့ အာဏာကို ဖီဆန်လို့ တန်ပြန်ဆန္ဒပြမှုတွေပြင်းထန်လာရင် သူတို့က အကြေအလည်ဆွေးနွေးအဖြေရှာ ဖြေရှင်းပေးတာထက် အတင်းအဓမ္မ ရိုက်နှက်ပြီး ဖြိုခွဲလေ့ရှိသတဲ့
ဒီလိုနှိပ်စက်မှုကြောင့် အော်ဟစ်သံ နာကြင်စွာညဉ်းညူသံတို့ကို အနီးအပါးနေ ပြည်သူတွေမကြားမသိနိုင်အောင် တွံတေးသိန်းတန်ရဲ့ စာဥရေ ရွာအရောက်ပြန်ခဲ့ပါဆိုတဲ့ သီချင်းကို အသံကုန် ဖွင့်ကြလေ့ရှိသတဲ့
________________________
ဒီသဘောလေး ကုန်းဘောင်နောက်ဆုံးဆက်ဖြစ်တဲ့ သီပေါမင်းနန်တက်စဉ်ကာလကလည်း ရှိခဲ့ဖူးတယ်
ဘယ်လိုလဲဆိုတော့ ဆင်ဖြူမရှင်ဟာ သမီးချည်းမွေးထားလေတော့ နန်းတွင်းမှာသူ့အာဏာတည်ဖို့ အခက်ပွေရတယ်
မက္ခရာတို့ သုံးဆယ်တို့လိုမင်းသားကြီးတွေ နန်းတက်ရရင် သူ့သမီးတွေက တော်ကောက်ခံလို့ မိဖုရားတော့ဖြစ်တန်ကောင်းပေမယ့် မိဖုရားခေါင်ဖြစ်ဖို့တော့မလွယ်
ရတယ်ထားအုံး ဟိုလူတွေက မျိုးရိုးနှစ်ဖက်က မဟာစည်မဟာသွေးစစ်စစ်တွေဆိုတော့ တာပေါ်ရေကျော်လို့ရမှာမဟုတ်ဘူး မယားက မိဖုရားအရာဘဲ အဖြည့်ခံဘဲ ဘုရင်မလို အာဏာတော့ရမှာမဟုတ်ဘူး
ဒီတော့ သူစေရာကမယ့် ရုပ်သေးတရုပ်လိုတယ်
လုံးဝအပြင်လူသက်သက်ဆိုရင်လည်း လွှတ်တော်အသိုင်းအဝိုင်း မှူးကြီးမတ်ရာတွေက လက်ခံမှာမဟုတ်တော့ကား မင်းသွေးတဝက်ပါပြီး အာဏာကို မထိတွေ့မခံစားဖူးသေးတဲ့ သိမ်သိမ်ငယ်ငယ်မင်းသားတပါးကို စနစ်တကျရွေးချယ်လို့ ဘုရင်ဖြစ်အောင်ကြံဆောင်ပြီး သူ့သမီးနဲ့လက်ဆက်စေလို့ ဘုရင်အပေါ်မှာ အာဏာလွှမ်းပြီး တိုင်းပြည်ကို ချုပ်ကိုင်နိုင်ဖို့လုပ်တယ်
ဒီတော့ ပထမဆုံး ရာဇအာဏာကို ယှဉ်ပြုလာနိုင်တဲ့ မင်းညီမင်းသားအားလုံးကို ဖမ်းစီးကာ ထောင်သွင်းအကျဉ်းချပြီး မင်းတုန်းမင်းနဲ့ မောင်းမတဦး (နောင်အခါ သီလရှင်ဝတ်သွားသူ) ရဲ့သား သီပေါမြို့စား မင်းသားလေးကို နန်းမြှောက်ကြတယ်
ဒီမှာ ဖမ်းဆီးထားတဲ့ မင်းညီမင်းသားတွေကို သမီးတော်တွေကို ကွက်မျက်ရာမှာ ရှေးက မင်းတို့ရဲ့သွေး မြေမကျကောင်းဘူးရယ်လို့ရှိတော့ လည်ပင်းကို ဝါးရင်းတုတ်နဲ့ သေသည်အထိရိုက်နှက် ကွက်မျက်ကြတယ်တဲ့
ဒီအနိဋ္ဌာရုံအသံတွေကို အများပြည်သူတွေမသိနိုင် မကြားနိုင်စေဖို့ နန်းတော်တွင်းမှာ ပျော်ပွဲရွှင်ပွဲ ကခုန်ပွဲဇာတ်ပွဲတွေကို ခြိမ့်ခြိမ့်သဲ ကျင်းပပေးသတဲ့
________________________
ကျွန်တော်တို့အများသိကြတဲ့ မဟောသဓဇာတ်တော်မှာလည်း သဘောတရားမတူပေမယ့် ရည်ရွယ်ချက်ချင်းတူညီတဲ့ ဖြစ်ရပ်ကလေးရှိတယ်
မဟောသဓနဲ့ စင်ပြိုင်အမတ်လေးယောက်ထဲက တယောက်သောအမတ်က လပြည့်ညတိုင်းမှာ လူသိမခံဝံ့တဲ့ ရောဂါကြောင့် ဝေဒနာနှိုပ်ဆက်လို့ အော်ဟစ်ညဉ်းညူနေရသတဲ့
ဒါကိုအရပ်က မကြားမသိစေဖို့ သူ့သားကြီးက ထိုနေ့တိုင်းမှာ ပျော်ပွဲရွှင်ပွဲတွေကျင်းပပြီး ဖုံးလွှမ်းစေတယ်တဲ့
________________________
ခုလည်း အာဏာရှင်လမ်းဖွင့်ပေးထားတဲ့
ပျော်ပွဲရွှင်ပွဲတွေ
ကပွဲခုန်ပွဲတွေ
တမင်ဖန်တီးဆွဲဆောင်ခြင်းတွေမြင်တိုင်း
ညှဉ်းပမ်းနှိုပ်ဆက်မှုကိုဖုံးတဲ့
အင်းစိန်ထောင်က စာဥသီချင်းလို
ဖျက်စီးသတ်ဖြတ်မှုကိုဖုံးတဲ့
နန်းတွင်းက ဇာတ်ပွဲလို
ချို့ယွင်းအားနည်းချက်မပေါ်အောင်ဖုံးတဲ့ မိတ္ထီလာပြည်က ပျော်ပွဲရွှင်ပွဲတွေကိုချည်း ပြေးပြေးမြင်ယောင်နေမိတယ်
________________________
ကန့်လန့်ကာပိတ်ကားအဖွင့်ဟာ
ပြည်သူတွေရဲ့အိုးအိမ်တွေမီးရှို့လို့ လွင့်တက်လာတဲ့ပြာမှုန်တွေကိုရှင်းထုတ်ခြင်းမျိုးလေလား
ကကြိုးလက်အလှည့်ဟာ
ပျက်စီးသွားတဲ့ ဘဝတွေကို မမြင်သာအောင် ကာဆီးပေးလိုက်လေသလား
ဆိုင်းသံ တူရိယာတီးခတ်သံ တချက်ဟာ
အသက်တသက်ချေမွ ဖျက်စီးခံလိုက်ရခြင်းရဲ့
သင်္ကေတလေပဲလားလို့
________________________
#အရေးတော်ပုံအောင်
တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
။
ကိုလေး ☆ အင်းတဲ


No comments:
Post a Comment