သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Sunday, September 21, 2025

အာနိုးလှမိုး


ခါမှာသူ့ကို လှမိုး'လို့ပဲ ခေါ်တတ်တယ်


လူပုံကတောင့်တောင့်တင်းတင်း ထောင်ထောင်မောင်းမောင်းမို့ အာနိုး'ဆိုတဲ့ဝေါဟာရက ဝိသေသနသက်သက်တပ်ထားတာမို့လို့လား 

ရှည်လို့ပဲ တမင်ဖြတ်ခေါ်တာလား စဉ်းစားစရာ


လူပျိုကြီးအဖြစ်ထည့်ဆွဲခံရတဲ့ ပန်းချီစောတင်မောင်ရဲ့ ပြောပြချက်အရ ဆရာ့ဇာတ်ကောင်တွေဟာ မသေးမျှင်ကလွဲလို့ အပြင်မှာတကယ်ရှိသူတွေကို မှီငြမ်းလို့ ကျီစယ်ရေးဆွဲရင်းက ဇာတ်ကောင်အတည်ဖြစ်လာတယ်လို့ဆိုတယ်


ဒီမှာ အာနိုးလှမိုး'အဖြစ် ရေးဆွဲခံရသူက အပြင်ဘဝမှာ လူကောင်သေးညှက်တယ်တဲ့ ဒါကိုကျီစယ်တဲ့သဘောနဲ့ တောင့်တောင့်တင်းတင်း ထောင်ထောင်မောင်းမောင်း ရေးဆွဲထားတာလို့လည်း သူကပြောပြပါတယ်


ထားပါတော့


---------------


ဆရာဆွေမင်း (ဓနုဖြူ) က သူ့ရဲ့ဇာတ်လမ်းတွေမှာ 

အာနိုးကြီးကို သူကြီးလက်စွဲတယောက်အဖြစ် ပုံဖော်ထားတယ်


သူ့မိန်းမက ရွှေမဉ္ဇူ တဲ့ ကလေးနှစ်ယောက်လဲရှိပုံပဲ 

စက်လှေကျောက်စွယ်ပေါ်တင်လို့ ဒုက္ခရောက်ကြရတဲ့ သန္တာကျွန်းဆိုတဲ့စာအုပ်မှာ သုန်သုန် ၊ ဘုံဘုံ တို့ရေလို့ တငိုနေတာကိုး 


သူကသနားစရာလည်းကောင်းတယ် ယာမရှိမြေမရှိဆိုတော့ ဝမ်းရေးအတွက်ရာသီပေါ်အလုပ်‌လေးတွေလိုက်လုပ်လို့ ဖြေရှင်းရပုံပဲ


‌သွေးစုပ်သတ္တဝါဆန်းများဆိုတဲ့စာအုပ်မှာဆိုရင် လင်းနို့ချေးတွေကြုံးလို့ ရောင်းစားနေတာကိုး


ဒါကြောင့်ဝမ်းရေးအတွက်အဆင်ပြေအောင် ရွာ့လူကြီးတွေဖြစ်တဲ့ ဆရာတွတ်တို့ သူကြီးဘစီတို့နဲ့သင့်တင့်အောင်ပေါင်းလို့ လက်တိုလက်တောင်းခိုင်းသမျှလုပ်ပေးလာရင်းက


ဆရာတွတ်ရဲ့ထောက်ခံမှုနဲ့ ရွာရဲ့မီးသတ်ခေါင်းဆောင်ဖြစ်လာတယ်လို့ မုဆိုးနှလုံးသားဆိုတဲ့စာအုပ်မှာဆိုထားတယ်


သူ့ရဲ့အရည်အချင်းကိုဖော်ပြထားတာက အာနိုးလှမိုးရဲ့စေတနာ'ဆိုတဲ့ အပိုင်းတို‌လေးမှာပါ


ကြုံတိုင်းရွာအကြီးအကျယ်မီးလောင်တော့ ငွေရှင်တို့ရဲ့ တစိုးလက်ဆောင်ကို ပြတ်ပြတ်သားသားငြင်းပယ်လို့ တရွာလုံးပြာကျရမယ့်အရေးကနေ ကယ်‌တင်ပေးလိုက်နိုင်တာပဲ


နောက်ပိုင်းမှာ သူကြီးဘစီ'က ရပ်ရေးရွာရေးလုပ်ငန်းကိစ္စအချို့မှာ မျက်နှာလွှဲအပ်ထားပုံလည်းရတယ် 


ပထ‌မတော့လူကြီးကျေနပ်အောင်ရယ်လို့ သဘောကျအောင်ရယ်လို့ စွမ်းစွမ်းတမံလုပ်ပေးရင်းက ပိုပိုသာသာလေးပြုမှုခဲ့ရင်းက အာတွေ့လာရင်း အာဏာကိုအစိုးပိုင်သလိုယစ်မူးလို့


ရွာသူရွာသားတို့အပေါ် တခါတခါပါဝါပြချင်လာတယ်


-----------------


ဒါကိုက မြန်မာ့လူမှုစရိုက် 

လူ့သဘောကိုပေါ်လွင်သွားစေတာလို့ယူဆရမှာပဲ


ဘယ်လိုလဲဆိုတော့ အမှန်တကယ် အရေးပါအရာရောက်သူထက် ကပ်ပါးတို့ကြီးစိုးခြင်းကို သူ့ဇာတ်ကောင်ကကိုယ်စားပြုတယ်ဆိုနိုင်တာမို့ပါ


ရုံးဌာနတွေမှာ ဆေးရုံတွေမှာ

အဝင်ဝမှာပဲတထိတ်ထိတ်ဖြစ်ရတာမျိုးပေါ့


ထိုလူမျိုးတွေရဲ့မျှော်လင့်ချက်က ကိုယ့်အရည်အချင်းထက် ပိုလွန်တဲ့အခွင့်အရေးကို မျှော်ကိုးလို့ သို့တည်းမဟုတ် ကိုယ့်နေရာလေးတည်မြဲဖို့ သို့မဟုတ် လုပ်ငန်းခွင်မှာ သက်သာစွာနေနိုင်ဖို့ပါ


တချို့ကတော့ ဒီအခွင့်အရေးတွေမျှော်ကိုးလို့မဟုတ်ဘဲ ရင်းနှီးတယ်ဆိုတာကို ဂုဏ်ဒြပ်တခုအဖြစ်သဘောကျလို့ပါ


သူတို့က အထက်လူရဲ့အခြေကိုကြည့်လို့ ဖြည့်စည်းပေးနိုင်ဖို့ အမြဲအရိပ်တကြည့်ကြည့်ရှိနေတတ်တာကြောင့် ကိုယ်အမှန်တကယ်ပြုရမယ့်တာဝန်တွေမှာ လစ်ဟင်းမှုဖြစ်လာတယ် 


ဒီလိုသူ့ရဲ့ချို့ယွင်းမှုတွေကို ကိုယ်စားဖြည့်စွက်လုပ်ဆောင်ရခြင်းကြောင့် ဒီကောင်ကတော့ ကက်ဖားယပ်ဖားရယ်လို့မြင်လာပြီး တာဝန်တူလုပ်ဆောင်နေသူတွေရဲ့ ငြိုငြင်မှုကိုခံလာရတယ်


-----------------


အမှန်တော့သူရဲ့ပင်ပန်းမှု ဆုံးရှုံးမှု နစ်နာမှုကို အခြားလူတို့တွေးမကြည့်လို့ပါ သိပ်သနားစရာကောင်းတယ်


သူတို့ကပိုပြီးပင်ပန်းပါတယ် 

ဘာ့ကြောင့်လဲဆိုတော့ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်တောင် အမြဲထပ်တူမကျနိုင်တဲ့ လူဆိုတဲ့သတ္တဝါမှာ တပါးသူရဲ့စိတ်အခြေအနေကိုမှန်းဆလို့ ဖြည့်စည်းပေးနိုင်ဖို့ကြိုးစားရနေတာ စဉ်းစားကြည့်ပေါ့


-----------------


ပြီးတော့ကိုယ်ရဲ့တာဝန်မကျေမှုကို အထက်လူမသိအောင်ပြုရ သိအောင်ပြမယ့်သူတွေကို ချော့ရမြှောက်ရ ခြိမ်းရခြောက်ရ ဖိရနင်းရ


ဒီလိုလုပ်နေရင်းမှ ဖုံးမရဖိမရအထက်လူ သိသွားပြန်ရင်လည်း အပြစ်မဆိုအောင် အမျက်မသိုအောင် အရင်ထက်ပိုလို့ ရိုကျိုးပြရ အလိုက်တသိဖြည့်ဆည်းပြရ


-----------------


ကိုယ့်ဝန်တာသတ်မှာထားတဲ့ကိစ္စကို ကျေကျေပြွန်ပြွန်ဆောင်ရွက်ပြီးသူတို့မှာ အလုပ်ကိစ္စပြီးချိန်မှာ စိတ်ကောကိုယ်ပါအနားယူနိုင်တယ် 


ရဲရင့်စွာနားနေနိုင်တယ် 


ဘာ့ကြောင့်လဲဆိုတော့ မင်းဘာကြောင့်နားနေလဲလို့မေးရင် အလုပ်ပြီးလို့နားတယ်ရယ်လို့ ပြတ်သားစွာ အဖြေပေးနိုင်လို့ပဲ 


ပြီးတော့ လုပ်ဖော်ကိုင်ဖက်တို့ရဲ့လေးစားမှုနဲ့အတူ အမှန်တကယ်လုပ်ခဲ့ရတာမို့ တာဝန်ယူရတဲ့အပိုင်းမှာ ကျွမ်းကျင်မှုရှိလာတဲ့ အကျိုးကိုခံစားရပေမယ့်


-----------------


သူ့မှာတော့ ဒီအကျိုးတွေနဲ့ဆန့်ကျင်တဲ့အရာတွေပဲရတယ်


အဆိုးဆုံးက ကိုယ်တာဝန်ယူရတဲ့အပိုင်း ကိုယ့်ရဲ့မူလသက်မွေးအလုပ်လို့ဆိုရမယ့်ကဏ္ဍမှာ အမှန်တကယ်မလုပ်ဆောင်ခဲ့တော့ အပြစ်မပေါ်လွင်အောင် လုပ်ဟန်ဆောင်ရတယ် 


ဒီတော့ပေါ့ပေါ့ပါးပါးမရှိဘူး 

အထက်လူရှိချိန်မှာ ဟန်ဆောင်ရလို့ပင်ပန်းတယ် 


မရှိချိန်မှာ လုပ်ဖော်ကိုင်ဖက်တို့ရဲ့ မကြားတကြားစောင်းမြောင်းပြောဆိုမှုတွေကြောင့် မကြည်မသာဖြစ်ရတယ် 


ဟန်ဆောင်ဖော်ရွေပြနေရတော့ ခိုးလိုးခုလုဖြစ်ရတယ် 

ကိုယ်ပြောခဲ့တာတွေအတွက်လည်း လိပ်ပြာမလုံဖြစ်ရတယ်


လူကြားသူကြားအော်ငေါက်ရင်လည်း ကိုယ့်ဘက်ကချို့ယွင်းချက်ရှိတော့ ခွန်းတုံ့မပြန်နိုင်ဘူး မချေပနိုင်ဘူး ပြန်ထောက်လိုက်မှာလည်းကြောက်တယ်


အချိန်တိုင်းစိတ်မလုံမခြုံဖြစ်ရတယ်ပေါ့

-----------------


ဒါတွေထက်ပိုဆိုးတာက 

အရည်အချင်းဆိုင်ရာမှာ တိုးတက်မှုမရှိတော့ဘူး


ဒီထက်ပိုလို့ စောင်းနဲ့ပြတ်သွားတဲ့ အတီးသမားလို လက်ပျက်သွားရင် အရည်အသွေးတို့ဆုတ်ယုတ်သွားရင် 


နောက်နေရာဌာနကို ပြောင်းရွေ့လုပ်ကိုင်သည်ဆိုပါစို့

ဒီမှာရတဲ့အခွင့်အရေးမျိုး ရာထူးမျိုးရဖို့မဖြစ်နိုင်တော့ဘူး


ဒီတော့ ဒီနေရာမြဲနေဖို့အထက်ပါနည်းတွေကို ပိုပိုပြီးလုပ်မိလာရာက အရည်အချင်းပိုင်းဆိုင်ရာ တိုးတက်မှုမရှိတော့ဘဲ

သူ့ဘဝက ရပ်တန့်သွားတယ် ဆုတ်ယုတ်သွားတယ်


-----------------


ဒါကြောင့် 

သူတို့တွေကို ပြုနည်းမှား‌လို့ လုပ်ဆောင်သလောက် 

အကျိုးပြန်မရတဲ့ သနားစရာသတ္တဝါတွေဖြစ်တယ်လို့ဆိုချင်တာပါ

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

အာနိုးလှမိုး

ခါမှာသူ့ကို လှမိုး'လို့ပဲ ခေါ်တတ်တယ် လူပုံကတောင့်တောင့်တင်းတင်း ထောင်ထောင်မောင်းမောင်းမို့ အာနိုး'ဆိုတဲ့ဝေါဟာရက ဝိသေသနသက်သက်တပ်ထားတာ...