သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Friday, October 10, 2025

စစ်ကိုင်းငလျင်ကြီးကို တနေ့သုံးကြိမ်ရှိခိုးနေကြမယ့်သူတွေ (ငတိုလှိုင်ရဲ့အဆုံးသတ် / ၃၅)

 

စစ်ကိုင်းငလျင်ကြီးကို တနေ့သုံးကြိမ်ရှိခိုးနေကြမယ့်သူတွေ

(ငတိုလှိုင်ရဲ့အဆုံးသတ် / ၃၅)

သဘာဝဘေးဒါဏ်တွေက သိပ်ပြင်းထန်တာပဲ


နာဂစ်တုန်းက ကိုယ်ကရန်ကုန်သာကေတမှာ 

ခေါင်မိုးကြိုးတက်ထိုးပြီး ‌ထုတ်တန်းဆွဲထားရတာကိုး 

အမိုးတခုလုံးကျွတ်ပါသွားမှာစိုးလို့ 

လေအင်မတန်ထန်လာတော့ လွှတ်ပေးလိုက်ရတယ်


နောက်လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ရွာမှာနေတုန်း ငလျင်လှုပ်တာများ မြေကြီးကို ‌ရေလှိုင်းကြီးအလားမှတ်ရတယ် 


မြေကြီးက လှိုင်းလုံးကြီးလိုကို တွန့်ပြီး ခေါက်ပြီး မို့မောက်လိုက် ‌နိမ့်ဆင်းသွားလိုက်နဲ့မို့ လူများမတ်တပ်တောင်မရပ်နိုင်ဘဲ မြေကြီးမှာဝပ်ကပ်နေရတယ်


အဲ့တုန်းကတော့ ရွာရောက်နေလိုလားမသိဘူး ကြီးကြီးမားမားပျက်စီးကြတယ်တော့မကြားမိဘူး အခြေပြုရာက လူနေထူထပ်ရာနဲ့ ဝေးလို့လည်းဖြစ်နိုင်ကောင်းတယ်


ထားပါတော့


ဒီဘေးတွေက သဘာဝဘေးအန္တရာယ်လို့အမည်တပ်ကြပေမယ့် သဘာဝတရားကြီးက လူတွေကိုမုန်းလွန်းလို့ ဖျက်စီးချင်တဲ့သဘောမျိုး မဟုတ်ပါဘူးလို့ ဆရာဦးထွန်းလွင် (မိုးဇလ) ကဆိုဖူးတယ်


လူ့အလိုလောဘကနေ သဘာဝသယံဇာတကို အလွန်အမင်းထုတ်ယူလိုချင်းကနေစလို့ သဘာဝကို ထိမ်းသိမ်းရမှန်း စောင့်လျှောက်သင့်မှန်း မသိကြတဲ့ သိသော်လည်းမျက်ကွယ်ပြုခြင်းကြောင့်ပါတဲ့


ဒါကြောင့်သဘာဝကဒါဏ်ခတ်တယ်ဆိုတာထက် လူ့အလိုလောဘရဲ့ ဒါဏ်သင့်မှုလို့ အမည်ပေးတာက ပိုသင့်လျှော်လိမ့်မယ်ထင်တယ်


မိသားစုမှာ ဦးဆောင်သူအစီအမံလွဲရင် မိသားတစုလုံးသက်ရောက်နိုင်သလို နိုင်ငံ့အရေးအရာမှာလည်း ထိုနည်း၎င်းပေါ့


ခုတလော မအလက အရင်တခေတ်ကရပ်နားထားတဲ့ စီမံကိန်းတွေကို တရုတ်နဲ့လက်သိပ်ထိုးနေတာတွေ့ရတယ် 


ဒီရဲ့ဆိုးကျိုးက မအလရဲ့လုပ်ရပ်ကို ဆန့်ကျင်တော်လှန်သူတွေကိုသာ ကွက်ပြီးထိခိုက်စေမှာမဟုတ်တာတော့ ဒီစစ်ကိုင်းငလျင်ကြီးသက်သေတည်လို့ ထောက်ခံသူတွေကို ပြောပြချင်မိတယ်


ဒီငလျင်ကြီးက ဗဟိုချက်မ စစ်ကိုင်းထက် လူနေပိုထူထပ်တဲ့ တဖက်ကမ်းကမန္တလေးကို ပိုပြီးပြင်းပြင်းထန်ထန် ထိုးနှက်လိုက်ပုံပဲ


အတိတ်တွေ အနာဂါတ်တွေမှ 

အတုံးအရှုံးဘုံးဘုံးလဲကျသွားစေတာ 

ဝါးမြိုသွားတာ မြင်ရက်စရာမရှိ 😥


တဖက်မှာ ဒီလိုရက်စက်ပေမယ့် တဖက်မှာတော့ ငုတ်နေသူတွေကိုလည်း ဖော်ပေးခဲ့တယ် ပုန်းနေသူတွေကိုလည်းဘွားကနဲ့ပေါ်လာစေခဲ့တယ်


သူတို့အတွက် ကောင်းကျိုးဖြစ်စေခဲ့တယ်

ဘယ်သူတွေလဲဆိုတော့ celeလို့ဆိုရမလား ရေပေါ်ဆီအသိုင်းအဝိုင်းကိုပါ 


အရင်တုန်းကတော့ ပုန်းလျှိုးကွယ်လျှိုးလေးပဲ မအလရဲ့ ဝါဒဖြန့်ပွဲတွေမှာ ပူးပေါင်းအားဖြည့်နေရာက ဒီငလျင်ကြီးရဲ့ကျေးဇူးနဲ့ ပေါ်တင်ထွက်ခွင့်ရသွားတယ်


မြွေမြွေချင်း ခြေမြင်ဆိုသလို ပွပေါက်တိုးသွားသူတွေကိုကြည့်ပြီး မသာမျှော်တဲ့ ဖဲသမားလို နောက်တခါများကြုံလိုက်ရင်တော့ကွာဆိုပြီး ပလန်တွေကိုယ်စီနဲ့ အံတကြိတ်ကြိတ် မျှော်တလင့်လင့်လည်း ဖြစ်နေကြမယ်ထင်တယ်


‌ထားတော့ ခုလည်းမဆိုးလှဘူးပေါ့

ငလျင်ဒါဏ်သင့်သူတို့အတွက်ထောက်ပံ့ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မအလ ပြုလုပ်တဲ့ပွဲတွေမှာ တရားဝင် ပူးပေါင်းပေးနိုင်ခွင့်ရသွားတာပဲ


ပြည်သူတွေအတွက် လုပ်တာလေကွာဘာညာပေါ့


ကြည့်လေ အဲ့သည်ကစပြီး မအလပွဲတွေဆီ ငလျင်ကြီးပေါ်ဖြတ်လျှောက်လို လမ်းပေါက်သွာကြပြီး ခုဆိုရင် ငယ်ပေါင်းကြီးဖော်တွေအလား ဖက်လဲတကင်း 

အတူသွား 

အတူဝါး 

အတူကြီးပွားနိုင်သွားကြပြီ


မီဒီယာလက်နက်ဆွဲကိုင်လို့ 

လူထုကိုတော်လှန်ရေးကနေ အာရုံလွဲအောင် 

မစင်ထက်ကသကာစက်လေးကို မက်မောသွားအောင် 

မအလဖက်ကနေ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်လာကြပြီ


သူတို့အနေ့နဲ့ 

ဒီငလျင်ကြီးကို တနေ့သုံးကြိမ်ရည်မှန်းရှိခိုးသင့်တယ် 


ကျေးဇူးတော်အနန္တရှိတာကိုးဗျ

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

Dono (2023) ဇာတ်ကားတွေးညွှန်း

တက်သုတ်ရိုက် လှန်လိုက်သင့်သောစာမျက်နှာများ တကယ်လို့ သတိရရင်တရက်ပဲငိုပေါ့ ။ Dono (2023) https://t.me/kolayinde1/310 ။ ။ ငယ်ချစ်ဟောင်းရဲ့ လက်ထ...