သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Wednesday, October 8, 2025

ဒူးနေရာဒူးတော်နေရာတော် ဇာတ်ကားနှင့် အတွေးစ

 

ဒူးနေရာဒူးတော်နေရာတော် ဇာတ်ကားနှင့် အတွေးစ

ဇာတ်ညွှန်း- ငြိမ်းမင်း 

ဇာတ်လမ်း နှင့် ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)

ကိုယ်ငယ်ငယ်က ရန်ကုန်သွားအလုပ်လုပ်ကြသူတွေ ရွာပြန်လာရင်ဆရာကြီးပဲ 


စတိုင်မလိုင်အပြည့်နဲ့ကို အားကျစရာကောင်းတာ ဘောင်းဘီတွေ နေကာမျက်မှန်တွေ ဆံရှည်တွေ အရောင်‌ဆိုးထားတဲ့ဆံပင်စတိုင်တွေနဲ့ပေါ့ 


အဲ့သည်တုန်းက စည်သူလွင်' ခေတ်ကိုးဗျ


ဒါပေမယ့် ဒီအထဲမှာ အရပ်ထဲက ကိုယ့်အစ်ကိုတွေဖြစ်တဲ့ တာကြီးကိုတို့ ဖိုးမျိုးကိုတို့ နိုင်မျိုးကိုတို့ မပါဘူး


သူတို့များပြန်လာရင် အသားလတ်လာတာကလွဲလို့ ချည်ကြမ်းပုဆိုးနဲ့ တခါတလေဝါးခမောက်ကြီးဆောင်းလိုဆောင်း ဖက်ကြမ်းကြီးညှပ်လိုညှပ်ရယ်


(( နောင် ကိုယ်ရန်ကုန်ရောက်မှသိတော့တယ် သူတို့က ရန်ကုန်မှာလည်း ဒီအတိုင်းပဲနေတာကိုး အဝတ်အစားနဲ့ အပြင်ပန်းအပြင်အဆင်တွေအပေါ် အာရုံကိုမလာတဲ့သဘောရယ်


ကိုယ့်ရဲ့ မြို့ပြခြေချစမှာ ဒီအစ်ကိုတွေနဲ့ ဝင်းဇော်ကို'ရဲ့ ဖေးမစောင့်ရှောက်မှုက ပြန်တွေးတိုင်း ပီတိဖြစ်ရတယ်


ကိုယ့်အစ်ကိုတွေနဲ့က နှုတ်အားဖြင့် ကိုယ်အားဖြင့်တော့ ဖက်လဲတကင်းမရှိလှဘူး ဒါပေမယ့် ဂရုစိုက်ခဲ့တယ်


တာကြီးကိုဆိုရင် သူ့လုပ်ငန်းခွင်နဲ့လည်း နီးတော့ နေ့တိုင်းနီးပါး ကိုယ်တွေစားပွဲထိုးတဲ့ ၂၉လမ်း အောက်ဘလောက်က ခေတ္တရာလက္ဖက်ရည်ဆိုင်ကို ရောက်ရောက်လာလို့ အရိပ်အခြေလာလာကြည့်တတ်တာကိုး )) 


ရွာပြန်လာရင် ဖိုးမျိုးကို'ဆီမှာ ကိုယ်တွေအတွက်လို့ ရည်ရွယ်ပြီးယူလာတာမဟုတ်ဘဲ ကိုယ်တွေအတွက် တသက်တာအဖော်မွန်ကောင်းပြုပေးနိုင်တဲ့ လက်ဆောင်ပါတတ်တယ် 


စာတွေ


ဟုတ်ပါတယ် အဖတ်မမှားပါဘူး စာအုပ်တွေလို့ သီးသန့်အမည်တပ်လို့မဖြစ်လို့ စာတွေလို့ပြောတာအသင့်တော်ဆုံးပါ


ဘာကြောင့်လဲဆိုတော့ ရုပ်ရှင်လက်ကမ်းကြော်ငြာလေးတွေကအစ ဂျာနယ်မျိုးစုံ ရုပ်ပြတွေနဲ့ သတင်းစာ မဂ္ဂဇင်းအပြင် စာပေဗိမာန်က ဆုရစာအုပ်တွေကော အစုံပဲ


နောင်တချိန် ဘာကြောင့် သူ စာပေဗိမာန်ကထုတ်တာတွေဝယ်လာရလည်းစဉ်းစားကြည့်တော့ 


အခြားစာအုပ်တွေထက် လူတိုင်း အရွယ်မရွေး ဉာဏ်ရည်မရွေး ဖတ်ဖို့သင့်လျော်တာရယ် ဈေးသက်သာတာကလည်း တကြောင်းအပါအဝင်ဖြစ်လောက်တယ်ထင်မိတယ်


ထားပါတော့


ခုပြောလိုတာက ရုပ်ရှင်လက်ကမ်းစာဆောင်လေးတခုအကြောင်းပါ


အဲ့သည်တုန်းက ရန်ကုန်မှာရုံတင်ပြီး ရုပ်ရှင်ကားတွေက ရွာရဲ့ဗီဒီယိုရုံတွေဆီ တနှစ်နှစ်နှစ်လောက်နေမှ ရောက်တာကြည့်ရတာကို


ဒီတော့ သူယူလာတဲ့ လက်ကမ်းကြော်ငြာလေးတွေက ကိုယ့်ကိုခေတ်ရှေ့ပြေးသလိုဖြစ်စေတာမို့ မက်မက်ဆက်ဆက်ကို ဖတ်ထားမှတ်ထားတာရယ်


ညနေဘာကားပြမလဲလို့ ဗီဒီယိုရုံကကြော်ငြာဘုတ်ပြားမှာသွားကြည့်ပြီးရင် ကိုယ်ဖတ်ထားဖူးတဲ့ကားနဲ့ကြုံရင် မင်းသားကဘာလုပ်တာ မင်းသမီးကဘာပါပေါ့ 


ကြိုပြီး ဆရာကြီးအထာနဲ့ ကြွယ်တာကြွယ်တာ အရသာ 😄


ငယ်ငယ်ကအကြောင်းရေးဖြစ်တော့လည်း မျောသွားပြန်ရော လိုရင်းပြန်ကောက်ရရင်


ဒီ ဒူးနေရာဒူးတော်နေရာတော် ဆိုတဲ့ ကားလေးကိုမှတ်ထားမိတယ်ပေါ့ဗျာ 


အဲ့သည်တုန်းက ဒွေးရယ် ကျော်ရဲအောင်'ရယ်က သိပ်တွဲတဲ့ပုံပဲ ပြုံးနေရင်သတိထားတို့ လှည့်စား‌တို့အပြင် ကားတွေတော်တော်လေးတွေ့ဖူးတယ်


ငယ်သေးတော့ မင်းသားမင်းသမီးလောက်သာ မှတ်ထားဖြစ်တယ် ပြီးတော့ တောကားမြို့ကားပေါ့ တောကားမှကြိုက်တာရယ်


ပြီးခဲ့တဲ့နှစ်တွေဆီက YouTube မှာ ဒီကားလေးတွေ့တော့ကြည့်မိတယ် အရင်ကလို ရယ်ရလို့ကြိုက်တယ်ဆိုတာမျိုးမဟုတ်တော့ဘူး


သူတို့သေသေချာချာဖန်တီးထားတာပဲဗျ

ပြကွက်တွေ ပြောစကားတွေကအစ သိပ်စေတနာပါတယ်


ကျွန်တော်တို့ငယ်ငယ်က ဘယ်လိုကားတွေခေတ်စားခဲ့လဲဆိုတော့ ယေဘူယသဘော အများအားဖြင့် အမုန်းတရားကို အခြေခံတာတွေလို့ဆိုနိုင်တယ်


ဘယ်လိုလဲဆိုတော့ 


တောသားမြို့တက်ချိန် မြို့သူက ပလေးသွားတာတို့ 

မြို့သားကနှံလိုက်တာတို့

တောသူမြို့တက်ရင် ခြေတော်တင်ခံရတာတို့


တောနဲ့မြို့ကို စည်းခြားသွားအောင် 

တဖက်ကိုတဖက်ယုံကြည်မှုမရှိအောင် 

သွေးခွဲသလိုလို 

ဘာမသိညာမသိ လန့်နေမိအောင် ဖြစ်စေတဲ့ဇာတ်လမ်းတွေ


ငွေရှိသူနဲ့ မရှိသူကြားမှာလည်း ထိုနည်း၎င်းပေါ့

ငွေရှိသူကပဲ လူယုတ်မာလိုလို 

မရှိသူတွေကိုအမြဲ နှိုပ်ဆက်ကလူပြုနေသလိုလို


ပြောစကားအများစုကလည်း 

တောသားဆိုပေမယ့် ငွေမရှိပေမယ့် ဆင်းရဲပေမယ့် ဘာညာဘာညာစတာတွေပေါ့


ပြီးတော့ပြောတာရှိသေးတယ်

မိန်းကလေးတယောက် အဝတ်အစားလော်လီတာ ကိုယ်နှုတ်ကြမ်းတာမျိုးဆိုရင် မင်းဗုဒ္ဓဘာသာမြန်မာမိန်ကလေးမဟုတ်ဘူးလားပေါ့


ဒီစကားကြားတော့ အစ္စလာမ်ဘာသာဝင် သူငယ်ချင်းတယောက်ပြောတာတောင်သတိရမိတယ် တခြားလူမျိုးတွေ ဘာသာဝင်တွေကကော အချိန်တိုင်းဆဲရေးတိုင်းထွာနေတယ် ဝစ်လစ္စလစ်ကြီး လျှောက်သွားနေတယ်ထင်လို့လားတဲ့


အာဏာရှိသူနဲ့မရှိသူကြားမှာလည်း


ကိုယ်တွေနိုင်ငံမှာတော့ ရဲတွေ စစ်သားတွေ ရုံးဌာနက အရာရှိကြီးတွေရဲ့ အာဏာကိုပြလို အများပြည်သူကို နှိုပ်ဆက်ကလူပြုတာတွေ ရိုက်လို့မရလို့ထင်ပါတယ် 


အများစုရိုက်ကြတာက 

သူကြီး သို့မဟုတ် သူကြီးသား 


ဇာတ်ကားထဲ သူတို့များပါရင် ဇာတ်ကကြွပြီ 

ယုတ်မာတော့မယ် မဟုတ်တာလုပ်တော့မယ်ဆိုတာ 

အော်တိုကိုသိနေတော့တာကလား 😄


ဒီဇာတ်ကားတွေကြည့်ဖန်များလာတော့ ဘာဖြစ်လာလည်းဆိုတော့ သူ့ရဲ့ဘဝ သူ့နေရာ သူ့အတွေးအမြင်ကို ခံစားနားလည်မပေးနိုင်တော့ဘူး 


ငွေရှိသူ အာဏာရှိသူဆိုရင် အလိုလိုကို စိတ်အချဉ်ပေါက်နေတာ မျက်မုန်းကျိုးနေတာရယ် 

 

ကိုယ့်ချင်းလည်းဖြစ်နေကျ ပြဿနာလေးတွေမှာ သူတို့နဲ့ဆိုရင် ရှုမြင်ပုံမတူတော့ဘူး


မှားတတ်တာဘဲရယ်လို့ ဖြည့်မတွေးပေးနိုင်ဘူး

ကိုယ်ချင်းစာတွေးမပေးနိုင်ဘူးဘာဘညာဘာညာပေါ့


ငါတို့ကို တမင်နှိမ်တာ 

အာဏာပါဝါရှိတော့ တမင်စော်ကားတာရယ်လို့ပဲ တဖက်သတ်အမြင်နဲ့ ဆုံးဖြတ်ဖြစ်တော့တာရယ်


ဒီအတွေးတွေဖြစ်ပြီး ဘဝင်မကျခဲ့သမျှ ဒီကားလေးကြည့်မိတော့မှပဲ နေသာထိုင်သာရှိသွားတယ်


ဇာတ်ကားအမည်လေးပြန်ပြောရရင်

ဒူးနေရာဒူးတော်နေရာတော် တဲ့


ဆင်းရဲသားလည်း ဆင်းရဲသားဒုက္ခ

သူဌေးလည်း သူဌေးဒုက္ခ


သူဌေးလည်း ဘဝပြဿနာအဖြာဖြာနဲ့

ဆင်းရဲသားလည်း ရုန်းကန်လှုပ်ရှား အခက်အခဲများစွာနဲ့ဆိုတာ မြင်အောင် ကိုယ်ချင်စာတတ်အောင် စာနာနားလည်နိုင်အောင် ပြသွားတာ သိပ်လှတယ်


ဖန်တီးသူတွေကိုလည်း မှတ်ထားပေးပါအုံး

ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ရဲ့ ဇာတ်လမ်းကို

ဆရာငြိမ်းမင်း က ဇာတ်ညွှန်းရေးပေးထားတာဗျ

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

Dono (2023) ဇာတ်ကားတွေးညွှန်း

တက်သုတ်ရိုက် လှန်လိုက်သင့်သောစာမျက်နှာများ တကယ်လို့ သတိရရင်တရက်ပဲငိုပေါ့ ။ Dono (2023) https://t.me/kolayinde1/310 ။ ။ ငယ်ချစ်ဟောင်းရဲ့ လက်ထ...