သပ္ပုရိသ ရဲ့ အကြောင်းတစိတ်တဒေသ
.
ငယ်ငယ်ကတည်းက
ရွာဇော်ကြီးဦးလူချစ်ရဲ့ သာရေးနာရေးတိုင်းမှာ
ကျေးရွာအတွင်းရှိ သပ္ပုရိသနွယ်ဝင်
သူတော်စင်အပေါင်းတို့ ဗျို့….. ဆိုတဲ့ ဟစ်အော်သံကြောင့်
ဒီစကားလုံးက ငယ်ပေါင်းတယောက်လို
အကျွမ်းတဝင်ရှိခဲ့ပါတယ် မစိမ်းလှဘူးပေါ့
____________________________________________
သတိထားမိကြမလားမသိဘူး ဗုဒ္ဓဘာသာရဲ့ အဆုံးအမ ဓမ္မဆိုတာရွတ်ဆိုဖို့ပဲ မဟုတ်ဘဲ လိုက်နာကျင့်ဆောင်ရမယ့် ကျင့်စဉ်တွေဆိုတာ
အားလုံးရင်းနှီးနေကြတဲ့ မင်္ဂလသုတ်မှာပဲကြည့်
မင်္ဂလာရှိတဲ့သူတယောက်ဖြစ်ဖို့ ဘယ်လိုနေရမလဲဆိုတာပြောပြထားတာ
လူမိုက်ကိုရှောင်တဲ့
ပညာရှိကိုစည်းကပ်တဲ့
ပြီးတော့ ဗာဟုသစ္စဉ္စ သိပ္ပဉ္စ ဝိနယော စ သုသိက္ခိတော
နာယူမှတ်သားဖို့ ခေတ်မီပညာတွေကိုလည်း နောက်ကျမကျန်စေဘဲ လေ့လာဖို့စည်းကမ်းကျနစွာ နေထိုင်ဖို့ စသည်ဖြင့်ပေါ့
____________________________________________
ဒါကြောင့်ဘဲ ကမ္ဘာ့အတွေးအခေါ်သမားတွေက
လူအများလက်ခံထားကြတဲ့ ဘာသာဆိုတာ
ယုံကြည်ခြင်းနဲ့ ကယ်မခြင်းကို အခြေခံကြတာမို့
ဗုဒ္ဓက ကယ်မခြင်းမပြု
လွတ်မြောက်ကြောင်းလမ်းစဉ်ကို ရှာဖွေဖော်ထုတ်ပြီး
ပြန်လည်ဟောပြောသူမို့
ဗုဒ္ဓအဆိုအမိန့် ဓမ္မတွေက
ကိုယ့်အတွက်အမှန်တကယ်အကျိုးရှိချင်ရင်
ကိုယ်လွတ်မြောက်ရာကို ကိုယ်တိုင်ကြိုးစားအထုတ်ရမှာမို့
ဘာသာမဟုတ်ဘူးရယ်လို့ ဆိုကြတယ်
ထားပါတော့
____________________________________________
ခုပြောလိုတာက သပ္ပုရိသ အကြောင်း
သပ္ပုရိသဆိုတာဆိုတာက ဂုဏ်ထူးဝိသေသပါ
သဘောက ဒီအရည်အချင်းတွေနဲ့ ပြည့်စုံရင်
သပ္ပုရိသလို့ခေါ်ထိုက်တယ်လို့ ပြောပြတာ
ဒေသနာတွေမှာ သပ္ပုရိသသုတ်အဖြစ် မှတ်တမ်းထားပါတယ်
အဆိုပါ သပ္ပုရိသရဲ့ အရည်အချင်းတွေထဲက စကားပြောဆိုခြင်းနဲ့ ပတ်သက်တာလေး နည်းနည်းပါ
ဘယ်လိုလဲဆိုတော့
____________________________________________
အကြင်သူသည် သူတပါး၏အပြစ်ကို မဆိုတတ်
မေးလွန်းမကမေးပြန်လျှင်ကား လျှော့ပေါ့၍ဆိုတတ်၏
သူတပါး၏ကောင်းကွက်ကို ကျေးဇူးရှိသည်ကို အကျိုးရှိသည်ကိုမူ မမေးသော်လည်း ထုတ်ဖော်ပြောဆိုတတ်၏ မေးသော်ကား ဆိုဖွယ်မရှိချေပြီ
ထိုသူကား သပ္ပုရိသအနွယ်ဝင်၏
နှုတ်မှုရေးရာ စရိုက်လက္ခဏာပင်တည်း
____________________________________________
အကြင်သူသည် သူတပါး၏ ကောင်းကွက်ကိုမဆိုတတ်
မေးလွန်းမကမေးပြန်လျှင်ကား လျှော့ပေါ့ပြောတတ်၏
သူတပါး၏အပြစ်ကိုမူ မမေးသော်လည်းပြော၏
မေးသော်ကားဆိုဖွယ်မရှိ ဋီကာချဲ့၍ဆိုတတ်၏
ထိုသူကား အသပ္ပုရိသအနွယ်ဝင်၏
နှုတ်မှုရေးရာ စရိုက်လက္ခဏာပင်တည်း
____________________________________________
ထိုသုတ္တန်လေးဖတ်ဖူးစက ဘယ်သူတွေဘယ်တွေပါလိမ့်မလဲ တွေးဆကြည့်ရင်းက
ကိုယ်လည်းကိုယ့်ကိုယ်ကို ပြန်စမ်းစစ်ကြည့်မိတယ် ငါက သပ္ပုရိသနွယ်ဝင်လား အသပ္ပုရိသနွယ်ဝင်လားဆိုတာ အဲ့သည်တုန်းကတော့ မရေမရာပါပဲ
ခုများတော့ သေချာတယ်ရယ်
အသပ္ပုရိသထဲမှာ နစ်မွန်းမနေစေဖို့ မနဲပြန်ပြန်ဆွဲတင်နေရတာ 😄
။
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:
Post a Comment